Popular Posts

Thursday, October 8, 2009

မျိုးဆက်သစ်လူငယ်တို့၏ ဒေါ်စုအတွက် ဂုဏ်ပြုတေး လူငယ်များအကြား ထိရောက်မှုရှိ

မျိုးဆက်သစ်လူငယ်တို့၏ ဒေါ်စုအတွက် ဂုဏ်ပြုတေး
လူငယ်များအကြား ထိရောက်မှုရှိ

ဝီရ / ၈ အောက်တိုဘာ ၂၀၀၉

line

မျိုးဆက်သစ်လူငယ်များအစည်းအရုံး (GW) က ဖြန့်ချိလိုက်သည့် ဟစ်ပ်ဟော့ပ်သီချင်း အယ်လ်ဘမ်တွင် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုစပ်ဆိုထားသည့် ‘အမေ ၆၄’ ဟူသည့် သီချင်းမှာ ပြည်တွင်းလူငယ်များ အကြား ရေပန်းစားနေပြီး ထိုအယ်လ်ဘမ်သည် အတိုင်းအတာတခုအထိ ထိရောက်မှုရှိကြောင်း အဖွဲ့ဝင်များနှင့် လူငယ်များက ပြောသည်။

မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်ဖြစ်ပျက်နေသည့် လတ်တလောအခြေအနေများကို လူငယ်အမြင်မှ ဖွဲ့သီစပ်ဆိုထားသော ထိုအယ်လ်ဘမ်ကို လူငယ်တို့၏ နိုင်ငံရေးစိတ်ဓာတ် နိုးကြားတက်ကြွလာအောင် ပထမဦးဆုံး ထုတ်ဝေလိုက်ခြင်းဖြစ်ကြောင်း GW အဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ် မင်းရန်နိုင်က ပြောကြားသည်။

ပြည်တွင်းဖြန့်ချိမှုနှင့် ပတ်သက်၍ ၎င်းက “လူငယ်တွေကို ဦးတည်ဖြန့်ပါတယ်။ ပြည်တွင်းက အားပေးတဲ့အသံတွေ၊ ဂုဏ်ယူတဲ့ အသံတွေ ကျနော်တို့ပြန်ကြားရတယ်။ နည်းမျိုးစုံနဲ့ဖြန့်တာ၊ ကိုယ့်အချင်းချင်း လက်ဆင့်ကမ်းပြီး ဖြန့်တယ်။ တက္ကသိုလ်ကျောင်းတွေမှာ၊ လက်ဖက်ရည်ဆိုင်တွေမှာ ချထားပေးတယ်။ ဘတ်စ်ကားပေါ်မှာ ချထားတယ်။ အိမ်ဆွဲခေါင်းလောင်းမှာ ချိတ်ထားပေးတယ်။ တနိုင်ငံလုံး အတိုင်းအတာအထိ ဖြန့်နိုင်အောင်လည်း ကျနော်တို့ စီစဉ်ထားပါတယ်” ဟု ပြောသည်။

မျိုးဆက်သစ်လူငယ်များအစည်းအရုံးသည် လှုံ့ဆော်စာများ ဖြန့်ဝေခြင်း၊ စစ်အစိုးရဆန့်ကျင်ရေး ဆေးဖြန်းခြင်း စသည့် စစ်အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုတို့ကြောင့် အနုပညာရပ်ဝန်းမှ နာမည်ကြီး ဟစ်ပ်ဟော့ပ်အဆိုတော် ဇေယျာသော် အပါအဝင် အဖွဲ့ဝင် (၃၀) ဦးခန့် စစ်အစိုးရ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံနေရသည့် မြေအောက်တော်လှန်ရေးအဖွဲ့အစည်းတရပ်ဖြစ်သည်။

“မျိုးဆက်လှိုင်း” ဟု အမည်ရသည့် ယခု အယ်လ်ဘမ်ကို ရွှေဝါရောင်တော်လှန်ရေး (၂) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဖြန့်ချိလိုက်ခြင်းဖြစ်ပြီး ၂၀၀၇ ခု စက်တင်ဘာအရေးအခင်းအတွက် ဆိုထားသည့် ‘နိုးထကြလော့’၊ ၂၀၁၀ ရွေးကောက်ပွဲကို သရော်ထားသည့် ‘တစ်ဆယ်’၊ ‘အမေ ၆၄’၊ ‘အခြေအနေများ’၊ ‘မာရ်နတ်အိမ်’၊ ‘တိုက်’ နှင့် တော်လှန်ရေးသားသမီးတို့အတွက် ရည်ရွယ်သည့် ‘ခွင့်ပြုတော့ မေမေ’ အစရှိသည့် သီချင်း (၇) ပုဒ် ပါဝင်သည်။

ပြည်တွင်းမှ နိုင်ငံရေးလှုပ်ရှားတတ်ကြွသူ လူငယ်တဦးက “ဒီသီချင်း (၇) ပုဒ်ထဲမှာ ‘အမေ ၆၄’ သီချင်းက လူငယ်တွေ တော်တော်သိကြတယ်။ သီချင်းက ဟစ်ပ်ဟော့ပ် အေးအေးလေးတပုဒ်လည်းဖြစ်တော့ မိန်းကလေးတွေပါ အီမေးလ်တွေက တဆင့်၊ နီးစပ်သူတွေဆီကတဆင့် တောင်းပြီး နားထောင်ကြတယ်။ ဒီလိုသီချင်းတွေ များများထုတ်စေချင်တယ်။ ခိုးပြီး နားထောင်ရတော့ ပိုအရသာရှိတာပေါ့” ဟု ပြောသည်။

