Popular Posts

Monday, November 1, 2010

အထူးအယူခံက ဥပဒေစိုးမိုးမှုကို သက်သေပြရန်ဖြစ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

အထူးအယူခံက ဥပဒေစိုးမိုးမှုကို သက်သေပြရန်ဖြစ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

 ၂၉ အောက်တိုဘာ ၂၀၁၀

ယနေ့ အပြီးသတ်လျှောက်လဲချက်ပေးသည့် ၎င်း၏အထူးအယူခံသည် မြန်မာနိုင်ငံတရားရုံး၏ ဥပဒေစိုးမိုးမှု မည်မျှရှိကြောင်း သက်သေပြရန် ဥပမာကောင်းတရပ် ဖြစ်လာမည်ဟု ဒေါ်အောင်ဆန်းစုကြည်က မျှော်လင့်ထားကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင်ရှေ့နေတဦး ဖြစ်သူ ဦးဉာဏ်ဝင်းက “ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယူခံ နိုင်မနိုင် ဆိုတာက ဒီအထူးအယူခံဟာ မြန်မာပြည်မှာ တရားဥပဒေ စိုးမိုးရေး ဘယ်လောက်ရှိသလဲ၊ အဲဒီ ဥပဒေစိုးမိုးမှုကို ဘယ်လောက်ထိ လိုက်နာမလဲဆိုတာ သက်သေပြဖို့ ဖြစ်တယ်။ တကယ်လို့ တရားဥပဒေ စိုးမိုးမှုရှိရင် နိုင်မှာပေါ့။ တရားသေ လွှတ်ပေးရမယ်ပေါ့။ ဒါကြောင့် တရားရုံးက ဘယ်လိုအမိန့်ချမလဲဆိုတာ ဒေါ်အောင်ဆန်းစုကြည်က စောင့်ကြည့်ရမယ်လို့ ပြောပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒေါ်ခင်ခင်ဝင်းနှင့် မဝင်းမမတို့၏ နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှု ပြစ်ဒဏ်နှင့်ပတ်သက်၍ အောက်တိုဘာ (၂၉) ရက်နေ့ နံနက် (၁၀) နာရီမှစ၍ နေပြည်တော် ဗဟိုတရားရုံးချုပ်၌ (၅) ဦးထိုင် တရားသူကြီး ရှေ့မှောက်တွင် နှစ်ဘက်ရှေ့နေများ အပြီးသတ် လျှောက်လဲချက် ကြားနာခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ နေအိမ်ခြံဝင်းအတွင်းသို့ ကျူးကျော်ဝင်ရောက်လာသူ အမေရိကန်နိုင်ငံသား ဂျွန်ဝီလီယံ ယက်တောကို လက်ခံခဲ့မှုကြောင့် ၁၉၇၄ ခုနှစ် ဥပဒေပါ ပြည်တွင်းလုံခြုံရေး ဥပဒေ ချိုးဖောက်မှုဖြင့် နေအိမ်အကျယ်ချုပ် ပြစ်ဒဏ် ချမှတ်ခံရခြင်း ဖြစ်သည်။

ချမှတ်ထားသည့် အဆိုပါပြစ်ဒဏ်သည် စစ်အစိုးရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင် ဖျက်သိမ်းကြောင်း လက်မှတ်ရေးထိုးထားပြီး ဖြစ်၍ ဥပဒေကြောင်းအရ လွဲချော်နေသဖြင့် ပြင်ဆင်ပေးရန် ယနေ့ နောက်ဆုံးအဆင့် လျှောက်လဲခဲ့ခြင်း ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

“အမိန့်ချဖို့ သာမန်အားဖြင့် အနည်းဆုံး (၁) ပတ် ကြာတတ်ပါတယ်။ အခုလည်း ဘယ်နေ့ အမိန့်ချမလဲဆိုတာ သေချာ မသိသေးပါဘူး” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပြစ်ဒဏ် (၁၈) လသက်တမ်းသည် လာမည့် နိုဝင်ဘာ (၁၃) ရက်နေ့၌ ကုန်ဆုံးမည် ဖြစ်ပြီး အဆိုပါ လွတ်မြောက်ရက်သည် ရွေးကောက်ပွဲ ကျင်းပရက်နောက်ပိုင်း (၆) ရက်အကြာတွင် ဖြစ်သည်။

