Popular Posts

Tuesday, October 12, 2010

သမီးအား မုဒိမ်းပြုကျင့်သော တပ်ကြပ်ကြီးကို ဖခင်ဖြစ်သူက ခုတ်သတ်၍ ပွဲချင်းပြီး သေဆုံး

သမီးအား မုဒိမ်းပြုကျင့်သော တပ်ကြပ်ကြီးကို ဖခင်ဖြစ်သူက ခုတ်သတ်၍ ပွဲချင်းပြီး သေဆုံး

10/10/2010 ထွန်းထွန်း
 
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တွင် သမီးဖြစ်သူကို နအဖ တပ်ကြပ် တစ်ဦးက မုဒိမ်းကျင့်သဖြင့် ဖခင်ဖြစ်သူက နအဖ တပ်ကြပ်ကြီးကို ဓါးဖြင့် ခုတ်သတ်သော သေမူ သေခင်းတစ်ခု ယခုလ ၃ ရက်နေ့က ဖြစ်ပွားခဲ့သည်။

နိရဉ္စရာမှ အဆိုပါ သတင်းအား လက်ခံရရှိပြီးနောက် ဆက်လက် စုံစမ်း မေးမြန်းရာ ကံစောက် ကျေးရွာသား တစ်ဦးက ယခုကဲ့သို့ ပြောကြားသည်။

“ ဖြစ်တာက ကျွန်တော်တို့ ကံစောက် ကျေးရွာနဲ့ တဖက်ကမ်း ခမီး အမျိုးသားတွေ နေထိုင်တဲ့ တောင်မင်း ကျေးရွာမှာ အောက်တိုဘာလ ၃ ရက်နေ့က ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ကျေးရွာ ရယက အတွင်းရေးမှူး ဦးအောင်သာဖြူ သမီးကို ညဥ့်အိပ်နေစဉ် တပ်ကြပ်ကြီး တဦးက မုဒိမ်းပြုကျင့်ရာကနေ ဦးအောင်သာဖြူမှ ဓါးဆွဲပြီး ခုတ်တဲ့ အတွက် တပ်ကြပ်ကြီးက အဲဒီ အိမ်ပေါ်မှာဘဲ ပွဲချင်း သေဆုံး သွားခဲ့ပါတယ်” ဟု ပြောသည်။

သေဆုံးသွားသူမှာ တပ်ကြပ်ကြီး လင်းဇော်ဌေး ဖြစ်ပြီး ကံစောက် အခြေစိုက် ခလရ ၅၃၉ တပ်ရင်းမှ ဖြစ်သည်။

ဖြစ်ပွားပုံနှင့် ပတ်သက်ပြီး အသေးစိတ် အခြေအနေကို သူက ယခုကဲ့သို့ ပြောသည်။

“ တပ်ကြပ်ကြီး လင်းဇော်ဌေးက ရယက အတွင်းရေးမှူး အိမ်မှာ တာဝန် အရ ခေတ္တ လာရောက် တည်းခို နေစဉ် ဖြစ်ပွားတာပါ။ အဲဒီ ၃ ရက်နေ့ ညဥ့် ၂ နာရီ လောက်မှာ အတွင်းရေးမှူး သမီး အိပ်နေတဲ့ ခြင်ထောင် ထဲကိုဝင် ပြီး အတင်းပြုကျင့်ပါတယ်။ သမီးအော်သံကို ကြားတော့ အဖေ အမေနဲ့ တခြား အိမ်နီး နားချင်းတွေ လာကြတယ်။ မုဒိမ်းကျင့်တာကို သိတော့ ဦးအောင်သာဖြူက ဓါးကိုယူပြီး ဦးခေါင်းကို ခုတ်တယ်။ ရွာသားတွေက ၀ိုင်းပီး ဓါးနဲ့ ထိုးပါတယ်။ ဒဏ်ရာ အကြီးအကျယ်ရ သွားပြီးတော့ ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်” ဟု သူက ပြောသည်။

မုဒိမ်းကျင့်ခံလိုက်ရသူ ရယက အတွင်းရေးမှူး သမီးမှာ အသက် ၂၄ နှစ် ရှိကြောင်းနှင့် သူမ အမည်မှာ မခိန်ရွှေ ဖြစ်ကြောင်း သူက ပြောသည်။

ရယက အတွင်းရေးမှူး ဦးအောင်သာဖြူမှာ အမှုခင်းဖြစ်ပွားခဲ့ သည့်နေ့ ကစပြီး ထွက်ပြေး ပုန်းရှောင် နေကြောင်း သိရသည်။

သေဆုံးသွားသူတပ်ကြပ်ကြီး လင်းဇော်ဌေး၏ အလောင်းကို နောက်တစ်နေ့တွင် ၎င်း၏ တပ်ရင်းတွင်ပင် မြုပ်နှံလိုက်ကြောင်း အဆိုပါ ကျေးရွာသားက ပြောကြားသည်။

အဆိုပါ ဖြစ်ပွားမူနှင့် ပတ်သက်ပြီး ကံစောက်ကျေးရွာက အမျိုးသမီး တစ်ဦးအား ဖုံးမှ တဆင့် ဆက်သွယ် မေးကြည့်ရာ သူမက “ ကျွန်မတို့ ကံစောက်ရွာမှာ ဖြစ်တယ်ဆိုပီး လူတွေက ခဏခဏ မေးနေကြပါတယ်။ ကျွန်မတို့ ကံစောက်မှာ ဖြစ်တာ မဟုတ်ဘူးရှင့်။ ခမီးတွေနေတဲ့ တောင်မင်းရွာမှာ ဖြစ်တာပါ။ ဖြစ်တာကိုတော့ ပြောနိုင်ပါတယ်။ ဘယ်လို ဖြစ်တယ်ဆိုတာ ကျွန်မတို့လည်း အတိအကျ မသိပါဘူး” ဟု ပြောသည်။