‘အမေ ၆၄’ သီချင်းတွင် “အမြဲတမ်း အပြုံးမပျက် ဦးဆောင်သူ၊ အားလုံးအရေးအတွက် ဘဝကို မမှု၊ ပန်းတိုင်အရောက်သွားဖို့ ရှေ့သို့ အားမလျှော့ဘူး။ အမေ..... အာဏာရှင်တွေ လက်ထဲမှာ ရင်နင့်စွာ နေ့ပေါင်းများစွာ မှေးစက်လို့ ....၊ ဂုဏ်ယူမယ့်နေ့ ဒီမိုကရေစီတိုက်ပွဲမှာ ဒို့သမိုင်းမှာ ကျနော့်သီချင်းများဟာ အမေအတွက်မို့.......” စသည့် စာသားများဖြင့် ဖွဲ့ဆိုထားသည်။

ဟစ်ပ်ဟော့ပ် အဆိုတော်များ၏ တဖွဲ့နှင့်တဖွဲ့ ရန်စောင်တိုက်ခိုက်သည့် သီချင်းများကို ပြည်တွင်းလူငယ်တို့က စိတ်ဝင်စားမှု လျော့ကျနေချိန်တွင် ယခုကဲ့သို့ တစုံတရာအတွက် အဓိပ္ပာယ်ရှိစေသည့် သီချင်းအယ်လ်ဘမ်မျိုး အများအပြား လိုအပ်နေကြောင်း ပြည်တွင်းမှ အဆိုပါလူငယ်က ပြောသည်။

မျိုးဆက်လှိုင်းသီချင်းများကို GW အဖွဲ့၏ http://www.generation-wave.co.cc/

နာဂစ်မုန်တိုင်းတွင် အသက်ဆုံးရှုံးခဲ့ရသူများအတွက် အောက်မေ့ဖွယ် အထိမ်းအမှတ်အဖြစ် “ကမ္ဘာမကြေဘူး” နှင့် “နာဂစ်အတွက်” ဟူသည့် သီချင်း (၂) ပုဒ်ကို ၂၀၀၈ ခုနှစ်တွင် GW အဖွဲ့က သီဆိုထုတ်ဝေခဲ့ဖူးသည်။

GW အဖွဲ့ကို မြန်မာနိုင်ငံ၏ ပထမဆုံး ဟစ်ပ်ဟော့ပ်အဖွဲ့ဖြစ်သည့် ACID အဖွဲ့မှ ဇေယျာသော်က ရွှေဝါရောင်တော်လှန်းရေး နောက်ပိုင်း ဖွဲ့စည်းခဲ့ပြီး GW ၏ သီချင်းများကို GW အဖွဲ့ဝင်တို့က ရေးသားသီဆိုထားကြသည်။
အင်တာနက်စာမျက်နှာတွင် အခမဲ့ ရယူနိုင်သည်။

တောင်ကိုရီးယားအစိုးရက မြန်မာ့ဒီမိုကရေစီလှုပ်ရှားသူ မြန်မာနိုင်ငံသား(၁၂)ဦးအားနိုင်ငံရေးခိုလှုံခွင့်ပေး

တောင်ကိုရီးယားအစိုးရက မြန်မာ့ဒီမိုကရေစီလှုပ်ရှားသူ မြန်မာနိုင်ငံသား(၁၂)ဦးအားနိုင်ငံရေးခိုလှုံခွင့်ပေး

2009/10/08
Thu day
တောင်ကိုရီးယားနိုင်ငံအစိုးရ တရားရေးဌာနမှနေ၍ ယနေ့ ဒေသ
စံတော်ချိန်နေ့လည်၂နာရီအချိန်တွင်တောင်ကိုရီးယားနိုင်ငံအတွင်း
ရှိ မြန်မာ့ဒီမိုကရေစီအရေးကို ဆောင်ရွက်လှုပ်ရှားနေကြသူမြန်မာ
နိုင်ငံသား(၁၂)ဦးအား နိုင်ငံရေးခိုလှုံခွင့်ကိုပေးလိုက်ကြောင်းသိရှိ
ရပါသည်။

ထိုကဲ့သို့ နိုင်ငံရေးခိုလှုံခွင့်ရရှိသူမြန်မာနိုင်ငံသား(၁၂)ဦးမှာအမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ကိုရီးယားဌာနခွဲမှအဖွဲ့ဝင်
(၈)ဦးနှင့်ချင်းတိုင်းရင်းသားအဖွဲ့အစည်း-ကိုရီးယား(CNC-Korea)
အဖွဲ့ဝင်(၄)ဦးများဖြစ်ကြပါသည်။CNC-Korea တွဲဘက်အတွင်းရေးမှူး၊
ဘဏ္ဍရေးမှူးနှင့်အဖွဲ့ဝင်များဖြစ်သည်။၎င်းအဖွဲ့အစည်းသည်တောင်ကို
ိုရီးယားနိုင်ငံတွင်နိုင်ငံရေးလှုပ်ရှားနေသောချင်းတိုင်းရင်းသားအဖွဲ့အ
စည်းဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံသည် ကုလသမဂ္ဂ ဆိုင်ရာ အထွေထွေ
ညီလာခံကြီးမှ ချမှတ်ထားသောဒုက္ခသည်များ လက်ခံရေးဆိုင်
ရာမူဝါဒများကို ၁၉၉၂ ခုနှစ်ကတည်းကလက်ခံသဘောတူလက်
မှတ်ရေးထိုးထားခဲ့သော် လည်း၂၀၀၁ခုနှစ်ဖေဖော်ဝါရီလတွင်မှ
အသက်(၂၆)နှစ်အရွယ်ရှိ အီသီယိုးပီးယားနိုင်ငံသားတဦးကိုတရား
ဝင်ပထမဆုံးနိုင်ငံရေးဆိုင်ရာခိုလုံခွင့်ပေးခဲ့ပြီး၊၂၀၀၂ခုနှစ်ဒီဇင်ဘာ
လတွင်ဒုတိယအကြိမ်အနေဖြင့်အသက်(၅၀) ကျော်အရွယ်ရှိကွန်ဂို
နိုင်ငံသားတဦးအားထပ်မံ၍ခွင့်ပြုခဲ့ကာ၂၀၀၃ခုနှစ်ဇန်န၀ါရီလတွင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ကိုရီးယား
ဌာနခွဲမှမြန်မာနိုင်ငံသား(၃)ဦးကို တတိယအကြိမ်အနေဖြင့်ခွင့်ပြုခြင်း
ကိုခံခဲ့ရပြီးနောက် ယနေ့အထိဆိုလျှင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(လွတ်မြောက်နယ်မြေ)ကိုရီးယားဌာနခွဲမှ အဖွဲ့ဝင်(၃၂)ဦးအနက်
(၂၂)ဦးမှာနိုင်ငံရေးဆိုင်ရာခိုလုံခွင့်ကိုရရှိထားပြီးဖြစ်ပါသည်။

