Popular Posts

Tuesday, April 27, 2010

စစ်ဗိုလ်ချုပ်အချို့ ယူနီဖောင်းချွတ်မှု ပြည်သူများ စိတ်မ၀င်စား

စစ်ဗိုလ်ချုပ်အချို့ ယူနီဖောင်းချွတ်မှု ပြည်သူများ စိတ်မ၀င်စား
၂၇ ဧပြီ ၂ဝ၁ဝ
line

 
မြန်မာ နအဖစစ်အစိုးရ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့် ၀န်ကြီး (၂၂) ဦးတို့သည် ယမန်နေ့ညနေပိုင်းတွင် ၎င်းတို့၏ စစ်ရာထူးများမှ အနားယူလိုက်ကြောင်း သိရသည်။
ယခုကဲ့သို့ စစ်ရာထူးများမှ အနားယူလိုက်ခြင်းသည် ယခုနှစ်အတွင်း ကျင်းပရန်ရှိသည့် ရွေးကောက်ပွဲမတိုင်ခင် အရပ်ဝတ် ခေါင်းဆောင်မှုပိုင်းသို့ ပြောင်းလဲလိုက်သည့် ခြေလှမ်းတရပ်ဖြစ်ကြောင်း အမည်မဖော်လိုသည့် အစိုးရအရာရှိတဦးကို ကိုးကားပြီး အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။
ယခုလောလောဆယ် ၀န်ကြီးနှင့်ဒု-၀န်ကြီး (၂၃) ဦးခန့် စစ်တပ်မှ စစ်ယူနီဖောင်းချွတ်ကာ သာမန်အရပ်သားအဖြစ် ကူးပြောင်းလိုက်ကြသော်လည်း ၎င်းတို့၏ အလုပ်တာဝန်များမှာမူ မူလရာထူးများအတိုင်း ဆက်လက်ရှိမည်ဖြစ်ကြောင်း၊ နောက်ထပ် အရပ်ဘက်သို့ ကူးပြောင်းမည့်သူများ ရှိသေးကြောင်း သတင်းတွင် ဖော်ပြသည်။
စစ်တပ်မှ အနားယူကြသူများထဲတွင် ဗိုလ်ချုပ်ဌေးဦးနှင့် ဗိုလ်မှူးချုပ်ဘုန်းဆွေတို့လည်း ပါဝင်ကြောင်း၊ ယခုအသုတ်သည် ပထမဆုံးအသုတ်ဖြစ်ပြီး နောက်ထပ် စစ်ဘက်မှ အရပ်ဘက်ပြောင်းသူများ ဆက်လက် ထွက်ပေါ်လာဦးမည်ဖြစ်ကြောင်း အဆိုပါ အစိုးရအရာရှိက ပြောကြားသည်။ စစ်အစိုးရကမူ တရားဝင်ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။
ယင်းသို့ စစ်ဗိုလ်ချုပ်များ စစ်ဘက်ရာထူးမှနုတ်ထွက်ကာ အရပ်ဘက်သို့ ကူးပြောင်းသည့်သတင်းကို ပြည်သူများက စိတ်မ၀င်စားကြကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။
ဗဟန်းမြို့နယ်တွင် နေထိုင်သူ စီးပွားရေးသမားတဦးက “သူတို့ဟာ သူတို့ အရပ်ဝတ်ပဲ ပြောင်းပြောင်း၊ ဘုန်းကြီးဝတ်ပဲ ပြောင်းပြောင်း ကျနော်တို့ အလုပ်မဟုတ်ဘူး။ စားဝတ်နေရေး ဘယ်လို အဆင်ပြေမလဲဆိုတာကို တွေးနေရတော့ ဘယ်သူက ဘာပြောင်းပြောင်း ကျနော်တို့ စိတ်မ၀င်စားနိုင်ဘူး” ဟု ပြောသည်။
ယခု အရပ်ဝတ်လဲသူများအနက် ရန်ကုန်မြို့တော်ဝန်လည်းပါဝင်ကြောင်း သတင်းထွက်နေသည့်အတွက် ရန်ကုန်စည်ပင် အငြိမ်းစားအရာထမ်းတဦးက “မြို့တော်ဝန်က အရပ်ဘက်ပြောင်းနေတာ အရင်ကပဲ ပြောင်းနေတာပဲ။ သူလုပ်နေတဲ့ အလုပ်တွေက မြို့တော်စည်ပင်ဆိုတာထက် ကြံ့ဖွံ့ကိုပဲ လုပ်နေတာ။ လွန်ခဲ့တဲ့ (၃) နှစ်လောက်ကပဲ လူတိုင်း သတိပြုမိပြီးသား။ ကျနော်တို့အနေနဲ့ သူ အရပ်ဘက်ပြောင်းတာကို ဘယ်လိုမှ မခံစားရဘူး၊ မြို့တော်ဝန်နေရာကို ဘယ်သူ လာမလဲလည်း စိတ် မ၀င်စားဘူး။ ဘယ်သူ လာလာ စားဖားပဲ လာမှာပဲ” ဟု ပြောသည်။
ယခုနှစ်နှောင်းပိုင်း၌ ကျင်းပရန်ရှိသည့် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်နိုင်ခြင်းမရှိစေရန် ဥပဒေများ ထုတ်ပြန်ကန့်သတ်ထားသဖြင့် နိုင်ငံတကာအသိုင်းအ၀ိုင်းက စစ်အစိုးရကျင်းပမည့် ရွေးကောက်ပွဲကို ပြစ်တင်ဝေဖန်နေကြသည်။
အန်အယ်လ်ဒီပါတီအနေဖြင့် ရွေးကောက်ပွဲဝင်ရန် မှတ်ပုံတင်မည်ဆိုပါက ဒေါ်အောင်ဆန်းစုကြည်ကို ပါတီမှ ထုတ်ပစ်ရမည်ဟု ရွေးကောက်ပွဲဥပဒေများအရ ပြဋ္ဌာန်းထားသဖြင့် အန်အယ်လ်ဒီက ပါတီအဖြစ် ဆက်လက်မှတ်ပုံမတင်တော့ဘဲ ရွေးကောက်ပွဲ မ၀င်ရန် ဆုံးဖြတ်ခဲ့သည်။