ကျောက်တော်မြို့နယ် ကံစောက်အနီး တွင် တောင်မင်းကျေးရွာ၊ ကြိမ်ချောင်းရွာ၊ ရွှေပန်းခိုင်ရွာ၊ ငှက်ယောင်ချောင်းရွာ၊ ဖက်ဝမ်းချောင်းရွာ၊ သိန်းချောင်းရွာ၊ ကင်ပိရွာ၊ ခမောင်းရွာ၊ သဲဝရွာ၊ ကျွမ်းသာယာရွာ၊ လီဂွေရွာတို့ တည်ရှိပြီး အဆိုပါရွာများတွင် ယခုကဲ့သို့ နအဖ စစ်သားများ၏ မတော်မတရား ပြုကျင့်ခြင်းကို အမျိုးသမီးများ အနေဖြင့် မကြာခဏ ခံနေကြရပြီး ယခု စစ်သား သေဆုံးမူမှာ ပထမဆုံး ဖြစ်သည်ဟု သိရသည်။

အလားတူ လွန်ခဲ့သည့် ဧပြီလ ၈ ရက်နေ့ကလည်း ပလက်ဝမြို့နယ်မှရခိုင်အမျိုးသမီးတဦးအား စစ်တွေအခြေ စိုက်ခလရ ၂၃၂ တပ်ရင်းမှ စစ်ဗိုလ်တဦးမှ အတင်း အဓမ္မပြုကျင့်မှုကို ခံခဲ့ရသော်လည်း အထက် အာဏာပိုင်များက တစုံတရာ အရေးယူ ဆောင်ရွက်ခြင်း မရှိကြောင်း သိရသည်။

ရွေးကောက်ပွဲ ကန့်ကွက်သူ မည်သူ့ကို မဆို အရေးယူရန် မီးစိမ်းပြ

ရွေးကောက်ပွဲ ကန့်ကွက်သူ မည်သူ့ကို မဆို အရေးယူရန် မီးစိမ်းပြ

အောက်တိုဘာ ၁၁၊ ၂၀၁၀

ရှေ့လဆန်းတွင် ပြုလုပ်မည့် ရွေးကောက်ပွဲကို ပြက်ရယ်ပြု၊ ထိပါး၊ နှောင့်ယှက်သည့် မည်သူ့ကို မဆို ဖမ်းဆီးပြီး အဆင်ပြေသည့် ပုဒ်မဖြင့် အရေးယူရန် ဗိုလ်ချုပ်ကြီးတို့က အမိန့် ပေးထားသည်ဟု နေပြည်တော်မှ လာသော သတင်းများက ဆိုသည်။

`အခု ထွက်နေတဲ့ ရွေးကောက်ပွဲကို သပိတ် မှောက်ခိုင်းတဲ့ လှုပ်ရှားမှုတွေ ပေါ်လာပြီးတော့ ထုတ်ပြန်လိုက်တာနေမှာပါ။ ဒါကတော့ အတွင်းစကားတွေ အရပါ။ အထက်က နှုတ်မိန့်နဲ့ ထုတ်ထားတဲ့ သဘောပဲ´ ဟု နေပြည်တော်မှ ၀န်ထမ်း တစ်ဦးက ပြောသည်။

ရွေးကောက်ပွဲ ဆန့်ကျင်ရေး ရိုက်နှိပ်ထားသော စာရွက်စာတမ်းများ ဖြန့်ဝေသည်ဟု ဆိုသော မွန်ပြည်နယ်မှ သံဃာတပါး၊ ရန်ကုန်မှ ကျောင်းသား ၁၀ ဦးထက်မနည်း တို့ ထိန်းသိမ်းခံခဲ့ရသည်ဟု ပြီးခဲ့သည့် လအတွင်း သတင်းများ ထွက်ပေါ်ခဲ့သည်။


ဗိုလ်ချုပ်ကြီးတို့၏ ၂၀၁၀ ရွေးကောက်ပွဲဥပဒေအရ “မဲပေးခြင်းမပြုဘဲ နေနိုင်သော အခွင့် အရေး” ရှိသဖြင့် မဲပေးခြင်း မပြုရန် နိုင်ငံရေးသမား အများအပြားက နိုင်ငံတ၀န်း လှုံ့ဆော်လျက် ရှိသည်။ အထူးသဖြင့် NLD ခေါ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အနယ်နယ်သို့ သွားရောက် လှုံ့ဆော်နေသည်။ သို့သော်လည်း ထိုသို့ လှုံ့ဆော်သည့် NLD အဖွဲ့ဝင်တို့ကို ဖမ်းဆီးသည့် သတင်းများ ထွက်ပေါ်မလာသေးပေ။

မြန်မာကလေးငယ် (၃၅) ဦးအား အုပ်ထိန်းသူထံ ပြန်အပ်နှံမည်

မြန်မာကလေးငယ် (၃၅) ဦးအား အုပ်ထိန်းသူထံ ပြန်အပ်နှံမည်

၁၁ အောက်တိုဘာ ၂၀၁၀

သီရိလင်္ကာနိုင်ငံ၌ ဒုက္ခကြုံတွေ့နေရသော မြန်မာကလေးငယ် (၃၅) ဦးသည် လာမည့် အောက်တိုဘာ (၁၉) ရက် နံနက်တွင် မလေးရှားအဲယားလိုင်းဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာတော့မည်ဟု သီတဂူသာသနာပြု အုပ်ချုပ်ရေးအဖွဲ့မှ ပြောကြားသည်။

ပြန်လည်ရောက်ရှိလာမည့် သီလရှင် (၂၅) ပါး၊ ကိုရင် (၁၀) ပါးအား သီတဂူအုပ်ချုပ်ရေးအဖွဲ့မှ သွားရောက်ကြိုဆိုမည်ဖြစ်ပြီး အုပ်ထိန်းသူမိဘ (သို့မဟုတ်) ဘုန်းတော်ကြီးများထံသို့ ယင်းနေ့တွင် ပြန်လည်အပ်နှံမည်ဖြစ်သည်။

“(၁၇) ရက်နေ့မှာ သီတဂူအဖွဲ့ သီရိလင်္ကာကို လိုက်မယ်။ သီတဂူ ဆရာတော်တော့ မပါတော့ဘူး။ သီရိလင်္ကာနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက (၁၈) ရက်နေ့အတွက် လေယာဉ်လက်မှတ် စီစဉ်ပြီးပြီ။ မလေးရှားမှာ Transit နားပြီး (၁၉) ရက်နေ့ မလေးရှား အဲယားလိုင်းနဲ့ မြန်မာပြည်ပြန်လာမယ်။ မင်္ဂလာဒုံလေဆိပ် ‘ရောမမာန်’ စားသောက်ဆိုင်မှာ နံနက်စာကျွေးပြီး အုပ်ထိန်းသူလက် ပြန်အပ်မယ်” ဟု အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