တောင်ကိုရီးယားနိုင်ငံအတွင်း နိုင်ငံတကာမှနေ၍ ၁၉၉၄ ခုနှစ်မှ၂၀၀၉
ခုနှစ် မေလအထိ ဒုက္ခသည်အဖြစ် ခိုလှုံခွင့်ရရှိရန်လျှောက်ထားသူ
(၂၃၀၇)ယောက်ရှိခဲ့ပြီး စာရင်းအရ နီပေါ(၃၇၇)ဦး၊တရုပ်(၃၃၄)ဦး၊
မြန်မာ(၂၁၇)ဦး၊ပါကစ္စတန်(၁၁၈)ဦး ၊ဘင်္ဂလားဒေ့(ရှ်)(၁၀၆)ဦး၊
ယူဂန်ဒါ (၁၅၃)၊နိုက်ဂျီးရီးယား(၁၇၈)ဦး၊သီရိလင်္ကာ (၁၉၁)ဦးနှင့်
အခြား(၆၃၃)ဦးတို့ဖြစ်ကြပြီး ယနေ့အထိခိုလှုံခွင့်ရှိခဲ့သူ စုစုပေါင်း
(၁၅၀)ခန့် ရှိပြီး မြန်မာနိုင်ငံသားခိုလှုံခွင့်ရရှိသူပေါင်း(၄၀)ကျော်ရှိပြီဖြစ်
ကြောင်းသိရှိရပါသည်။

လှိုင်သာယာစက်မှုဇုန် ပဲသန့်စင်စက်ရုံများ လုပ်ငန်းရပ်ဆိုင်း

လှိုင်သာယာစက်မှုဇုန် ပဲသန့်စင်စက်ရုံများ လုပ်ငန်းရပ်ဆိုင်း
အောင်ထက်/ ၈ အောက်တိုဘာ ၂၀၀၉

line

ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုန်အတွင်းရှိ ပဲသန့်စင်စက်ရုံများအနက် အချို့စက်ရုံများသည် လုပ်ငန်းအင်အား လျှော့ချနေသကဲ့သို့ အချို့က ပဲဂိုဒေါင်များ ပိတ်သိမ်းနေကြသည်။

အထူးသဖြင့် ပြည်ပပို့ ပဲအမျိုးအစားများဖြစ်သည့် ပဲတီစိမ်း၊ မတ်ပဲ၊ မြေထောက်ပဲများ သန့်စင်သည့် စက်ရုံတို့ အများဆုံး ပါဝင်သည်။

ပဲသိုလှောင်ရုံကြီးများဖြစ်သည့် စက်မှုဇုန် (၄) ဂိုဒေါင်အမှတ် (၃၉) နှင့် အမှတ် (၄၄) တို့သည် ပြည်ပပို့ပဲများ သိုလှောင်ခြင်း၊ သန့်စင်ခြင်း လုပ်ငန်းများကို ရပ်ဆိုင်းလိုက်ကြပြီး ဇုန် (၂) ရှိ ဘောဂကြီး၊ Great Lucky နှင့် ဇုန် (၃) မှ မောင်ဝိတ် စသည့်ဂိုဒေါင်များတွင် မတ်ပဲအစား အခြားကုန်စည်များကိုသာ သိုလှောင်လာကြသည်။

ပဲစက်ရုံနှင့် ဂိုဒေါင်များ ပိတ်ကြရခြင်းမှာ ပြည်ပပို့ကုန် ပဲဈေးကွက် ကျဆင်းနေသောကြောင့်ဖြစ်ပြီး ထိုသို့ကျဆင်းရခြင်းမှာ တောင်သူတို့၏ ရောင်းလိုအားမရှိခြင်း၊ ပြည်ပ၀ယ်လိုအား သိသာစွာ ကျဆင်းခြင်းတို့ကြောင့်ဖြစ်ကြောင်း ပဲကုန်သည်များက ပြောသည်။

စီးပွားရေးပညာရှင်တဦးကမူ အထက်ပါအချက် နှစ်ချက်အပြင် အခြားအချက်များလည်း ပါဝင်ကြောင်း ပြောဆိုသည်။