ဗုံး ဒဏ်ရာရ စစ်ဒေသမှူး စင်္ကာပူတွင် ဆေးကု


ဗုံး ဒဏ်ရာရ စစ်ဒေသမှူး စင်္ကာပူတွင် ဆေးကု


ရန်ကုန်မြို့ ကန်တော်ကြီးရှိ X2Oမဏ္ဍပ် ဗုံးပေါက်ကွဲမှုတွင် ဒဏ်ရာရရှိခဲ့သည့် အမှတ် ၄ စစ်ဒေသမှူး ဗိုလ်မှူးကြီး အုန်းချိုသည်   စင်္ကာပူနိုင်ငံ သို့ သွားရောက်ဆေးကုသ နေရကြောင်းသိရသည်။

ဗုံးဆန်များမှာ အသည်းတွင်စိုက်မှန်ခဲ့ခြင်း ဖြစ်ပြီး မင်္ဂလာဒုံစစ်ဆေးရုံတွင် ကုသ၍ မဖြစ်နိုင်သည့်အတွက် ယမန်နေ့က စကာင်္ပူသို့ သွားရောက်ရခြင်းဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူတဦးက ဧရာဝတီသို့ပြောသည်။


“ယမ်း အဆိပ်တက်ပြီး ဂယောင်ချောက်ချားပြောလိုက်၊အဖျားတက်လိုက် ဖြစ်နေတာ၊ မသက်သာဘူး” ဟု ၎င်းကပြောသည်။

အဆိုပါ ဗုံးဆန်သည် သွေးကြောမကြီးနှင့် အလွန် နီးကပ်နေပြီး ခွဲစိတ်လျှင်ပင် ခွဲစိတ်ကိရိယာများနှင့် ထိမည်ကိုစိုးရိမ် ရကြောင်း အဆိုပါနီးစပ်သူကဆိုသည်။ 

ဗိုလ်မှူးကြီး အုန်းချိုသည် အသက် ၄၆ နှစ်ခန့်ရှိပြီး စစ်တက္ကသိုလ် အပတ်စဉ် ၂၆ ကျောင်းဆင်း ဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် စနေနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် အဆိုပါဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူ စုစုပေါင်း ၁၀ဦး ရှိသွားပြီဖြစ် ကြောင်း၊ ဒဏ်ရာရရှိ သူ ၆၀ ကို ဆက်လက် ကုသနေကြောင်း ရေးသားထားသည်။

ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ စစ်အစိုးရက ပြည်ပအခြေစိုက် နိုင်ငံရေးအတိုက်အခံ အဖွဲ့အစည်းများကို စွပ်စွဲထားပြီး၊ ဗုံးဖောက်ခွဲ သူကို ဖမ်းဆီးရမိရန် သတင်းပေးနိုင်ပါက ဆုငွေကျပ် (၁၀) သိန်းပေးမည်ဟု မြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေး ရုံးများတွင် စာများ ကပ်ထားကြောင်း သိရသည်။

