Popular Posts

Tuesday, October 20, 2009

မြန်မာအလုပ်သမားများအတွက် အစီအစဉ်သစ် ထိုင်းနှင့်မြန်မာ သဘောတူညီ

မြန်မာအလုပ်သမားများအတွက် အစီအစဉ်သစ်
ထိုင်းနှင့်မြန်မာ သဘောတူညီ

ရဲရင့် / ၂၀ အောက်တိုဘာ ၂၀၀၉

line

ထိုင်းနိုင်ငံသို့ မြန်မာအလုပ်သမားများ တရားဝင်စေလွှတ်ရေး အစီအစဉ်သစ်အရ အလုပ်ခန့်အပ်မှုစာချုပ် ချုပ်ဆိုခြင်းနှင့် ဆေးစစ်ခြင်းများကို မြန်မာနိုင်ငံဘက်တွင် ဆောင်ရွက်သွားမည်ဟု သိရသည်။

အဆိုပါအစီအစဉ်သစ်ကို ယခုလ (၁၁-၁၂) ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ပြုလုပ်သည့် မြန်မာအလုပ်သမားများ စိစစ်မှတ်ပုံတင်ရေးနှင့် အလုပ်သမားအသစ်များ တရားဝင်စေလွှတ်နိုင်ရေးအတွက် (၇) ကြိမ်မြောက် ထိုင်း-မြန်မာ နှစ်နိုင်ငံခေါင်းဆောင်များ ဆွေးနွေးပွဲတွင် နှစ်ဖက်ခေါင်းဆောင်များ သဘောတူညီခဲ့ကြခြင်းဖြစ်သည်။

ပြည်တွင်းအပတ်စဉ်ထုတ် သတင်းဂျာနယ်တစောင်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းနိုင်ထွန်းက ထိုင်းအလုပ်ရှင်များအနေဖြင့် မြန်မာအလုပ်သမားအသစ်များ ခေါ်ယူရာတွင် လုပ်သားလိုအပ်ချက်ခေါ်စာကို မြန်မာဘက်သို့ ပေးပို့ရမည်ဖြစ်ပြီး အလုပ်သမားရပိုင်ခွင့်၊ ခံစားခွင့်နှင့် နှစ်ဖက်လိုက်နာရမည့် စည်းကမ်းချက်များ ပါရှိရမည်ဖြစ်ပြီး ဆေးစစ်မှုကိုလည်း မြန်မာနိုင်ငံတွင် စစ်ဆေးမည်ဖြစ်သည်ဟု ပြောသည်။

ထို့အပြင် အလုပ်ခန့်အပ်မှုစာချုပ်ကို မြန်မာဘက်သို့ ပေးပို့ရမည်ဖြစ်ပြီး မြန်မာနယ်စပ်ရှိ ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးများတွင် အလုပ်ရှင်ကိုယ်စားလှယ်နှင့် အလုပ်သမားများ စာချုပ်ချုပ်ဆိုရမည်ဖြစ်ကာ အလုပ်ခန့်အပ်ပြီး တလအတွင်း အလုပ်သမားများကို ယာယီနိုင်ငံကူးလက်မှတ်များ ထုတ်ပေးမည်ဟုလည်း ပြောသည်။

အဆိုပါ အစီအစဉ်သစ်များနှင့်ပတ်သက်၍ ထိုင်းဘက်မှလည်း အများပြည်သူများ သိရှိစေရန် မီဒီယာများမှတဆင့် သတင်းထုတ်လွှင့်ခဲ့သည်။

ထိုင်းနိုင်ငံအခြေစိုက် ရောင်ခြည်ဦးအလုပ်သမားအဖွဲ့ကမူ မြန်မာအလုပ်သမားများအတွက် လက်ရှိထက် ပိုမိုဆိုးရွားမည့် အခက်အခဲများနှင့် အသစ်တဖန်ကြုံတွေ့ရမည့် လုပ်ငန်းစဉ်ဟု ပြောသည်။