၎င်းက “ပြည်ပကုန်သည်တွေရဲ့ အသာစီးယူအကျပ်ကိုင်မှုတွေ၊ ဈေးကစားမှုကို တားမြစ်နိုင်မှု အားနည်းတာတွေနဲ့ ပြည်တွင်းနိုင်ငံရေးမငြိမ်သက်မှု၊ နိုင်ငံတော်ရဲ့ကုန်သွယ်ရေး လျစ်လျူရှုမှုတွေအပြင် စွမ်းဆောင်ရည်မပြည့်ဝတဲ့ လုပ်ထုံးလုပ်နည်းတွေအပေါ်မှာလည်း အခြေခံတယ်” ဟု ထောက်ပြသည်။

ပဲလက်ကျန်နည်းနေပြီး အရောင်းအ၀ယ်ပါးနေသောကြောင့် ယခုရက်ပိုင်းတွင် မတ်ပဲ ဈေးမြင့်နေသည်ဟု မီးဖိုချောင်သီးနှံစိုက်ပျိုးရေး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း တာဝန်ရှိသူတဦးက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ (၃၀) ရက်နေ့က မတ်ပဲတတန် အမြင့်ဆုံးဈေး (၇၇၀,၀၀၀) ကျပ်၊ အောက်တိုဘာ (၁) ၇က်နေ့တွင် (၈၀၀,၀၀၀) ကျပ်၊ အောက်တိုဘာ (၂) ရက်နေ့တွင် (၈၄၀,၀၀၀) ကျပ်နှင့် အောက်တိုဘာ (၇) ရက်နေ့တွင် တတန် (၈၃၅,၀၀၀) ကျပ်အထိ ဈေးမြင့်ခဲ့သည်။

“ရောင်းလိုအားနည်းနေတဲ့ လက်ရှိအခြေအနေမှာ မတ်ပဲ ဈေးမြင့်တာ မဆန်းပါဘူး။ မကြာခင်လပိုင်းမှာ မိုးစပါးပြီးလို့ မတ်ပဲရာသီရောက်ရင် ဈေးအဆမတန် ပြုတ်ကျသွားမှာပဲ။ ပြည်ပ Offer အားနည်းတာတော့ (၂) နှစ်လောက်ရှိနေပြီ” ဟု မတ်ပဲဈေးကွက် ကျွမ်းကျင်သူတဦးက ပြောသည်။

မတ်ပဲအများဆုံးမှာယူသော အိန္ဒိယနိုင်ငံသည် ရာသီဥတုဖောက်ပြန်မှုကြောင့် သီးနှံစိုက်ခင်းတို့ ပျက်စီးခဲ့ရသည့်အတွက် ပြည်ပပို့ကုန် မြန်မာမတ်ပဲ အလားအလာကောင်းနိုင်သည်ဟု ယူဆစရာရှိသော်လည်း အိန္ဒိယပြည်တွင်းရေးဂယက်ကြောင့် အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ လတ်တလော အေးနေသည်။

လှိုင်သာယာစက်မှုဇုန်မှ ပဲသန့်စင်စက်ရုံများ ရပ်ဆိုင်းလိုက်သောကြောင့် ပဲပိုးပေါက်၊ အခြမ်းကွဲ၊ အဖျင်းအမှော်၊ မျိုးကွဲများကို ဦးစွာ စိစစ်ခွဲခြားရသည့် ထောင်နှင့်ချီသော နေ့စားအလုပ်သမားတို့သည် အလုပ်လက်မဲ့ဖြစ်နေကြပြီး New Way ဖိနပ်စက်ရုံ၊ အိုပယ်၊ ချားလ်မင်း အထည်ချုပ်စက်ရုံတို့၌ အလုပ်လျှောက်နေကြသည်။

မြန်မာပြည်အထက်ပိုင်းမှ ကျွဲ၊ နွားများ တရုတ်ပြည်သို့ မှောင်ခိုတင်ပို့မှု တိုးလာ

မြန်မာပြည်အထက်ပိုင်းမှ ကျွဲ၊ နွားများ
တရုတ်ပြည်သို့ မှောင်ခိုတင်ပို့မှု တိုးလာ

ပေါက်ပေါက် / ၇ အောက်တိုဘာ ၂၀၀၉

line

မြန်မာပြည်အထက်ပိုင်းမှ ကျွဲ၊ နွားများကို နယ်စပ်တောလမ်းမှတဆင့် တရုတ်ပြည်သို့ မှောင်ခိုတင်ပို့မှု ယခုအခါ ပိုမိုများပြားလာသည်။

အစောပိုင်းကာလများက တလလျှင် (၁) ကြိမ်၊ (၂) ကြိမ်မျှသာ နွားများ မြန်မာပြည်ဘက်မှ မောင်းသွင်းလာသည်ကို တွေ့ရသော်လည်း မကြာသေးမီလပိုင်းမှစ၍ နွားများသာမက ကျွဲများကိုပါ အနည်းဆုံး တပတ် (၁) ကြိမ်ခန့် တွေ့လာရသည်ဟု ကျယ်ဂေါင်ဒေသခံတဦးက ပြောသည်။

၎င်းက “ကျွဲဖြစ်ဖြစ်၊ နွားဖြစ်ဖြစ် လာတယ်ဆိုရင် တအုပ် တအုပ်ကို သုံးလေးဆယ်လောက်ပါလာတယ်။ ရွှေလီမြစ်ကမ်းဘေး မြက်ခင်းပြင်မှာ လှန်ထားတယ်၊ နောက်မှ ကားလမ်းမကြီးအတိုင်း ရွှေလီဘက်ကို မောင်းသွားကြတာ။ အဲဒါကို ကုန်သည်က တဦး၊ နှစ်ဦး ပါမယ်၊ လမ်းမှာ ကျွဲ၊ နွားအုပ်ကို ထိန်းဖို့ လူ သုံးလေးယောက် ငှားပြီး ခေါ်လာတယ်” ဟု ပြောသည်။