စစ်အစိုးရသည် မြန်မာပြည်အတွင်း၌ ဗုံးပေါက်ကွဲမှု နှင့် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည့် အချိန်တိုင်း နယ်စပ် အခြေစိုက် လက်နက် ကိုင်တပ်ဖွဲ့များ၏ လက်ချက်ဖြစ်ကြောင်း စွပ်စွဲလေ့ရှိသကဲ့သို့ ယင်းအဖွဲ့အစည်းများ ကလည်း ငြင်းဆိုလေ့ရှိကြသည်။

ရန်ကုန်မြို့ ဗုံးပေါက်ကွဲမှုမတိုင်မီ သင်္ကြန်အကျနေ့ကလည်း ရှမ်းပြည်မြောက်ပိုင်း မူဆယ်(၁၀၅)မိုင် အေးရှားဝေါလ်ဂိတ်နှင့် ကရင် ပြည်နယ် ကော့ကရိတ်မြို့ အမှတ် (၃) စစ်ဆေးရေးဂိတ် အနီးတွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီးနောက် နှစ်ဆန်း ၁ ရက်နေ့တွင် ကချင်ပြည်နယ် မြစ်ဆုံရေကာတာစီမံကိန်းတွင်လည်း ဗုံးများ ဆက်တိုက်ပေါက်ကွဲခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၉ ပါးသီလ စောင့်ထိန်း


ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၉ ပါးသီလ စောင့်ထိန်း


ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်ဇနီး ဒေါ်ကြိုင်ကြိုင်တို့ ၉ ပါးသီလကိုခံယူ ဆောက်တည်ခြင်းသည် အဓိကအားဖြင့် ယတြာ ချေခြင်း ဖြစ်ကြောင်း  သံဃာတော်များက ဆိုသည်။

နေပြည်တော် ဥပ္ပါတသန္တိ စေတီတော် အတွင်းရှိ သာသနာ့ မဟာ ဗိမာန်တော်၌ ယမန်နေ့က ကျင်းပသည့်  ဆရာတော်ကြီးများနှင့် ဘွဲခံ ဆရာတော်များကို ဆွမ်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားတွင် ယင်းသို့ ဆောက်တည်ခြင်းဖြစ်ကြောင်း အစိုးရပိုင် သတင်းစာ များတွင် ယနေ့ ရေးသားထားသည်။

thanshwe_prayer
ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဇနီး ဒေါ်ကြိုင်ကြိုင် နေပြည်တော် ဥပ္ပါတသန္တိ စေတီတော် အတွင်းရှိ သာသနာ့ မဟာ ဗိမာန် တော်၌ ယမန်နေ့က ဆရာတော် သံဃာတော်ကြီးများကို လှူဖွယ် ၀တ္ထုပစ္စည်းများ ဆက်ကပ်နေစဉ် (ဓာတ်ပုံ - မြန်မာ့အလင်း)
၉ ပါး သီလတွင် မေတ္တာပွားများမူ ကျင့်သုံးခြင်း ဟူသော အချက်တခုသာ ၈ ပါး သီလထက်ပိုကြောင်း၊ ၉ ပါးသီလကို ရဟန်း သံဃာ သီလရှင်မှလွဲ၍ အားလုံးစောင့်ထိန်းနိုင်ကြောင်း၊ တရားရိပ်သာများ၌ ရက်ရှည် တရားအားထုတ်သော ယောဂီများက အဓိကထား ကျင့်သုံး စောင့်ထိန်းကြကြောင်း ရန်ကုန်မြို့ရှိ ဓမ္မာစရိယ သံဃာတော် တပါးက ရှင်းပြသည်။

မလေးရှား သံဃာ့ ဥသျှောင်အဖွဲ့ အတွင်းရေးမှူး ဦးဥဇ္ဇောတက“သူတို့လုပ်ချင်တဲ့ အဓိပ္ပာယ်ကဘာလဲ ဆိုတော့ ၉ ဂဏန်းကို အဓိကယူထားတယ်၊ တကမ်းတမ်း သတ္တ၀ါတွေ အပေါ်မှာ မေတ္တာထားစေချင်လို့ လုပ်တာ မဟုတ်ဘူး၊ အဲဒီရည်ရွယ်ချက်နဲ့ ဆောက်တည်တာမဟုတ်ဘူး၊ ဗေဒင်ဆရာက ၉ ပါးသီလဆောက်တည်ရမယ် ပြောလိုက်တာကို လိုက်လုပ်တာဖြစ်မှာပါ” ဟု ဆိုသည်။


ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မိသားစုသည် နက္ခတ်ဗေဒင်လက္ခဏာ ယုံကြည်မှုလွန်ကဲရုံမက မိသားစု ဆွေမျိုးများအကြား ထီးသုံး၊ နန်းသုံးစကားများကို ပြောဆို ခေါ်ဝေါ်သုံးစွဲကြသည်ဆိုသော သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။


သုတေသန သရုပ်ပြ အဘိဓာန်တွင် ၉ ပါးသီလကို စကြာမင်းနှင့် မိဖုရားကြီးများ သားတော် သမီးတော် ဆွေးတော်မျိုးတော် တိုင်းသူ ပြည်သား တို့က စောင့်ထိန်းသော သီလဖြစ်ကြောင်းရေးသားထားသည်။


ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအ၀င် ထိပ်တန်းစစ်ခေါင်းဆောင် ၅ ဦး အသုံးပြုသည့် သီးသန့် လေယာဉ် ၂ စီးကိုလည်း ဗေဒင်အလိုအရ  “ဆင်ဖြူတော်” ဟု  ခေါ်ဝေါ်နေရကြောင်း သိရသည်။


သံဃာ့ တပ်ပေါင်းစု နိုင်ငံခြားရေးရာ တာဝန်ခံ အရှင် ဣစရိယက“ဦးသန်းရွှေနဲ့ ဒေါ်ကြိုင်ကြိုင်တို့က ပတ္တနိက္ကုဇ္ဇန ကံထိုက် ထား တယ်၊ သံဃာတော်တွေကို ပြန်လည်ပြီးတော့ တောင်းပန်ခဲ့တာ မရှိတဲ့ အတွက် သာသနာတော်ကနေ ဒဏ်ခတ်ပြီးတော့ ကြဉ် ထားတဲ့ အတွက်ကြောင့် အခုလိုမျိုး သံဃာတော်တွေဆီမှာ သီလခံယူတာ ဆောက်တည်လုပ်လို့မရဘူး၊  အဲသလိုလုပ်ခဲ့ရင် သူတို့ ပိုပြီးတော့ အပြစ်ကြီးသွားတယ်”ဟု ပြောသည်။


ပတ္တနိက္ကုဇ္ဇန ကံထိုက် ထားသည့်အတွက် သံဃာတော်များကို ပြန်လည် တောင်းပန်၍ သံဃာတော်များက ကျေအေးပြီးမှ သာလျှင် သီလ ပြန်လည်ဆောက်တည်၍ ရကြောင်း၊  ယင်းသို့မဟုတ်ဘဲ အမိန့် အာဏာဖြင့် လုပ်ချင်ရာ လုပ်ပါက သာသနာကို စော်ကားရာ ရောက်သည့်အတွက် ပိုမိုကြီးလေးသည့် အပြစ်ဒဏ်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။


ပြည်ပရောက် သံဃာတော်တပါးက“သူတို့က အယောင်ဆောင်တွေပါ၊ ပါးစပ်က ဘုရားဘုရား လက်က ကားရားကားရား ဆိုတဲ့ စကားပုံ အတိုင်းလေ၊ တကယ့် တကယ်ကျတော့ ဘာမှ မဟုတ်ဘူး၊ ဘုန်းကြီးတွေကို သတ်ဖို့ပဲသိတယ်”ဟု ဆိုသည်။


ဧပြီလ ၁၇ ရက်နေ့တွင် ဆရာတော် သံဃာတော်များသည် ရဟတ်ယာဉ်ဖြင့် နေပြည်တော်ဝန်းကျင် လည့်လည်၍ ပရိတ် တရားတော်များ ရွတ်ပွား သရာဇ္ဈာယ်တော်မူကြပြီး သာသနာရေး ၀န်ကြီး ဌာန ဒုတိယ ၀န်ကြီး ဗိုလ်မှူးချုပ်အောင်ကိုနှင့် တာဝန်ရှိသူများက ရဟတ်ယာဉ်ပေါ်မှ ပရိတ်ရေများဖြင့် ဖျန်းပက်ပေးကြကာ မေတ္တာ ပို့သခဲ့ကြောင်း သိရသည်။


စစ်အစိုးရအနေဖြင့် သတင်းစာများတွင် ဘာသာရေး ဆိုင်ရာနှင့် ပတ်သက်၍ အလေးအနက်ထား ဆောင်ရွက်နေကြောင်း ဖော်ပြ နေသော်လည်း သံဃာတော်များ ဦးဆောင်ခဲ့သည့် ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ လှုပ်ရှားမှုကို အကြမ်းဖက်ဖြိုခွင်းခဲ့သည်။


မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင်အသီးသီးတွင် သံဃာတော် ၂၅၃ ပါးခန့် ထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။