ယင်းနေ့တွင် သီတဂူဆရာတော်ဘုရားကြီး လိုက်ပါကြိုဆိုခြင်း ရှိ မရှိနှင့် သတင်းစာရှင်းလင်းပွဲ ပြလုပ်ခြင်း ရှိ မရှိကိုမူ အုပ်ချုပ်ရေးအဖွဲ့မှ ဖြေဆိုရန် ငြင်းဆန်သည်။

လွန်ခဲ့သော ၁၉၉၀ ခုလွန်နှစ်များက သီရိလင်္ကာသာသနာပြုမစ်ရှင်အဖွဲ့သည် ရန်ကုန်မြို့ရှိ ကျောင်းတိုက်ကြီး (၃) တိုက်မှ ကလေးငယ် (၁၀၀) ကျော်အား ရန်ကုန်မြို့ ရွှေတိဂုံဘုရား၌ ကိုရင်နှင့် သီလရှင်များ ၀တ်ပေးခဲ့သည်။

ထို့နောက် သီရိလင်္ကာနိုင်ငံသား (ထိုင်ဝမ်ဘုန်းကြီး)က ထိုကလေးငယ်များအား ပညာဆက်လက်သင်ကြားပေးမည်ဟု ပြောဆိုကာ (၃) သုတ်ခွဲ၍ သီရိလင်္ကာနိုင်ငံသို့ ခေါ်ဆောင်သွားခဲ့သည်။

ယင်းနောက် ကွန်ပျူတာဖြင့် စာသင်ကြားနေဟန် ဓာတ်ပုံများဖြင့် အင်တာနက်မှတဆင့် ကမ္ဘာအရပ်ရပ်သို့ အလှူခံခဲ့ကြောင်း၊ ကလေးငယ်အများစုကိုမူ သီရိလင်္ကာနိုင်ငံအတွင်း နေရာများခွဲ၍ စေလွှတ်ပြီး အလုပ်ကြမ်းများ ခိုင်းစေကာ ၎င်းတို့၏ နိုင်ငံကူးလက်မှတ်များကိုလည်း သိမ်းဆည်းထားကြောင်း သိရသည်။

“ထိုင်ဝမ်ဘုန်းကြီးနဲ့ သီတဂူဆရာတော် လုံးဝပတ်သက်မှုမရှိဘူး။ သူ့ရဲ့ဘွဲ့တော်လည်း မသိရဘူး။ မြန်မာသံအမတ်ကြီးနဲ့ ပတ်သက်မှုရှိတယ်။ မြန်မာပြည်က ကလေးငယ်တွေ ဗန်းပြပြီး ထိုင်ဝမ်သူဌေးတွေဆီက ကမ္ဘာအနှံ့မှာ ပိုက်ဆံလက်ဖြန့်တောင်းနေတာ” ဟု အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

အဆိုပါ ကလေးယ်များမှာ ၁၉၉၅-၁၉၉၆ ခုနှစ် မွေးဖွားသော (၁၅) နှစ်ခန့် ကလေးငယ်အများစု ပါဝင်ကြောင်း၊ သီရိလင်္ကာနိုင်ငံအတွင်း ကိုရင်၊ သီလရှင်၊ လူဝတ်များဖြင့် ရှိနေကြပြီး ဖိနှိပ်မှုများ ခံနေရခြင်းကြောင့် မြန်မာကလေးငယ် (၃၅) ဦးက မြန်မာသံအမတ်ကြီးထံသို့ တိုင်ကြားစာ ပေးပို့ခဲ့ခြင်းဖြစ်သည်။

မြန်မာသံအမတ်ကြီးက ကလေးငယ်များ၏ နိုင်ငံကူးလက်မှတ်များ ပြန်လည်စုစည်းရယူခဲ့ပြီး ကမ္ဘာ့ဗုဒ္ဓညီလာခံသို့ တက်ရောက်လာသည့် သီတဂူ ဆရာတော်ဘုရားကြီးအား အကူအညီတောင်းခံခဲ့ရာမှ ယခုကဲ့သို့ ရလဒ်ထွက်ပေါ်လာခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ တာဝန်ရှိသူက “ကလေးတဦးစရိတ် (၃၅၀) ဒေါ်လာကုန်ကျမှုရှိတယ်။ ဒါကို ဆရာတော်ဘုရားကြီးနဲ့ အလှူရှင်တွေ စိုက်ထုတ်ကျခံပြီး သွားခေါ်မယ်။ သီရိလင်္ကာနိုင်ငံ နေရာအသီးသီးမှာ ပြန့်ကြဲနေတဲ့ မြန်မာကလေးငယ် (၇၀) ကျော်ကိုလည်း ရအောင် ခေါ်နိုင်ဖို့ ထပ်မံကြိုးစားမယ်” ဟု ပြောသည်။

အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးတပါးကမူ “ဒီကိစ္စနဲ့ ပတ်သက်လို့ မြန်မာအစိုးရနဲ့ သီရိလင်္ကာအစိုးရ တွေ့ဆုံဆွေးနွေးစေချင်တယ်။ ကလေးငယ် (၁၀၀) ကျော်ကို အသုတ်ခွဲ ခေါ်ထုတ်ခွင့်ပေးလိုက်တဲ့ မြန်မာအစိုးရမှာ လုံးဝတာဝန်ရှိတယ်။ ဒီကိစ္စဖြေရှင်းဖို့ လူဝင်မှုကြီးကြပ်ရေး၊ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့၊ နှစ်နိုင်ငံ သံရုံးအသီးသီး နိုင်ငံခြားရေးရုံး၊ သာသနာရေးဝန်ကြီးရုံး အားလုံးမှာတာဝန်ရှိတယ်” ဟု နာကြည်းကြေကွဲစွာ မိန့်မှာသွားသည်။