နွားများကို ရွှေဘို၊ ခင်ဦး၊ ဝက်လက် နယ်တဝိုက်မှ သယ်လာခြင်းဖြစ်ပြီး ကျွဲများကိုမူ ကချင်ပြည်နယ်ဘက်မှ သယ်လာသည်က များကြောင်း နွားကုန်သည်များနှင့် နီးစပ်သူ ကျယ်ဂေါင်ဒေသခံတဦးက ပြောသည်။

၎င်းက “အတွင်းထဲမှာက နွားတကောင်ကို လေး-ငါးသိန်းလောက်နဲ့ ကောက်တာတဲ့။ သယ်တာကတော့ လမ်းခရီးပေါ်မှာ မူတည်တာ။ လမ်းမှာ စစ်တပ်တို့၊ ရဲတို့ပေးရတာများရင် တကောင်ကို (၁) သိန်းနီးပါးလောက် ကုန်ကျတယ်တဲ့။ ဒီမှာ တကောင်ကို အနည်းဆုံး (၇) သိန်း၊ (၈) သိန်းရောင်းရတယ်။ ပုံမှန်းဈေးတော့ မရှိဘူး။ အကောင်ပေါ် မူတည်တာပေါ့။ နွားကတော့ အဝယ်လိုက်တယ်။ ကျွဲကတော့ ဝယ်လက်နည်းနည်းရှားတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် လအစောပိုင်းကလည်း ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်အတွင်း ကျွဲများ ရောဂါဖြစ်ပွားကာ သေဆုံးနေ၍ ဒေသခံ တောင်သူများက ရသည့်ဈေးဖြင့် တရုတ်-မြန်မာနယ်စပ် လိုင်ဇာဒေသတွင် ထုတ်ရောင်းခဲ့၍ ကျွဲ၊ နွားဈေးများ ကျဆင်းခဲ့ပြီး ယခုအခါ ဈေးပုံမှန် ပြန်ဖြစ်လာသည်ဟု နယ်စပ်ဒေသခံတဦးက ပြောသည်။

၎င်းက “အခုဆယ်လပိုင်း၊ ဆယ့်တစ်လပိုင်းကစလို့ တရုတ်နှစ်သစ်ကူးမတိုင်ခင်အထိ တောက်လျှောက်ပဲ အဝယ်လိုက်ပြီ။ သူတို့တွေက ဟင်းလုပ်မှာဆိုတော့ အခုကတည်းက စပြီးဝယ်ကြတာ။ ပါလာသလောက် အရောင်းထွက်တယ်” ဟု ပြောသည်။

တရုတ်ပြည်တွင် လယ်ယာလုပ်ငန်းများ၌ စက်ယန္တရားများဖြင့် အဓိကအသုံးပြုနေကြပြီး ကျွဲ၊ နွားများကို သားထုတ်လုပ်ရန် အတွက်သာ မွေးမြူကြပြီး မြန်မာပြည်မှလည်း ယခုကဲ့သို့ ဝယ်ယူနေကြသည်။

ဆန်ဈေးတက်၍ အိတ်စ်ပို့ ဆန်ကုန်သည်များ အရှုံးပေါ်နေ

ဆန်ဈေးတက်၍ အိတ်စ်ပို့ ဆန်ကုန်သည်များ အရှုံးပေါ်နေ


ဆန်ဈေးကွက်တွင် ဈေးနှုန်းများ မြင့်တက်လာနေ သောကြောင့် နိုင်ငံခြားသို့ ဆန်တင်ပို့သည့် ကုန်သည်များ အရှုံးပေါ် နေကြောင်း သိရသည်။

ဈေးကွက်သို့ ဆန်ဝင်ရောက်မှု နည်းပါးလာခြင်း၊ ၅၀၀၀ ကျပ်တန် ငွေစက္ကူသစ်များ ထုတ်ခြင်းတို့ကြောင့် လက်ရှိဆန်ဈေး နှုန်း ပိုမို မြင့်တက်သွားသော်လည်း စာချုပ် ချုပ်ဆိုထားသည့်အတွက် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်(UMEHL)ကို ဆန်ကုန်သည်များက အရှုံးခံကာ ဆန်များဝယ်ယူ၍ အပ်နှံနေရကြောင်း ဘုရင့်နောင်ပွဲရုံတန်းမှ ဆန်လုပ်ငန်းရှင် တဦးက ဧရာဝတီသို့ ပြောသည်။

“ဆန်ဈေးတွေက တက်သွားတော့ စာချုပ်သမားတွေက ဦးပိုင်ကို အရှုံးခံဝယ်ပြီးတော့ အပ်နေရတယ်”ဟု၎င်းက ဆိုသည်။

စီးပွားရေးဦပိုင်လီမိတက်မှ ဆန်ကုန်သည်များအား စာချုပ်ချုပ်ဆိုပြီး ၀ယ်ယူနေရာတွင် စာချုပ်ပါဈေးနှုန်းမှာ ဆန်တတင်းခွဲ တအိတ်လျှင် ၁၃၅၀၀ ကျပ် ၀န်းကျင် ဖြစ်ပြီး ယနေ့ ပေါက်ဈေးမှာ ၁၄၅၀၀ ကျပ်ဖြစ်နေကြောင်း၊ စာချုပ်အတိုင်း မအပ်နိုင် လျှင် ဦးပိုင်အဖွဲ့၏ တရားစွဲဆိုခြင်းကို ခံရမည်ဖြစ်ကြောင်း ဆန်လုပ်ငန်းရှင်များက ပြောဆို သည်။