အဖွဲ့တာဝန်ခံ ဦးမိုးဆွေက “ဒီသဘောတူညီချက်အတိုင်းပဲ အလုပ်သမားတွေကို တရားဝင်လွှတ်ကြရမှာဖြစ်တယ်။ ဒါပေမယ့် ဖြစ်နေတဲ့ပြဿနာက အလုပ်သမားတွေကို အစိုးရဘက်က အကာအကွယ်ပေးမယ်လို့ပြောပြီး ပြောတာနဲ့ လက်တွေ့က အမြဲကွာတယ်၊ ကတိလည်းမတည်ဘူး။ လက်မှတ်သွားလုပ်ရင် တကယ်ကုန်ကျတာက မြန်မာဘက် ကျပ် (၃,၀၀၀)၊ ထိုင်းဘက် ဘတ် (၂,၀၀၀)။ လက်တွေ့မှာက အဲလိုမဟုတ်ဘူး။ ထိုင်းမှာ မြန်မာအစိုးရကနေပြီး အသိအမှတ်ပြုထားတဲ့ အလုပ်သမားအေးဂျင့် (၃) ခုရှိတယ်၊ ဘန်ကောက်မှာအခြေချတယ်။ ဒီကုမ္ပဏီတွေက လက်မှတ်သွားလုပ်တဲ့လူတဦးကို ဘတ် (၆,၀၀၀) ကနေ (၁၀,၀၀၀) အထိယူတယ်။ ဒီကိစ္စကို အစိုးရကနေပြီး တနည်းတဖုံနဲ့ ကိုင်တွယ်သင့်တယ်” ဟု ပြောသည်။

“ဆေးပြန်စစ်ရင် ဘယ်လောက်ကုန်မှာလဲ၊ ဒါလဲ မေးခွန်းတခု။ မြန်မာဘက်ကျပ် (၃) ထောင် ဆိုပေမယ့် ကျပ်သိန်းချီ ကုန်တာတွေရှိတယ်။ ထိုင်းဘက်ပြန်ရောက်ရင် ဘတ် (၂) ထောင် ပေးရအုံးမယ်။ ထိုင်းမှာ အလုပ်သမားလက်မှတ် ပြန်လျှောက်ရင် ကျန်းမာရေးဆေးစစ်ခ (၁,၉၀၀) ထပ်ပေးရအုံးမယ်။ အခု မြန်မာနဲ့ထိုင်း နှစ်ဖက်အစိုးရကိုပေးနေရပြီ။ အဲလို ပေးရတာထက် ဆိုးတာက သတ်မှတ်တာထက် အဆမတန်များတဲ့ငွေကို ပေးနေရတယ်။ မြန်မာအစိုးရအနေနဲ့ မြန်မာအလုပ်သမားတွေကို နိုင်ငံအတွက် ၀င်ငွေရှာပေးနေတဲ့လူတွေလို့ သဘောထားပြီး ဒီကိစ္စကို မှန်မှန်ကန်ကန် ဖြေ ရှင်းပေးဖို့လိုတယ်” ဟုလည်း ဆက်ပြောသည်။

အဆိုပါမြန်မာအလုပ်သမားများ စိစစ်မှတ်ပုံတင်ရေးနှင့် တရားဝင်အလုပ်သမား စေလွှတ်နိုင်ရေးဆိုင်ရာ ထိုင်း-မြန်မာ နှစ်နိုင်ငံခေါင်းဆောင်များ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် မြန်မာဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့်က “အလုပ်သမားတွေအတွက် အခွန်မကောက်ဘူးဆိုတာကို ကျနော်ရောက်တဲ့နေရာတိုင်းမှာ အာမခံပြီးသား ဖြစ်ပါတယ်” ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။

လက်ရှိထိုင်းနိုင်ငံတွင် ထိုင်းအလုပ်သမား မှတ်ပုံတင်ထားသည့် မြန်မာအလုပ်သမား (၁၀) သိန်းခန့်ရှိပြီး မြန်မာနိုင်ငံဘက်မှ ထုတ်ပေးသည့် (၂) နှစ်သက်တမ်းရှိ ယာယီနိုင်ငံကူးလက်မှတ်များကို ပြီးခဲ့သည့် ဇူလိုင်လလယ်မှစပြီး နယ်စပ်မြို့များဖြစ်သည့် ကော့သောင်း၊ မြ၀တီ၊ တာချီလိတ် စသည့်မြို့တို့တွင် စတင်ထုတ်ပေးနေရာ ယခုလ (၁၃) ရက်အထိ လာရောက်ထုတ်ယူသူ မြန်မာအလုပ်သမား (၂,၁၀၀) ဦးရှိသည်ဟု သိရသည်။