နအဖစစ်တပ်က ဓားပြတိုက်၍ အဘွားအိုတဦးကို ပစ်သတ်

နအဖစစ်တပ်က ဓားပြတိုက်၍ အဘွားအိုတဦးကို ပစ်သတ်

၁၂ အောက်တိုဘာ ၂၀၁၀

မြန်မာနိုင်ငံတောင်ပိုင်း မော်လမြိုင်-ရေး-ထားဝယ်ကားလမ်းမပေါ်ရှိ ကျေးရွာတရွာကို နအဖစစ်တပ် တပ်ဖွဲ့ဝင်တို့က ဓားပြတိုက်ခဲ့ပြီး အသက် (၆၈) နှစ်အရွယ် အဘွားအိုတဦးကိုလည်း သတ်ဖြတ်ခဲ့သည့် ဖြစ်ရပ်တခု ပြီးခဲ့သည့်သီတင်းပတ်က ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့နယ်ခွဲ၌ လှုပ်ရှားနေသော စကခ (၈) လက်အောက်ခံ ခလရ (၁၀၃) တပ်ရင်းမှ ဗိုလ်ကျော်ညွန့်နှင့် တပည့် (၃) ဦးတို့က ယင်းဖြစ်ရပ်ကို ကျူးလွန်ခဲ့ခြင်း ဖြစ်သည်ဟု အောက်တိုဘာ (၁) ရက်နေ့ည (၁၀) နာရီက အခင်းဖြစ်ပွားခဲ့သည့် ကျောက်ကဒင်ရွာမှ ရွာသားတဦးက ပြောကြားသည်။

၎င်းက “အသတ်ခံရတဲ့ အဘွားအိုဆီက နားကပ်တရံရယ်၊ လက်စွပ် (၂) ကွင်း၊ ပိုက်ဆံ (၁) သောင်းလောက် ဗိုလ်ကျော်ညွန့်က ယူသွားတယ်။ ပြီးတော့ အဲဒီလို အသတ်ခံရတာကို ရွာဥက္ကဋ္ဌကိုယ်တိုင်က စစ်တပ်ကို ကြောက်ပြီး အဘွားအိုက လေဖြတ်ခံရပြီး သေတာလို့ သတင်းလွှင့်ခိုင်းနေတော့ ဒီကိစ္စကို ဘယ်သူမှ တိုင်ကြားတာ မလုပ်ရဲဘူး။ ဒါပေမယ့် ခလရ (၁၀၃) လှုပ်ရှားတပ်ရင်းက ဗိုလ်ကျော်ညွန့်တို့အဖွဲ့က သတ်သွားတယ်ဆိုတာကိုတော့ ရွာသားတိုင်းက သိနေကြတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ (၉) ရက်နေ့ ညပိုင်းကလည်း အလားတူ ဖြစ်ရပ်အချို့ကို ခလရ (၁၀၃) တပ်ရင်းက ထပ်မံ ကျူးလွန်ခဲ့ကြောင်း သိရသည်။

“(၉) ရက်နေ့ည အဘွားအို ရက်လည်ဆွမ်းအတွက် ချက်ပြုတ်နေတဲ့ညပိုင်းမှာ ကျောက်ကဒင်ရွာက မိအွန် အိမ်ကို ခလရ (၁၀၃) တပ်ဖွဲ့တချို့က တက်သွားတယ်။ အဲဒီမှာ မိအွန်က အကူအညီတောင်း၊ အော်ဟစ်တော့ လာကူညီတဲ့ နိုင်မွန်ထော ဆိုသူကို သူတို့က ဖမ်းလိုက်ပြီး ထုထောင်းရိုက်နှက်သေးတယ်။ လူတွေ ဝိုင်းအုံများလာတာကို အခွင့်ကောင်းယူပြီး နိုင်မွန်ထောက ထွက်ပြေးတော့ သေနတ်နဲ့ ပစ်သေးတယ်။ လူတော့ မထိခဲ့ဘူး။ အခု နိုင်မွန်ထောလည်း ရွာကနေ ထွက်ပြေးနေရတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ ရွာသားတွေက ဒီဒေသမှာ လှုပ်ရှားနေတဲ့ ခလရ (၁၀၃) က စစ်တပ်တွေမှန်း သိသွားကြတယ်” ဟု အခြား ကျောက်ကဒင်ရွာသားက ပြောသည်။

အခင်းဖြစ်ပွားခဲ့သည့် ကလိန်အောင်မြို့နယ်ခွဲ ကျောက်ကဒင်ရွာသည် မွန်ခွဲထွက်အဖွဲ့တို့ လှုပ်ရှားရာ ဒေသလည်း ဖြစ်ကြောင်း၊ နအဖ စစ်တပ်က ဓားပြတိုက်၍ ရွာသားတဦးအား သတ်ဖြတ်ခဲ့သည်မှာ မှန်ကန်ကြောင်း မွန်ပြည်သစ်ပါတီက အတည်ပြုပြောကြားသည်။

မွန်ပြည်သစ် မဟာမိတ်ဆက်ဆံရေးရုံး တာဝန်ခံ နိုင်ဟံသာဗွန်ခိုင်းက “ဒီကိစ္စကို ကျနော်တို့လည်း ကြားထားပါတယ်။ ဆက်ပြီး စုံစမ်းနေဆဲပါ။ အုပ်ချုပ်သူ အစိုးရတပ် ကိုယ်တိုင်က သူတို့လုပ်ချင်သလို လုပ်နေတဲ့ နယ်မြေဒေသတွေ ဆိုတော့ အဲဒီလို လက်ရဲဇက်ရဲ ဓားပြတိုက်တာတို့၊ ရွာသားတွေကို နှိပ်စက်ညှဉ်းပန်းတာတို့ အမြဲဖြစ်ပေါ်နေတဲ့ ဒေသဖြစ်တယ်။ အဲဒီဒေသဟာ အညိုရောင်နယ်မြေအဖြစ် စစ်အစိုးရတပ်တွေက သတ်မှတ်ထားတဲ့အတွက် လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အဆိုးဝါးဆုံးဒေသတခု ဖြစ်ပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