ရှေ့နေ ဦးဉာဏ်ဝင်းက “အခု အယူခံဝင်တာက တရားလမ်းကြောင်းအရ အသက်မရှိတော့တဲ့ ဥပဒေနဲ့ ပြစ်ဒဏ်ပေးတာကို ထောက်ပြတာ ဖြစ်တယ်။ ကျနော်တို့ဘက်က အနိုင်ရရင် မြန်မာပြည်အတွက် နိုင်ငံတော် တရားရုံးက တရားဥပဒေအတိုင်း လိုက်နာမှုရှိတဲ့ ဥပမာကောင်းတခု ဖြစ်မှာပါ” ဟု ပြောသည်။

ချမှတ်ခဲ့သည့် ပြစ်ဒဏ်များအပေါ် အယူခံဝင်ခဲ့ရာတွင် ရန်ကုန်တိုင်း တရားရုံးက ပယ်ချခဲ့သည့်နောက်ပိုင်း ပြီးခဲ့သည့် မေလမှစ၍ ဗဟိုတရားရုံးချုပ်သို့ အကြိမ်ကြိမ် တင်သွင်းလျှောက်ထားခဲ့ရာမှ ယခုကဲ့သို့ နေပြည်တော် ဗဟိုတရားရုံးချုပ်၌ နောက်ဆုံးအဆင့် လျှောက်လဲခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ထိန်းသိမ်းထားရာမှ ရှေ့လအတွင်း ပြန်လွှတ်ပေးမည် ဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ကျင်းပသည့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာစီယံ) ထိပ်သီးညီလာခံ တက်ရောက်နေသော မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း၏ ပြောကြားချက်ကို ကိုးကား၍ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာသီ နတ်တလီဂါဝါက ပြောဆိုခဲ့သည်။

ရွေးကောက်ပွဲအကြို အင်တာနက်လိုင်း ထိန်းချုပ်

ရွေးကောက်ပွဲအကြို အင်တာနက်လိုင်း ထိန်းချုပ်


မြန်မာနိုင်ငံတွင် လတ်တလော အင်တာနက် ဆက်သွယ်မှုများ လုံးဝနီးပါး ပြတ်တောက်ရခြင်းမှာ ရွေးကောက်ပွဲကာလ၌ ပြည်ပသို့ သတင်းစီးဆင်းမှု မရှိစေရန် စစ်အစိုးရက ကြိုတင် ထိန်းချုပ် လိုက်ခြင်းသာ ဖြစ်ကြောင်း သတင်းရရှိသည်။

ယင်းကဲ့သို့ထိန်းချုပ်မှုကို ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနက ပြုလုပ်ခြင်းဖြစ်သည်ဟုလည်း ဝန်ကြီးဌာန နှင့် နီးစပ်သူက ပြောသည်။

“၄၅ mbps နှုန်းရှိတဲ့ SEA- ME- We- 3 ရေအောက်ကေဘယ်လ် အပြင် ၁၅ mbps နှုန်းရှိတဲ့ ဂြိုဟ်တုဆက်သွယ်မှုတွေနဲ့ ချိတ်ဆက် ထားတဲ့ စစ်ဘက်၊ အစိုးရဘက်ဆိုင်ရာဌာနတွေမှာတော့ အင်တာနက်လိုင်း က ဘာမှမဖြစ်ဘူး။ အင်တာနက် အသုံးပြုရ တဲ့ လုပ်ငန်းတွေ၊ အင်တာနက် ကဖေးတွေမှာတော့ ဒီတလောအတွင်း ပြည်ပကို သတင်းပေါက်ကြားမှာစိုးလို့ အစိုးရက အင်တာနက်နှုန်းတွေကို လျှော့ချပစ်တာ”ဟု အဆိုပါ ဝန်ကြီးဌာနနှင့် နီးစပ်သူက ဧရာဝတီသို့ ပြောသည်။

စာနယ်ဇင်းသမားများ နှင့် နိုင်ငံတကာစောင့်ကြည့်လေ့လာသူများကလည်း ပြီးခဲ့သည့် နှစ်ပေါင်းနှစ်ဆယ်တွင် ပထမဆုံး ကျင်းပမည့် ရွေးကောက်ပွဲကာလတွင် အင်တာနက်၊ တယ်လီဖုန်း ဆက်သွယ်မှုများ ပြတ်တောက်မည်ကို စိုးရိမ်နေကြ သည်။