နယ်စပ်ဒေသ တည်ငြိမ်ရေး ပူးပေါင်းဆောင်ရွက်ရန် တရုတ်-မြန်မာ နှစ်နိုင်ငံသဘောတူ

နယ်စပ်ဒေသ တည်ငြိမ်ရေး ပူးပေါင်းဆောင်ရွက်ရန်
တရုတ်-မြန်မာ နှစ်နိုင်ငံသဘောတူ

ပေါက်ပေါက် / ၂၀ အောက်တိုဘာ ၂၀၀၉

line

တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ်တလျှောက် တည်ငြိမ်ရေးအတွက် အတူတကွပူးပေါင်းဆောင်ရွက်သွားရန် တရုတ်နိုင်ငံ၊ ကွမ်ရှီးပြည်နယ်၊ နန်နင်မြို့တွင် ရောက်ရှိနေသည့် နအဖအတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးနှင့် တရုတ်ဒု-ဝန်ကြီးချုပ် မစ္စတာ လီခဲချင်တို့အကြား ယမန်နေ့က သဘောတူညီချက်ရရှိခဲ့သည်ဟု တရုတ်အစိုးရက သတင်းထုတ်ပြန်သည်။

တရုတ်အစိုးရအနေဖြင့် တရုတ်-မြန်မာဆက်ဆံရေးကို အလေးထားပြီး မြန်မာ့စီးပွားရေးဆိုင်ရာ တည်ဆောက်မှုများနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆက်လက်ထောက်ခံကူညီသွားမည်ဟု တရုတ် ဒု-ဝန်ကြီးချုပ် မစ္စတာ လီခဲချင်က ပြောခဲ့ကြောင်း တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာန တွင် ဖော်ပြထားသည်။

တရုတ်-မြန်မာနယ်စပ်အခြေစိုက် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောကမူ တရုတ်-မြန်မာနယ်စပ်တည်ငြိမ်အေးချမ်းရေး အတွက် တရုတ်-မြန်မာ နှစ်နိုင်ငံအစိုးရချင်း လုပ်ဆောင်သွား၍မရဘဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင်သည့် သုံးဖက်ပူးပေါင်းဆောင်ရွက်သွားမှသာ အောင်မြင်မည်ဟု ပြောသည်။

၎င်းက “တရုတ်ပြည်ကတော့ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို အမှန်တကယ်လိုလားလို့ ပြောနေတာ။ ဒါပေမယ့် နယ်စပ်မှာရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ မပါဘဲနဲ့တော့ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးဆိုတာ မဖြစ်နိုင်ပါဘူး။ ကိုးကန့်အရေးခင်းတုန်းကလည်း ဒီလိုပဲ ပြောခဲ့တာပဲ။ တကယ် သေနတ်သံထွက်တော့ ဘာမှမတတ်နိုင်ဘူး။ အခုလည်း နအဖဘက်က အတင်းအကျပ် နယ်ခြားစောင့်တပ် လုပ်ခိုင်းမယ်ဆိုရင်တော့ သေနတ်သံ ထွက်လာဦးမှာပဲ” ဟု ပြောသည်။

ကိုးကန့်အရေးအခင်းနှင့်ပတ်သက်၍ တရုတ်ဘက်က သတင်းပေးမှုအရ ဖုန်ကြားရှင်တို့အား မူးယစ်ဆေးဝါးကိစ္စဖြင့် အရေးယူရန် ဆောင်ရွက်ခဲ့ရကြောင်း နအဖက တိုက်ပွဲပြီးနောက်ပိုင်း သတင်းထုတ်ပြန်ခဲ့မှုအပေါ် တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီး မစ္စစ် ကျန်းယုက စက်တင်ဘာ (၁ဝ) ရက်တွင် ငြင်းဆိုထားပြီး တရုတ်အစိုးရအနေဖြင့် မြန်မာ့ပြည်တွင်းရေးကို မည်သည့်အခါကမျှ ဝင်ရောက်မစွက်ဖက်ကြောင်းနှင့် မြန်မာအစိုးရကိုလည်း ငြိမ်းချမ်းစွာ ဖြေရှင်းသည်ကို တွေ့မြင်လိုပါကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် သြဂုတ်လကုန်ပိုင်းက ရှမ်းပြည်နယ်၊ အထူးဒေသ (၁) ကိုးကန့်နယ်မြေအတွင်း ကိုးကန့်တပ်ဖွဲ့နှင့် နအဖတပ်များအကြား ဖြစ်ခဲ့သည့် တိုက်ပွဲများကြောင့် ဒေသအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများ အပါအဝင် စစ်ပြေးဒုက္ခသည် (၃၇,ဝဝဝ) ကျော် တရုတ်ပြည်ဘက်သို့ ထွက်ပြေးခဲ့ရသည်။