မွန်ပြည်နယ်၊ ရေးမြို့နယ်နှင့် တနင်္သာရီတိုင်း ရေဖြူမြို့နယ် အစပ်ဖြစ်သော အဆိုပါ နယ်မြေသည် မြန်မာစစ်အစိုးရနှင့် အပစ်ရပ်စဲခဲ့သည့်နောက်ပိုင်းမှ မွန်ပြည်သစ်ပါတီက လက်လွှတ်ဆုံးရှုံးခဲ့ရသည့် နယ်မြေလည်းဖြစ်ကြောင်း နိုင်ဟံသာဗွန်ခိုင်းက ပြောသည်။

ဒု-စစ်တိုင်းမှူးများ တပ်မှ အနားယူ

ဒု-စစ်တိုင်းမှူးများ တပ်မှ အနားယူ

၁၁ အောက်တိုဘာ ၂၀၁၀

နအဖစစ်တပ်အတွင်း အသက်ကြီးပြီး အချိန်အတော်ကြာ တဆင့်မြင့်ရာထူးမတက်ဘဲ ရှိကြသည့် စစ်တိုင်းဌာနချုပ်အသီးသီးမှ ဒု-တိုင်းမှူးအားလုံးနီးပါးသည် မကြာသေးမီရက်ပိုင်းအတွင်း၌ စစ်တပ်မှ အနားယူခဲ့ပြီး အချို့က ရွေးကောက်ပွဲဝင်ကြမည်ဟု သိရသည်။

မြန်မာနိုင်ငံတဝန်းတွင် စစ်တိုင်းဌာနချုပ် (၁၃) ခုရှိသည့်အနက် နေပြည်တော်တိုင်း စစ်ဌာနချုပ် ဒု-တိုင်းမှူး ဗိုလ်မှူးကြီး မင်းဇော်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် (ရကတ) ဒု-တိုင်းမှူး ဗိုလ်မှူးကြီး ကျော်ကျော်ထွန်းနှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ဒု-တိုင်းမှူး ဗိုလ်မှူးကြီး ဝင်းသိန်းတို့ (၃) ဦးသာ အခြားစစ်ဘက်ရာထူးသို့ ပြောင်းရွှေ့ခဲ့ပြီး ဗိုလ်မှူးချုပ်အဆင့်ရှိ ကျန်ဒု-တိုင်းမှူး (၁ဝ) ဦးအား စစ်ဘက်မှ အနားယူခွင့်ပေးလိုက်ကာ ၎င်းတို့အနက် အချို့က ရွေးကောက်ပွဲဝင်မည်ဖြစ်ကြောင်း နေပြည်တော် စစ်ရုံးချုပ်နှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက “ဒု-တိုင်းမှူးထဲက ဗိုလ်မှူးကြီးတွေပဲ ကျန်ခဲ့တယ်။ ရမခက ဒု-တိုင်းမှူး ဝင်းသိန်းက စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ် (စကခ) ၁၆ က ဌာနချုပ်မှူး၊ ရကတ ဒု-တိုင်းမှူး ဗိုလ်မှူးကြီး ကျော်ကျော်ထွန်းက စကခ (၄) မှူး တက်ဖြစ်တယ်။ နေပြည်တော်က ဒု-တိုင်းမှူး မင်းဇော်က တပ်မမှူး တက်ဖြစ်တယ်။ ကျန်တဲ့ ဗိုလ်မှူးချုပ်တွေကျတော့ စစ်ဘက်က အနားယူခိုင်းလိုက်တယ်” ဟု ပြောသည်။

စစ်ဘက်မှ အနားယူလိုက်ရသည့် ဒု-တိုင်းမှူးများသည် ဗိုလ်မှူးချုပ်အဆင့်မှ မတက်နိုင်ဘဲ အချိန်အတော်ကြာ နေရာအပြောင်းအရွှေ့ မရှိဘဲနေလာသူများဖြစ်ပြီး ယခုကဲ့သို့ ရွေးကောက်ပွဲအတွက် တပ်မတော်အတွင်း ရာထူးအပြောင်းအလဲများ ပြုလုပ်စဉ် တပါတည်း အနားပေးလိုက်ခြင်းဖြစ်သည်ဟု စစ်ရုံးချုပ်နှင့် နီးစပ်သူက ပြောသည်။

၎င်းက “ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းက အပြောင်းအရွှေ့မှာ တိုင်းမှူးဖြစ်လာသူတွေက အသက် (၅ဝ) တန်း၊ ဗိုလ်မှူးချုပ်အဆင့်တွေ၊ ဒု-တိုင်းမှူးတွေက (၆ဝ) ကျော်တန်းတွေ ဖြစ်နေတယ်။ မြောက်ပိုင်းတိုင်းက ဒု-တိုင်းမှူး ဗိုလ်မှူးချုပ် စံထွန်းဆိုရင် အဲဒီမှာနေခဲ့တာ တိုင်းမှူး အဆက်ဆက်ပဲ။ အသစ်ရောက်လာတဲ့ တိုင်းမှူးတွေထက် အများကြီး စီနီယာကျတဲ့ သူတွေဆိုတော့ ဒီလိုဆက်ထားလို့လည်း မသင့်တော်ဘူး။ ဒု-တိုင်းမှူး စံထွန်းက အခုတော့ ရွှေကူမြို့နယ် မဲဆန္ဒနယ်က ဝင်အရွေးခံဖို့ ရှိနေတယ်” ဟု ပြောသည်။

၂ဝ၁ဝ ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးခံရန် ပြင်ဆင်သည့်အနေဖြင့် တပ်မတော် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ နအဖအတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး စသည့် ထိပ်တန်း စစ်ဘက်အရာရှိများ အပါအဝင် ဒု-ဗိုလ်ချုပ်ကြီးများ၊ ဗိုလ်ချုပ်များအား ပြီးခဲ့သည့် သြဂုတ်လကုန်ပိုင်းက စစ်တပ်မှ အနားပေးခဲ့ပြီးဖြစ်သည်။

၂ဝဝ၈ ဖွဲ့စည်းပုံအရ လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း၏ (၂၅) ရာနှုန်းကို စစ်တပ်ကရယူမည်ဖြစ်သကဲ့သို့ စစ်တပ်က အနားယူထားသူများကလည်း နအဖက ဦးဆောင်ဖွဲ့စည်းထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့်လည်း ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ဝင်ရောက် အရွေးခံကြမည် ဖြစ်သည်။