လက်ရှိအခြေအနေတွင် ဆန်အသစ်ထွက်မည့် အချိန်သည်လည်း တလခန့်လိုသေး၍ ဆန်အသစ်မပေါ်သေးသောကြောင့် ဆန်ထွက်ရာဒေသဖြစ်သည့် ဧရာဝတီတိုင်းမှ ရေကြည်မြို့၊ အသုတ်မြို့နှင့် ဟသာင်္တမြို့များမှလည်း ရန်ကုန်ဈေးကွက် တွင် လာရောက်ဝယ်ယူနေကြသည်ဟု သိရသည်။

ဆန်အသစ်မထွက်ပေါ်သေး သောကြောင့် ဈေးနှုန်းများ တက်ခြင်းမှာ ပုံမှန် ဖြစ်သော်လည်း ၅၀၀၀တန် ငွေစက္ကူ အသစ် များထုတ်လုပ်သုံးစွဲမည်ဟု ကြေညာလိုက်သည့်နေ့မှ စတင်ပြီး ဈေးကွက်တွင် ဆန်ဈေးနှုန်းလည်း ပိုမိုမြင့်တက်လာသည် ဟု ဧရာဝတီတိုင်းမှ ဆန်ကုန်သည်တဦးကလည်း ဆိုသည်။

“ဈေးကတော့ အခါတိုင်းနှစ်တွေလည်း ဒီလိုအချိန်ဆိုတက်တာပဲ၊ ဒါပေမယ့် အခုငွေစက္ကူကိစ္စမှာ လူတွေက လန့်သွားတော့ ပိုဆိုးတယ်”ဟု ၎င်းကပြောသည်။

စစ်အစိုးရက ယင်း ၅၀၀၀ ကျပ်တန် ငွေစက္ကူများကို ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက်နေ့ ထွက်ရှိမည်ဟု ကြေညာခဲ့ပြီး အောက်တိုဘာ ၂ ရက်နေ့တွင် စတင်သုံးစွဲခဲ့သည်။

ယခုကဲ့သို့ ၅၀၀၀ ကျပ်တန် ထုတ်ဝေမှုသည် ပြည်တွင်း စီးပွားရေးလောကကို ဂယက်ရိုက်မှု ရှိကြောင်း ရန်ကုန်မြို့ရှိ စီးပွားရေး ပညာရှင်တဦးက ပြောဆိုသည်။

“ဂယက်လုံးဝ မရှိဘူးဆိုတာတော့ မဟုတ်ဘူး၊ ၅၀၀၀ တန် မှာ ရိုက်နှိပ်ထားတဲ့ နံပါတ် ၇ လုံးကို ကြည့်လိုက်ရင် ထွက်လာ မယ့် အရွက်ရေမနည်းဘူး ဆိုတာခန့်မှန်းလို့ရတယ်၊ နောက်ပိုင်းမှာလည်း ငွေကြေးဖောင်းပွမှု မလွဲမသွေဖြစ်လာနိုင်တယ်” ဟု ၎င်းကပြောသည်။

ထိုသို့ ငွေကြေးနှင့် ဈေးကွက် မငြိမ်သက်မှုကြောင့် ဆန်ကုန်သည်များအနေဖြင့် ငွေကြေးအရ များစွာနစ်နာမှုဖြစ်နေ ကြောင်း ဘုရင့်နောင်ပွဲရုံတန်းမှ ဆန်ကုန်သည်ကပြောသည်။

“ကုန်သည်တဦးကို အနည်းဆုံး အိတ်ရေ ၂သောင်း၊ ၃သောင်းချုပ်ထားတာလေ၊ အခုဆို တအိတ်ကို ၁၀၀၀ကျပ် လောက် ဈေးဟနေပြီ”ဟု ၎င်းကဆိုသည်။

ဆန်ဈေးကွက်တွင် လက်ရှိ ဖြစ်ပေါ်နေသော ဆန်ဈေးမှာ ဖျာပုံပေါ်ဆန်းမွှေးရှယ် တတင်းခွဲ တအိတ်လျှင် ၂၉၀၀၀ ကျပ်၊ အလယ်အလတ်တန်းစား ပေါ်ကျွဲ အမျိုးအစား ဆန်မှာ ၂၀၀၀၀ ကျပ် နှင့် နိုင်ငံခြားသို့ တင်ပို့သည် အကျိုးအကျေ ၂၅ ရာ ခိုင်နှုန်း ပါဝင်သည့် ဧည့်မထဆန်ကြမ်းမှာ တတင်းခွဲ တအိတ်လျှင် ၁၄၅၀၀ ကျပ် နှင့် လက်ရှိလူအများစားသုံးနေသည့် ဆန် ကြမ်းမှာ ၁၈၀၀၀ ကျပ် ပေါက်ဈေးရှိသည်။ ယခင်ဈေးနှုန်းများထက် ပျမ်းမျ အားဖြင့် တတင်းခွဲတအိတ်လျှင် ၁၅၀၀ ကျပ် ၀န်းကျင် တက်ရောက်သွားသည်ဟု သိရသည်။