စစ်အစိုးရသည် ရွေးကောက် ပွဲကာလတွင် အင်တာနက်ချိတ်ဆက်မှုကို ထိန်းချုပ်မည်၊ ယခုအကြိမ် အင်တာနက်လိုင်းများ နှေးကွေးခြင်း၊ ပြတ်တောက်ခြင်းတို့မှာလည်း စစ်အစိုးရက ထိန်းချုပ်ထားခြင်းဖြစ်သည်ဟု နယ်စည်းမခြား သတင်းထောက် များ အဖွဲ့ (RSF) နှင့် မြန်မာ့သတင်းသမဂ္ဂ (BMA) တို့က ပူးပေါင်းထုတ်ပြန်သည့် ကြေညာချက်တွင် ပါရှိသည်။


ယင်းကိစ္စကို စစ်အစိုးရထိန်းချုပ်ထားသည့် ရတနာပုံတယ်လီပို့က ပြည်တွင်း အင်တာနက်လိုင်းများကို ပြည်ပမှ DDoS စနစ်ဖြင့် တိုက်ခိုက်သဖြင့် အင်တာနက်လိုင်းများ ပြတ်တောက်ရခြင်းဖြစ်သည်ဟု ရတနာပုံ ဝက်ဘ်ဆိုဒ် တွင် ဖော်ပြထားသည်။

ကွန်ပျူတာပညာရှင်များက DDoS စနစ်ဖြင့် တိုက်ခိုက်ခြင်းသည် ဝက်ဘ်ဆိုဒ်များကိုသာ တိုက်ခိုက်နိုင်ပြီး အင်တာနက် ဆာဗာကို တိုက်ခိုက်၍ မရကြောင်း ပြောဆိုသည်။

မြန်မာနိုင်ငံတွင်း အင်တာနက် ဆက်သွယ်မှုများကို ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန နှင့် ရတနာပုံ တယ်လီပို့ တို့မှ ဝန်ဆောင်မှု ပေးနေပြီး စစ်ဘက်နှင့် အစိုးရဘက်ဆိုင်ရာဌာနများအတွက်ကို ဝန်ကြီးဌာနမှ လည်းကောင်း သာမန် အရပ်သားများအသုံးပြုရန်အတွက် ရတနာပုံ တယ်လီပို့ မှ လည်းကောင်း တာဝန်ယူရသည်။

လာမည့် ရွေးကောက်ပွဲကာလတွင် ပြည်တွင်းအခြေစိုက် သတင်းထောက်များအနေဖြင့် ပြည်ပသို့ သတင်း အချက်အလက် များ၊ ဓာတ်ပုံများကို အင်တာနက်မှတဆင့် ပို့ရန် ခက်ခဲလိမ့်မည်ဖြစ်ကြောင်း လေ့လာသုံးသပ်သူများက ပြောဆိုသည်။

၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးကာလအတွင်း စစ်အစိုးရက အင်တာနက်လိုင်းများ ထိန်းချုပ်ခြင်း၊ အင်တာနက် ကဖေးများကို ပိတ်ခိုင်းခြင်း တို့ပြုလုပ်ခဲ့ဖူးသည်။

ယနေ့ထုတ် အေပီ သတင်းတွင် အင်တာနက်ကို အဓိကအသုံးပြုရသည့် ဟိုတယ်များ၊ ခရီးသွားအေဂျင်စီများက ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းမှစပြီး အင်တာနက်လိုင်းများ နှေးကွေးခြင်း၊ ပြတ်တောက်ခြင်းများကို ပြောဆိုခဲ့သည်ဟု ဖော်ပြထား သည်။

၎င်းတို့ကလည်း အင်တာနက်လိုင်းများပြတ်တောက်ခြင်းသည် ရက်သတ္တပတ်ခန့် ကြာမြင့်ဦးမည်ဖြစ်ကြောင်း ခရီးသွားများ ကို ပြောဆိုသည်ဟုလည်း ဖော်ပြထားသည်။

တချို့နေရာများကလည်း ယနေ့မှစ၍ တယ်လီဖုန်းလိုင်းများပါ ခက်ခဲလာသည်ဟု ပြောဆိုကြသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကလည်း ရွေးကောက်ပွဲကျင်းပမည့် နေ့တွင် မဲရုံပရဝုဏ် အတွင်း သတင်းယူခြင်း၊ ဓာတ်ပုံရိုက်ခြင်းများကို တားမြစ်သည်ဟု ကြေညာချက်ထုတ်ပြန်ထားသည်။