နှစ်ဆန်းတွင် အေအာရ်ဗွီဆေး စတင်ပေးတော့မည်

နှစ်ဆန်းတွင် အေအာရ်ဗွီဆေး စတင်ပေးတော့မည်

၁၂ အောက်တိုဘာ ၂၀၁၀

ပြည်တွင်းရှိ အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ဝေဒနာရှင်များအတွက် အေအာရ်ဗွီ (ARV) ဆေးဝါးများ ထောက်ပံ့ပေးမည့် ဂလိုဘယ်ဖန်းသည် အနှောင့်အယှက် တစုံတရာမရှိပါက လာမည့် ၂၀၁၁ ဇန်န၀ါရီ (၁) ရက်နေ့တွင် ဆေးဝါးများ စတင်ပေးဝေမည်ဖြစ်ကြောင်း Marie Stopes International ၏ Country Director ဒေါက်တာစစ်နိုင်က ပြောကြားသည်။

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာအခြေစိုက် ဂလိုဘယ်ဖန်းသည် ပြည်တွင်း၌ အသေးစိတ်တွက်ချက် ဆွေးနွေးမှုများ ပြုလုပ်ပြီးဖြစ်ကြောင်း၊ ရုံးအဖွဲ့များစွာမှလည်း စာရွက်စာတမ်းမှအစ အစိုးရကိစ္စအထိ ညှိနှိုင်းမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း ၎င်းက ပြောသည်။

“ဂလိုဘယ်ဖန်းဟာ အလုပ်တွေ လက်ရှိလုပ်နေပါတယ်။ စာရွက်စာတမ်းကိစ္စ ရှင်းလင်းစရာ အနည်းငယ်ကျန်ဦးမယ်။ လာမယ့် ဇန်န၀ါရီမှာ ငွေစသုံးမယ်။ ဆေးထုတ်ပေးမယ်။ လူတွေကို ပညာပေးဆွေးနွေးမှုတွေ လုပ်မယ်” ဟု ဒေါက်တာစစ်နိုင်က ပြောသည်။

ဂလိုဘယ်လ်ဖန်းသည် ကုလသမဂ္ဂကျောထောက်နောက်ခံပြု ကျန်းမာရေး ရန်ပုံငွေအဖွဲ့ကြီးဖြစ်ပြီး မြန်မာနိုင်ငံတွင် အေအိုင်ဒီအက်စ်၊ တီဘီနှင့် ငှက်ဖျားရောဂါတိုက်ဖျက်ရေးအတွက် အကူအညီပေးနေသည့် အဖွဲ့ကြီးဖြစ်သည်။

မြန်မာနိုင်ငံအတွင်းတွင် နအဖစစ်အစိုးရက ခရီးသွားလာမှုများ ကန့်သတ်ချုပ်ချယ်သောကြောင့် လုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်းမရှိဟု ဆိုကာ ဂလိုဘယ်ဖန်းအဖွဲ့ကြီးက မြန်မာနိုင်ငံတွင် ရောဂါတိုက်ဖျက်ရေး အကူအညီပေးနေသည့် ရန်ပုံငွေများကို ၂၀၀၅ ခုနှစ် သြဂုတ်လတွင် ရပ်ဆိုင်းခဲ့သည်။

ထို့နောက်ပိုင်းတွင် ဗြိတိန်၊ သြစတြေးလျ အစရှိသော အလှူရှင်နိုင်ငံများပါဝင်သည့် သရီးဒီဖန်း (3 D Fund) အဖွဲ့ကြီးက မြန်မာနိုင်ငံတွင် ရောဂါသုံးမျိုးတိုက်ဖျက်ရေးအတွက် ငွေကြေးအကူအညီများ ပေးအပ်ခဲ့သည်။

၂၀၀၆ မှ ၂၀၁၁ ခုနှစ် (၅) နှစ် ကာလအတွင်း မြန်မာပြည်တွင်းရှိနေသည့် သရီးဒီဖန်းသည် စီမံကိန်းသုံးငွေ ကန်ဒေါ်လာ (၁၂၅) သန်း သုံးစွဲခဲ့သည်ဟု အိုင်အန်ဂျီအိုတခုက ပြောသည်။

လာမည့် ၂၀၁၁ တွင် သရီးဒီဖန်း မြန်မာနိုင်ငံမှ ထွက်ခွာမည်ဖြစ်ပြီး ဂလိုဘယ်ဖန်းက ပြည်တွင်းသို့ အေအာရ်ဗွီ ထောက်ပံ့မှု စတင်မည်ဖြစ်ကြောင်း၊ ဤသို့ စတင်ရာတွင် ဌာနတခုတည်းမှ ကြီးစိုးခြင်း၊ အစိုးရ၏ ချုပ်ကိုင်ခြင်းများကို ဂလိုဘယ်ဖန်းက ခွင့်ပြုမည်မဟုတ်ကြောင်း အဆိုပါ အိုင်အန်ဂျီအိုမှ တာဝန်ရှိသူတဦးက ပြောသည်။

ဂလိုဘယ်ဖန်း တာဝန်ယူမည့် (၅) နှစ်တာ ကာလအတွင်း ကုလအဖွဲ့အစည်းများ၊ ကျန်းမာရေးဝန်ကြီးဌာန၊ အိတ်ခ်ျအိုင်ဗွီ ကူးစက်ဝေဒနာရှင်များ၏ အကြံဉာဏ်များ ရယူကာ စီမံကိန်းတခု ရေးဆွဲမည်ဖြစ်ပြီး ထိုစီမံကိန်းကို မြန်မာအစိုးရက အတည်ပြုပေးရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ဒေါက်တာစစ်နိုင်က “ဂလိုဘယ်ဖန်းဟာ ဖွံ့ဖြိုးဆဲ ဘယ်နိုင်ငံကမဆို ရောဂါကြီး (၃) မျိုးဖြစ်တဲ့ တီဘီ၊ ငှက်ဖျား၊ အေအိုင်ဒီအက်စ် ရောဂါတွေအတွက် လျှောက်ထားပြီး လှမ်းတောင်းလို့ရတဲ့ ရန်ပုံငွေဖြစ်ပါတယ်။ 3D Fund ကျ မြန်မာပြည်အတွက်ပဲ လုပ်ပေးတယ်။ ဂလိုဘယ်ဖန်းနဲ့ အစိုးရပိုင်း ဒီဘက်ကလည်း နည်းနည်းဟ၊ ဟိုဘက်ကလည်း နည်းနည်းဟနဲ့ ပြေလည်ပါတယ်။ ပြေလည်လို့လည်း ဒီအဆင့်ကို ရောက်လာရခြင်းဖြစ်ပါတယ်” ဟု ရှင်းပြသည်။