Monday, October 5, 2009

တရုတ်အလုပ်သမား အဆောက်အဦအတွက် သစ်များ ခုတ်လှဲမည်

တရုတ်အလုပ်သမား အဆောက်အဦအတွက်
သစ်များ ခုတ်လှဲမည်

ခိုင်လင်း / ၅ အောက်တိုဘာ ၂၀၀၉

line

ဧရာဝတီမြစ်ဆုံရေကာတာ တည်ဆောက်မည့် တရုတ်အလုပ်သမားများ နေထိုင်ရန် အဆောက်အဦအတွက် လိုအပ်သည့်သစ်များ ထုတ်ယူနိုင်ရန် ခုတ်လှဲမည့်သစ်ပင်များကို စတင်သတ်မှတ်နေသည်။

မလိခမြစ်အနောက်ဘက်ခြမ်းနှင့် တန်ဖဲကျေးရွာဝန်းကျင်ရှိ သစ်တောများသို့ မြစ်ကြီးနားမြို့နယ် သစ်တောဌာနအရာရှိများနှင့် အေးရှားဝေါလ်ကုမ္ပဏီမှ တာဝန်ရှိသူ စုစုပေါင်း (၇) ဦးတို့သည် ဒေသခံလမ်းပြများ ခေါ်ဆောင်ပြီး ညအိပ်သွားရောက်ကာ ခုတ်ယူရမည့် သစ်များကို အောက်တိုဘာ (၁) ရက်မှစ၍ ရွေးချယ်သတ်မှတ်ပေးနေသည်ဟု တန်ဖဲကျေးရွာသားတဦးက ပြောသည်။

၎င်းက “တောအုပ်တို့၊ တောခေါင်းတို့ ပါတယ်။ သူတို့တွေက ဘယ်သစ်ပင်၊ ဘယ်သစ်ပင် ခုတ်ရမယ်ဆိုပြီး တောတွေထဲမှာ လိုက်ကြည့်နေတာ။ ခုတ်ရမယ့်အပင် သတ်မှတ်ပေးနေတာပေါ့။ အားလုံးက တန် (၅) ထောင် ခုတ်မယ်လို့ ကြားရတယ်။ အလုပ်သမားက သောင်းချီရှိတယ်။ သူတို့နေဖို့ အိမ်တွေ၊ တန်းလျားတွေ ဆောက်ရမယ်။ အဲဒီအတွက် သစ်ရှာနေတာ” ဟု ပြောသည်။

မြစ်ကြီးနားနှင့် တန်ဖဲရွာအကြား၊ မြစ်ကြီးနားမြို့မှ မြောက်ဘက် (၁၈) မိုင်အကွာရှိ မုံကာဆွတ်ကျေးရွာတွင် တရုတ်အလုပ်သမားများကို နေရာချထားရန် အစီစဉ်ရှိပြီး အဆောက်အဦ ဆောက်လုပ်ပြီးစီးသွားလျှင် ၎င်းတို့ရောက်လာရန် ရှိကြောင်း ရေကာတာဆောက်လုပ်ရေးစီမံကိန်းမှ တာဝန်ရှိသူများနှင့် နီးစပ်သည့် တန်ဖဲကျေးရွာသားတဦးက ပြောသည်။

၎င်းက “ပထမတသုတ် အရင်လာသွားပြီးပြီ။ အဲဒီတုန်းကတော့ ထောင်ပိုင်းပေါ့။ မေခမြစ်ဘက်မှာ ရေကာတာဆောက်ဖို့ ပြင်တာတွေ၊ ရေလွှဲမြောင်း ဥမင်လိုဏ်ခေါင်း ဖောက်တာတွေ လုပ်သွားကြတာ။ အခု လာမှာက (၂) သောင်း လောက်ရှိမယ်လို့ သိရတယ်။ သူတို့လာရင် ဒေသခံတိုင်းရင်းသူတွေအတွက်လည်း အန္တရာယ်ရှိတယ်။ အကျင့်စာရိတ္တပျက်ပြားတာတွေ ဖြစ်လာတယ်။ တန်ဖဲက ဆယ်ကျော်သက်အရွယ် မိန်းကလေး (၃) ယောက်ကို တရုတ်တွေက တရုတ်ပြည်မှာ အလုပ်ပေးမယ်ဆိုပြီး ဒီနှစ်အစောပိုင်းကပဲ ခေါ်သွားသေးတယ်။ အဲဒါ လမ်းတပိုင်းမှာ ပြန်ဖမ်းမိခဲ့တယ်” ဟု
ပြောသည်။

မေခမြစ်နှင့် မလိခမြစ်တို့ဆုံရာ ဧရာဝတီမြစ်ဆုံတွင် ရေကာတာ တည်ဆောက်ပြီး ရေအားလျှပ်စစ်ထုတ်ယူကာ တရုတ်ပြည်သို့ ရောင်းချမည့် စီမံကိန်းကြောင့် ကျေးရွာ (၆ဝ) ခန့် ရွှေ့ပြောင်းရမည်ဖြစ်သကဲ့သို့ လယ်ယာ မြေများ၊ ဥယျာဉ်ခြံများ၊ သစ်၊ ဝါးခြံများ ဆုံးရှုံးရမည်ဖြစ်ပြီး ဒေသအတွင်းမှ သစ်တောများပါ ပျက်စီးရမည်ဖြစ်ကြောင်း၊ ရေသတ္တဝါများ မျိုးသုဉ်းပျောက်ကွယ်နိုင်ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေနိုင်သည့်အတွက် ဒေသခံ လူထုအပါအဝင် ကချင်ပြည်လုံးဆိုင်ရာကျောင်းသားသမဂ္ဂ၊ ကချင်ပြည်ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက် စသည့်အဖွဲ့များကလည်း ဧရာဝတီမြစ်ဆုံရေကာတာစီမံကိန်းအား ရှုတ်ချကန့်ကွက်နေကြသည်။