စစ်ပွဲများကြောင့် ကိုးကန့်ဒေသတွင် တရုတ်နိုင်ငံသား (၁) ဦး သေဆုံး၍ (၁၃) ဦး ဒဏ်ရာရရှိခဲ့ပြီး တရုတ်ပြည်အတွင်း အမြောက်ကျည် (၃) လုံး ကျရောက်ပေါက်ကွဲ၍ တရုတ်နိုင်ငံသား (၁) ဦး သေဆုံးကာ (၂) ဦး ဒဏ်ရာရရှိခဲ့သည်။

ကိုးကန့်အရေးအခင်းကာလအတွင်း တရုတ်နိုင်ငံသားများ ထိခိုက်သေကျေမှု အပါအဝင် ပစ္စည်းများဆုံးရှုံးမှုအတွက် ကိုးကန့်ဒေသတဖက်ကမ်း လင်ချန်းခရိုင်အစိုးရက နစ်နာကြေး တရုတ်ငွေ သန်း (၂၈ဝ)၊ အမေရိကန်ဒေါ်လာအားဖြင့် သန်း (၄ဝ) ကျော် လျော်ကြေးပေးရန် တောင်းဆိုထားသကဲ့သို့ တရုတ်နိုင်ငံခြားရေးဌာနကလည်း တာဝန်ရှိသူများကို ဖော်ထုတ်အရေးယူပေးရန်နှင့် အရေးယူမှုအခြေအနေအား တရုတ်အစိုးရထံ ပြန်လည်တင်ပြရန် တောင်းဆိုခဲ့သည်။

ဒု-ဗိုလ်ချုပ်ကြီး အုန်းမြင့် ကျန်းမာရေးမကောင်းသဖြင့် တာဝန်မှ အနားပေးထား

ဒု-ဗိုလ်ချုပ်ကြီး အုန်းမြင့် ကျန်းမာရေးမကောင်းသဖြင့်
တာဝန်မှ အနားပေးထား

ခိုင်လင်း / ၂၀ အောက်တိုဘာ ၂၀၀၉

line

ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူး တဦးဖြစ်သည့် ဒု-ဗိုလ်ချုပ်ကြီး အုန်းမြင့်သည် ပြီးခဲ့သည့် သြဂုတ်လလယ်ပိုင်းမှစ၍ စိတ်ဖောက်ပြန်ကာ မင်္ဂလာဒုံစစ်ဆေးရုံတွင် ကုသနေရပြီး ယခင်လ တိုင်းမှူးများအစည်းဝေးတွင် ကစထမှူးတာဝန်မှ အနားပေးလိုက်ကြောင်း သိရသည်။

စစ်တက္ကသိုလ် အပတ်စဉ် (၁၇) ဆင်း ဒု-ဗိုလ်ချုပ်ကြီး အုန်းမြင့်သည် ပြင်ဦးလွင် စစ်တက္ကသိုလ်ကျောင်းအုပ် တာဝန်ဖြင့် ၂ဝဝ၂ ခု၊ ဇူလိုင်မှ ၂ဝဝ၃ ခု၊ သြဂုတ်အထိ ဆောင်ရွက်ခဲ့ပြီးနောက် မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) သို့ ပြောင်းရွှေ့တာဝန်ယူခဲ့သည်။