အစိုးရနှင့် ညှိနှိုင်းမှုအပိုင်းကိုလည်း ၎င်းကပင် “သဘောတူတယ်၊ မတူဘူး အဲလိုမဟုတ်ပါဘူး။ ဥပမာ ဆေးဝါးတွေကို သိုလှောင်ဖို့ ဌာနတို့၊ ဂိုဒေါင်တို့ကအစ ဒီဟာနဲ့ဆံ့ပါ့မလား။ မဆံ့ရင် နောက်တခု ထပ်ဆောက်မလား။ ဟိုဟာ လိုအပ်မယ်ထင်လိုက်၊ တမျိုးတောင်းလိုက် အဲလိုပုံစံမျိုးပါ” ဟု ပြောသည်။

ဂလိုဘယ်ဖန်း၌ ရန်ပုံငွေကိုင်သော အဓိက (၂) ဖွဲ့ရှိကြောင်း၊ UNOPS နှင့် Safe the Children တို့ဖြစ်ကြောင်း၊ ဂလိုဘယ်ဖန်းမှလာသမျှ ရန်ပုံငွေလမ်းကြောင်းကို ယင်းနှစ်ဖွဲ့မှ ကိုင်တွယ်ဖြန့်ဖြူးမည်ဖြစ်ကြောင်း၊ ခေါင်းခံသုံးစွဲပေးမည်မှာ ယင်းနှစ်ဖွဲ့ပင်ဖြစ်ကြောင်း ဒေါက်တာစစ်နိုင်က ဆက်လက်ပြောဆိုသည်။

မြန်မာပြည်မှ မကြာမီထွက်ခွာတော့မည့် သရီးဒီဖန်း၏ ဆေးဝါးပံ့ပိုးမှုသည် အားရစရာမရှိဟူသော အန်ဂျီအိုများ၏ ယူဆချက်များအပေါ် ဒေါက်တာစစ်နိုင်က “လုပ်ပုံကိုင်ပုံ သိပ်မကွာနိုင်ဘူး။ ဂလိုဘယ်ဖန်းဟာ အနည်းငယ်ပိုများနိုင်မယ်။ တဖက်ကပြောရင် သရီးဒီဖန်းဟာ သေချာလုပ်ခဲ့တဲ့အတွက် ဂလိုဘယ်ဖန်းပြန်ဝင်လို့ ရသွားတယ်” ဟုဆိုသည်။

အိတ်ခ်ျအိုင်ဗွီအရေးဆောင်ရွက်နေသူ မဖြူဖြူသင်းကမူ “ဂလိုဘယ်ဖန်းဟာ ၂၀၁၆ အထိ ဆွဲပေးသွားမယ့် သဘောရှိတယ်။ လူနာကြည့်မယ်။ CD4 Count စစ်မယ်။ CD4 100 အောက် ဦးစားပေးမယ်။ အေအာရ်ဗွီ ဆေးဟာ ရာသက်ပန်သုံးရမယ့် ဆေးဖြစ်တာမို့ တချိန်ချိန်မှာ ပြည်ပအလှူရှင်တွေ မရှိတော့ရင် HIV (+) တွေအတွက် ဆိုးကျိုး ဖြစ်သလို လူမျိုးအတွက်လည်း ထိခိုက်စရာတွေရှိတယ်” ဟု ပြောဆိုသည်။

၂၀၀၉ ခုနှစ်စာရင်းများအရ မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ်ပိုး ကူးစက်ခံရသူပေါင်း (၂၃၇,၆၈၄) ဦးရှိပြီး ထိုသူများတွင် (၂) သောင်းကျော်သာ အေအာရ်ဗွီ ဆေးဝါးရရှိပြီး အေအာရ်ဗွီဆေးဝါး လိုအပ်သူပေါင်း (၇) သောင်းကျော်ရှိကြောင်း ကျန်းမာရေးဝန်းကြီးဌာနမှ ထုတ်ပြန်ချက်ကိုကိုးကား၍ ယခုနှစ် စက်တင်ဘာထုတ် ဆဲဗင်းဒေးသတင်းဂျာနယ်တွင် ဖော်ပြသည်။

ထိုင်းဝန်ကြီးချုပ် ခရီးစဉ်အတွင်း ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် သဘောတူညီမှု ရရှိ

ထိုင်းဝန်ကြီးချုပ် ခရီးစဉ်အတွင်း ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် သဘောတူညီမှု ရရှိ

၁၂ အောက်တိုဘာ ၂၀၁၀

ထိုင်းဘတ်ငွေ ဘီလီယံ (၄၀၀) ကျော် ကုန်ကျမည့် ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး စီမံကိန်းကို နှစ်နိုင်ငံ အထူးစီးပွားရေးဇုန်အဖြစ် အကောင်အထည်ဖော်ရန် မြန်မာနိုင်ငံနှင့် သဘောတူညီမှု ရရှိခဲ့ကြောင်း ထိုင်းအစိုးရက ပြောကြားသည်။

ယင်းသဘောတူညီချက်ကို ထိုင်းဝန်ကြီးချုပ် မစ္စတာ အဘီဆစ် ဝဲချာချီဝက ၎င်း၏ တရက်တာ ခရီးစဉ်အတွင်း မြန်မာစစ်အစိုးရ ဝန်ကြီးချုပ် ဦးသိန်းစိန်နှင့် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ယခု အောက်တိုဘာလကုန်ပိုင်းတွင် လက်မှတ်ရေးထိုးရန်ရှိကြောင်း ထိုင်းအစိုးရ ပြောခွင့်ရ မစ္စတာ ပန်နိတန် ၀မ်တနာ ယာဂွန်က ပြောကြားသည်။

ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် ပါဝင်သော ရေနံဓာတုနှင့် သန့်စင်ချက်လုပ်ရေးစက်ရုံများ၊ အဆင့်မြင့် သံမဏိစက်ရုံများ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ ပို့ဆောင်ရေးကဏ္ဍအတွက် ကားလမ်းများ၊ အခြေခံအဆောက်အဦများအတွက် မြေအကျယ်အဝန်း ဟက်တာ (၆၄,၀၀၀) အသုံးပြုသွားမည်ဟု စီမံကိန်း အကောင်အထည်ဖော်နေသော Italian Thai Development ကုမ္ပဏီမှ ဒု-ဥက္ကဋ္ဌ နီဂျာပွန် ချာရဏီတာက ပြောကြားသည်။

အနောက်နိုင်ငံတို့မှ ကုန်စည်များအတွက် ခရီးဝေးပြီး လုံခြုံရေးဆိုင်ရာ အာမခံချက် နည်းပါးသော မလက္ကာရေလက်ကြားကို ဖြတ်သန်းသယ်ပို့ရသည့် လမ်းကြောင်းထက် ထားဝယ် ရေနက်ဆိပ်ကမ်းမှတဆင့် ကုန်းတွင်းပိုင်းမှ လျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်မည်ဖြစ်၍ အဆိုပါ စီမံကိန်းသည် အာရှတိုက်တခုလုံးအတွက် ပဓာနကျသည့် အရှေ့နှင့် အနောက်နိုင်ငံများအတွက် အရေးပါလာမည့် မဟာစီမံကိန်ကြီးတခု ဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။

ထားဝယ်ရေနက်ဆိပ်ကမ်း တည်နေရာကို တနင်္သာရီတိုင်း၊ ထားဝယ်မြို့အနီး မောင်းမကန်ကမ်းခြေ အထက်ပိုင်း နဘူးလယ်ကျေးရွာနှင့် ပင်လယ်ဘက် ဟိန်းဇဲကျွန်းစုအကြားဟု သတ်မှတ်ထားပြီး အနီးဝန်းကျင်ရှိ ကျေးရွာပေါင်း (၁) ဒါဇင်ကျော်တို့ကိုလည်း ပြီးခဲ့သည့် မတ်လကတည်းက စတင် ပြောင်းရွှေ့မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများ၏ အဆိုအရ သိရသည်။

အဆိုပါ စီမံကိန်းကို ထိုင်းနိုင်ငံမှ ပညာရှင်များက ၂၀၀၅ ခုနှစ်ကတည်းက လာရောက်လေ့လာခဲ့ပြီး အာရှလမ်းမကြီးစီမံကိန်း၏ တစိတ်တပိုင်း၌ ပါဝင်သည့် ကီလိုမီတာ (၁၃၀) ကျော် ရှည်လျားသည့် ကန်ချနဘူရီမြို့-ထားဝယ်ကားလမ်းပိုင်း စီမံကိန်းကိုလည်း ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် မေလက နှစ်နိုင်ငံ အစိုးရတို့က နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့သည်။

ချစ်ကြည်ရေးခရီးစဉ်အဖြစ် အောက်တိုဘာ (၁၁) ရက်နေ့က မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့် ထိုင်းဝန်ကြီးချုပ်သည် မြန်မာစစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်လည်း တွေ့ဆုံခဲ့ပြီး ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသည့် တရားမဝင် မြန်မာနိုင်ငံသားများ၏ အရေးနှင့် နယ်စပ်ကုန်သွယ်ရေး ဆွေးနွေးမှုများလည်း ပြုလုပ်ခဲ့ကြောင်း ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

ထို့အပြင် နိုဝင်ဘာ (၇) ရက်နေ့တွင် ကျင်းပမည့် စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ “ဒီရွေးကောက်ပွဲဟာ ပွင့်လင်းမြင်သာမှုနဲ့ တိုးတက်ဖြစ်ထွန်းမှုတွေအတွက် ပထမခြေလှမ်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒါက ပြည်တွင်းရေးရာ ဖြစ်တယ်” ဟု ထိုင်းဝန်ကြီးချုပ် အဘီဆစ် အစိုးရက အကူအညီပေးနိုင်ရန် ကမ်းလှမ်းခဲ့ကြောင်းလည်း ၎င်းက ပြောဆိုသည်။

ထိုင်းဝန်ကြီးချုပ်၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း တရားမ၀င် အလုပ်သမားအရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည့်အပေါ် ယာယီမှတ်ပုံတင်ပြုလုပ်ရန် ကူညီပေးနေသည့် ဘန်ကောက်မြို့မှ ကိုဝဏ္ဏအောင်က “အခုလောလောဆယ် ယာယီနိုင်ငံကူးလက်မှတ်အတွက် မြန်မာအလုပ်သမား (၁) သိန်းခွဲလောက်ပဲ စာရင်းရသေးတယ်လေ။ ထိုင်းအစိုးရက မြန်မာ (၈) သိန်းအထိ မှတ်ပုံတင်နိုင်ဖို့ ကြိုးစားနေတယ်။ ထိုင်းနိုင်ငံထဲမှာ တရားမဝင် မြန်မာအလုပ်သမား ပပျောက်ဖို့အတွက် မြန်မာစစ်အစိုးရက အင်တိုက်အားတိုက် ပူးပေါင်းပါဝင်လာတာ မရှိသေးသရွေ့ တရားမဝင် အလုပ်သမားပြဿနာကို ဖြေရှင်းနိုင်ဖို့ လွယ်မှာ မဟုတ်သေးဘူး။ အခုအချိန်မှာ တရားမဝင် မြန်မာနိုင်ငံသားတွေရဲ့ ပြဿနာဟာ ထိုင်းအစိုးရရဲ့ ပြဿနာသက်သက်လို့ မြန်မာစစ်အစိုးရဘက်က သတ်မှတ်နေတာကို ထိုင်းဝန်ကြီးချုပ်က အနည်းအကျဉ်း ရှင်းပြနိုင်တာကလွဲရင် ထူးမှာ မဟုတ်သေးပါဘူး” ဟု ပြောကြားသည်။