RSF မှ ထုတ်ပြန်သည့် အစီရင်ခံစာများအရ ဥရောပတိုက်မှ သတင်းထောက်တချို့သည် မြန်မာနိုင်ငံသို့ သွားရန် ခရီးသွား ဗီဇာ လျှောက်ထားရာတွင် ငြင်းပယ်ခံရကြောင်း၊ စစ်အစိုးရက ဂူဂဲလ် အသုံးပြုကာ လျှောက်ထားသူများ၏ အလုပ်အကိုင်၊ အထောက် အထားကို ရှာဖွေခဲ့ရာ သတင်းထောက်အဖြစ် တွေ့ရှိခဲ့သဖြင့် ဗီဇာထုတ်မပေးခြင်းဖြစ်သည်ဟု ပြင်သစ် သတင်းထောက်တဦးက ပြောဆိုသည်။

RSF အစီရင်ခံစာတွင် သတင်းထောက်များအနေဖြင့် မြန်မာနိုင်ငံသို့ သွားရာတွင် ဂျာနယ်လစ် ဗီဇာဖြင့်သွားရန် မလွယ်ကူ ကြောင်း ခရီးသွား ဗီဇာဖြင့်သာ သွားရောက်နိုင်ကြောင်း ဖော်ပြထားသည်။

၂၀၁၀ ခုနှစ်အတွင်း RSF မှ ထုတ်ပြန်ခဲ့သည့် အင်တာနက်၏ ရန်သူများ Enemies of the Internet အမည်ရသည့် အစီရင်ခံစာ၌ မြန်မာနိုင်ငံသည် အဆိုးဆုံး ၁၀ နိုင်ငံတွင် ပါဝင်သည်ဟု ဖော်ပြထားသည်။

ထိုင်း လေယာဉ် ရန်ကုန်လေဆိပ်၌ ပြေးလမ်းချော်

ထိုင်း လေယာဉ် ရန်ကုန်လေဆိပ်၌ ပြေးလမ်းချော်


ဘန်ကောက် - ရန်ကုန် ပျံသန်းနေသည့် Thai Airways International (TG) လေကြောင်းမှ ခရီးသည် ၁၈၃ ဦး လိုက်ပါလာသော လေယာဉ်တစီးသည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြေးလမ်းချော်မှု ယနေ့ နံနက်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိ သည်။
ygn-air-port
၂၀၀၇ ခုနှစ်အတွင်းက အသစ်ပြုပြင် မွမ်းမံထားသည့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် (ဓာတ်ပုံ - wikipedia)
“လေယာဉ်က ခရီးသည်တွေကို လေဆိပ်ထဲကို သွားပို့မယ့် အချိန် အကွေ့တနေရာမှာ လေယာဉ်က ပြေးလမ်းချော်ပြီးတော့ ပြေးလမ်း ဘေးမှာ ရှိတဲ့ မြက်ခင်းပေါ်ကို ကျသွားတယ်”ဟု ဘန်ကောက်မြို့ရှိ Thai Air Ways လေကြောင်းမှ ၀န်ထမ်းတဦးက ဧရာဝတီသို့ ပြောသည်။ ခရီးသည်များ ထိခိုက်ဒဏ်ရာ မရရှိကြောင်းလည်း သိရသည်။

ယနေ့ ထိုင်း စံတော်ချိန် ၈နာရီ ၁၅ မိနစ် ရန်ကုန်သို့ ထွက်ခွာသွားသည့် ၎င်း ထိုင်းလေကြောင်းလိုင်းမှာ ခရီးသည်တင် Air Bus 
A 300 လေယာဉ် အမျိုးအစားဖြစ်သည်။

ထိုင်း လေကြောင်းလိုင်းသည် ရန်ကုန် လေဆိပ်သို့ ဆင်းသက်ခဲ့ပြီးနောက် ပြေးလမ်းပေါ်တွင်ပင် မတော်တဆ ဖြစ်ပွားခဲ့ကြောင်း Thai Air Ways လေကြောင်းမှ ၀န်ထမ်းက ဆိုသည်။

ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့သောကြောင့် ခရီးများ လေယာဉ်ပေါ်မှ ခက်ခဲစွာ ဆင်းခဲ့ရပြီး လေယာဉ်ကိုလည်း ပြေးလမ်းပေါ် ရောက် ရန် ပြန်လည် ဆွဲတင်ခဲ့ရကြောင်း သိရသည်။