မပခတိုင်းမှူးဘဝနှင့်ရှိနေစဉ်အတွင်း သူ့မိန်းမ၏ဆွေမျိုးများက စီးပွားရေးအခွင့်အလမ်းများရယူကာ ကြီးပွားချမ်းသာလာခဲ့ပြီး ဒု-ဗိုလ်ချုပ်ကြီး အုန်းမြင့် ကချင်ပြည်နယ်မှ ပြောင်းရွှေ့ခံရပြီးနောက်ပိုင်း သူ့ဆွေမျိုးများ၏ လုပ်ငန်းများကို စစ်ဆေးခံရမှုများ ရှိလာပြီး အရက်အလွန်အကျွံသောက်ရာမှ စိတ်ဖောက်ပြန်သွားခြင်းဖြစ်သည်ဟု သူ့ဆွေမျိုးများနှင့်နီးစပ်သူ မြစ်ကြီးနားမြို့ခံတဦးက ပြောသည်။

၎င်းက “သူ့မိန်းမက မြစ်ကြီးနား၊ ခတ်ချိုကျေးရွာသူ။ သူက မပခတိုင်းမှူးဘဝနဲ့ (၅) နှစ်လောက် နေသွားရတယ်။ နဂိုကတည်းက အရက်ကို သောက်နေတဲ့သူ။ အဲဒီမှာ မြစ်ကြီးနားလေယာဉ်ကွင်း ပြုပြင်မွမ်းမံဖို့ ချပေးထားတဲ့ ကန်ထရိုက်ကို သူ့သားက ရထားတာ။ ဗိုလ်ချုပ်သာအေးက ကစထမှူးတာဝန်နဲ့ ဒီဘက်လည်းရောက်လာရော စစ်ဆေးတာတွေ ရှိလာတော့ ပြဿနာတွေ ပေါ်ကုန်တာ။ အဲဒီမှာ ရူးချင်ဟန်ဆောင်သွားတာလား၊ တကယ်ပဲ ရူးသွားသလားတော့ မပြောတတ်ဘူး။ စိတ်ဖောက် သွားတယ်ဆိုပြီး သူ့အမျိုးတွေဆီက ပြန်ကြားရတာ” ဟု ပြောသည်။

မပခတိုင်းမှူး တာဝန်ယူနေစဉ်ကာလအတွင်း ဆွေမျိုးများက သစ်လုပ်ငန်းများကို အောင်မိုင်ကုမ္ပဏီခံ၍ လုပ်ကိုင်ခဲ့ကြပြီး အလွန်ချမ်းသာကြွယ်ဝနေကြသည်ဟု အဆိုပါမြို့ခံက ပြောသည်။

၎င်းက “သူ့ယောက်ဖတွေပေါ့။ ဘိုဘိုတို့၊ ဂူဂူးတို့၊ သူ့မိန်းမ မောင်တွေက သံမလန်းသစ်တွေ၊ ကျွန်းတွေကို ပါမစ်ရသွားတာ။ အောင်မိုင်ကုမ္ပဏီဆိုတာက တရုတ်သူဌေးက ပိုင်တာ။ သူတို့က နာမည်ခံပေးတာ။ ဟို သူဌေးက ဘာမှစားလိုက်ရတာ မဟုတ်ဘူး။ အဲဒီ ဂူဂူး၊ ဘိုဘို ညီအစ်ကိုတွေရဲ့ မိန်းမဘက်က အမျိုးတွေကော သူဌေးဖြစ်သွားတာ” ဟု ပြောသည်။

၂ဝဝ၃ ခုမှ ၂ဝဝ၈ ခု ဇွန်လအထိ မပခတိုင်းမှူး တာဝန်ယူခဲ့ရာတွင် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတို့အား တာဝန်ယူကွပ်ကဲရသည့် ကစထမှူးဖြစ်လာခဲ့ပြီး ယခုနှစ် မေလတွင် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် မကွေးတိုင်းတို့အား ကွပ်ကဲရသည့် ကစမှူးအဖြစ် ပြောင်းရွှေ့ခံခဲ့ရသည်။

ဒု-ဗိုလ်ချုပ်ကြီး အုန်းမြင့်အား ပြီးခဲ့သည့်လ (၂၂) ရက်မှ (၂၅) ရက်အထိ နေပြည်တော်တွင် ပြုလုပ်သည့် တိုင်းမှူးများ၊ တပ်မမှူးများ အစည်းဝေးအတွင်း တာဝန်မှ အနားပေးထားခဲ့သည်ဟု စစ်ဘက်နှင့်နီးစပ်သည့် သတင်းရပ်ကွက်မှ သိရသည်။