ရဲချုပ်မပါသော မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ကျင်းပ

ရဲချုပ်မပါသော မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ကျင်းပ
မင်းနိုင်သူ / ၅ အောက်တိုဘာ ၂၀၀၉

line

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ (၄၅) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို အောက်တိုဘာ (၃) ရက်တွင် နေပြည်တော်၌ ကျင်းပရာ အခမ်းအနားကို ရဲချုပ်မပါဘဲ ကျင်းပသွားကြောင်း ပြည်တွင်းသတင်းထောက်များက ပြောသည်။

“ရဲမှူးကြီးဝင်းနိုင်နဲ့ ပတ်သက်တဲ့အမှုနဲ့ ရဲချုပ်ခင်ရီကိုပါ စုံစမ်းစစ်ဆေးမှုတွေပြုနေတယ်ဆိုတဲ့ သတင်းတွေပေါ်ထွက်နေတာဟာ အမှန်ပါပဲလို့ အတည်ပြုလို့ ရသွားတဲ့သဘောပါပဲ။ ဒီနှစ်ရဲတပ်ဖွဲ့နေ့ကတော့ ရဲချုပ်မပါဘဲ အခမ်းအနားလုပ်သွားတာ” ဟု ပြည်တွင်းသတင်းထောက်တဦးက ပြောသည်။

အဆိုပါအခမ်းအနားသို့ ရဲချုပ်ခင်ရီတက်ရောက်ခဲ့ခြင်းမရှိဘဲ ပြည်ထဲရေးဝန်ကြီးမောင်ဦး တက်ရောက်အမှာစကားပြောကြားပြီး ဒုတိယရဲချုပ် ရဲမှူးချုပ်ဇော်ဝင်း၊ ရဲဦးစီးအရာရှိချုပ် ရဲမှူးချုပ် ခင်မောင်စီ၊ ရဲရေးချုပ် ရဲမှူးချုပ် စိုးဝင်းမြင့်နှင့် ရဲထောက်ချုပ် ရဲမှူးချုပ် ၀င်းစိုးတို့သာ တက်ရောက်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့နေ့အခမ်းအနားတွင် ပြည်ထဲရေးဝန်ကြီးက သူတပါးကို အရေးယူနိုင်ရန် ဖမ်းဆီးစစ်ဆေးတရားစွဲတင်ရသော ဌာနဖြစ်၍ မိမိကိုယ်တိုင်ပုံရိပ်မှန်မှ တပ်ဖွဲ့၊ ဌာန ဂုဏ်တတ်မည်ဖြစ်ကြောင်း ထည့်သွင်းပြောဆိုသွားကာ ရဲမှူးချုပ်တဦးက ရဲချုပ်မှ ပေးပို့သည်ဆိုသော သ၀ဏ်လွှာကို ဖတ်ကြားခဲ့သည်။

“၀န်ကြီးပြောသွားတာတွေက သတင်းစာထဲမှာတော့ ဖတ်လို့ကောင်းပါတယ်။ ဒါပေမယ့် သူကိုယ်တိုင်ကရော အဂတိလိုက်စားမှု ကင်းရဲ့လားလို့ မေးရမှာပဲ။ ခက်တာက မြန်မာနိုင်ငံမှာ လစာနဲ့မလုံလောက်ကြတော့ ၀န်ထမ်းအားလုံးက နှစ်မူးတပဲနဲ့လည်း လာဘ်စားကြတာ။ လုပ်ပိုင်ခွင့်ရှိတဲ့ ရဲဆိုတာ အဆိုးဆုံးပေါ့။ နိုင်ငံရေးကလွဲရင် လိုင်းကြေးပေးရင် ကြိုက်တာလုပ်ဆိုတဲ့ သဘောတွေ ရဲတိုင်းမှာရှိတယ်။ သူတို့အထဲမှာကို ခြစားမှုတွေကလည်း အများကြီး။ ရဲမှူးကြီးဝင်းနိုင်ကိစ္စကိုပဲကြည့်” ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။

လွန်ခဲ့သည့် သြဂုတ်လအတွင်းက ရန်ကုန်တိုင်းရဲမှူးကြီးဝင်းနိုင်အား အဂတိလိုက်စားမှု၊ အမိန့်မနာခံမှုတို့ဖြင့် ဖမ်းဆီးစစ်ဆေး နေသည်ဆိုသော သတင်းများပေါ်ထွက်လာပြီးနောက် ရဲမှူးကြီးဝင်းနိုင် တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးလွတ်မြောက် သွားသည်ဆိုသော သတင်းထပ်မံထွက်ပေါ်ခဲ့သည်။

ထို့နောက် ရဲမှူးကြီးဝင်းနိုင်အား စစ်ဆေးစဉ် ရဲချုပ်ခင်ရီ၏ အဂတိလိုက်စားမှုများလည်း ပေါ်ပေါက်လာကာ ရဲချုပ်ခင်ရီပါ ဖမ်းဆီးစစ်ဆေးခံနေရသည်ဟု သတင်းထွက်ပေါ်နေခဲ့သည်။

ရဲမှူးကြီးဝင်းနိုင်နှင့် ရဲချုပ်ခင်ရီတို့မှာ စစ်ဘက်မှ ရဲဘက်သို့ပြောင်းလာကြသူများဖြစ်ကာ အကြီးမားဆုံးသော အဂတိလိုက်စားမှုများပြုလုပ်ခဲ့ကြသည်ဟု ရန်ကုန်တိုင်းရဲများကဆိုကြောင်း ပြည်တွင်းသတင်းထောက်များက ပြောသည်။