Popular Posts

Thursday, August 19, 2010

ဒီကေဘီအေ တပ်ဖွဲ့ဝင်များ ထုတ်ပစ်မှု အဖွဲ့အတွင်း မကျေနပ်ကြ

ဒီကေဘီအေ တပ်ဖွဲ့ဝင်များ ထုတ်ပစ်မှု အဖွဲ့အတွင်း မကျေနပ်ကြ
၁၉ သြဂုတ် ၂၀၁၀


နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရာတွင် ပိုလျှံသည့် ဒီကေဘီအေတပ်ဖွဲ့ဝင် (၂,၀၀၀) ကျော်အား အဖွဲ့မှ ထုတ်ပယ်လိုက်သည့် အကျိုးဆက်ကို ဒီကေဘီအေ ခေါင်းဆောင်များ ပေးဆပ်ကြရမည်ဟု အပယ်ခံတပ်မှူးတဦးက ပြောကြားသည်။


လက်နက်ကိုင် အင်အား (၃,၀၀၀) ကျော်ရှိသည့် ဒီကေဘီအေ အဖွဲ့ကို နယ်ခြားစောင့်တပ် အသွင်ပြောင်းရာတွင် နအဖမှ တပ်ရင်း (၃) ရင်းစာ စစ်သည်အင်အား (၁,၀၀၀) ခန့်သာ လက်ခံသောကြောင့် ကျန်တပ်ဖွဲ့ဝင် (၂,၀၀၀) ကျော်ကို အဆင့်အလိုက် နစ်နာကြေးပေးကာ အဖွဲ့မှ ထုတ်ပယ်လိုက်သည့်အတွက် အပယ်ခံများအကြား မကျေနပ်မှုများ ဖြစ်ပေါ်နေသည်။


“ဒီကိစ္စကို ပြေလည်အောင် မညှိနှိုင်းဘဲ အဖွဲ့ဥက္ကဋ္ဌ ဦးသာထူးကျော်နဲ့ ဒု-ဥက္ကဋ္ဌ စောကျော်သန်းတို့ဟာ သူတို့ကိုယ်ကျိုးအတွက် နအဖနဲ့ပေါင်းပြီး တချိန်က ကိုယ့်အမျိုးသားအတွက် အသက်ပေး အတူတွဲ တိုက်ပွဲဝင်လာခဲ့ကြတဲ့ ရဲဘော်ရဲဘက်တွေရဲ့ သစ္စာကိုမှမထောက်ဘဲ ကိုယ့်အမျိုးသားတပ်ကို ဗမာတပ်ထဲသွင်းပြီး ကျန်တဲ့လူတွေကို မျက်နှာလွှဲခဲပစ် လုပ်တာကို အများစုက လုံးဝမကျေနပ်ဘူး။ ဒီဆိုးကျိုးတွေကို သူတို့ပေးဆပ်ရမှာဖြစ်တယ်” ဟု အဆိုပါတပ်မှူးက ပြောသည်။


မြ၀တီခရိုင်အခြေစိုက် ဒီိကေဘီအေ (၉၉၉) မှ ထုတ်ပယ်ခံရသည့် အသက် (၅၀) အရွယ်ရှိ စောစေးက “အမျိုးသားရေးအတွက် လုပ်ဆောင်ခဲ့တာတွေဟာ နောက်ဆုံးမှာ လူငယ်တွေ ဗမာစစ်သားဖြစ်ပြီး အသက်အရွယ်ကြီးသူတွေ တပ်က အထုတ်ခံလိုက်ရတယ်။ အရာရှိအဆင့်တွေကို တောထဲမှာ မြေတကွက်နဲ့ နစ်နာကြေးတချို့ပေးပြီး ရဲဘော်တွေကျတော့ မြေကွက်တောင်မရဘဲ ကျပ် (၁) သိန်း၊ (၂) သိန်းလောက်နဲ့ ကျေနပ်လိုက်ရတာတွေ ရှိတယ်။ အောက်ခြေရဲဘော်တွေက မကျေနပ်ပေမယ့် ဘာမှ မတတ်နိုင်တော့ဘူး။ ဒီပြဿနာဆက်က အခြေအနေတွေ ရှုပ်ထွေးပြီး ကရင်တွေအချင်းချင်း သတ်ဖြတ်ကြမယ့် အခြေဆိုက်ဦးမယ်” ဟု ပြောသည်။


တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) က နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းသည့် စစ်ရေးပြပွဲကို မြိုင်ကြီးငူ ဌာနချုပ်တွင် ယမန်နေ့၌ ပထမအသုတ်အဖြစ် စတင်ကျင်းပခဲ့သည်။


ဒုတိယအသုတ်အဖြစ် ယခုလ (၂၀) ရက်တွင် (၉၉၉) တပ်မှ ဗျူဟာမှူး စောချစ်သူအဖွဲ့က မြ၀တီမြို့နယ်ရှိ မယ်ပလက်ရွာ၌ လည်းကောင်း၊ တတိယအသုတ်အဖြစ် (၂၄) ရက်တွင် ဒီကေဘီအေ ကလို့ထူးဘောဒေသမှ ဗိုလ်မှူးကြီး စောမောသိုဦးစီးအဖွဲ့ က မြ၀တီမြို့နယ်ရှိ မေတ္တာလင်းမြိုင်ရွာ၌လည်းကောင်း ပြုလုပ်မည်ဟု သိရသည်။


မြိုင်ကြီးငူတွင် ယမန်နေ့က ပြုလုပ်သည့် ဌာနချုပ်တပ်ရင်းများ ကိုယ်စားပြု နယ်ခြားစောင့်တပ်ရင်းအမှတ် (၁၀၀၄) အသွင်ပြောင်းပွဲကို နအဖ အဆင့်မြင့်အရာရှိများ တက်ရောက်ခဲ့ကြသည်။


ဒီကေဘီအေ ဒု-ဥက္ကဋ္ဌစောကျော်သန်းက “တောထဲမှာ ကျန်ရှိနေသေးတဲ့ ကျနော်တို့ သွေးချင်းညီအစ်ကိုတွေလည်း ကိုလိုနီနယ်ချဲ့ဖက်ဆစ်တွေနဲ့ ပြည်ပြေးနိုင်ငံရေးသမား သစ္စာဖောက်များရဲ့ သွေးထိုးမြှောက်ပင့်နေကြတာကို နားမယောင်ဘဲ အားလုံးရဲ့အကျိုးကို ဆောင်ရွက်တဲ့ ပြည်ထောင်စုစိတ်ဓာတ်နဲ့ သယ်ပိုးထမ်းဆောင်ကြဖို့ ဖိတ်ခေါ်အပ်ပါတယ်” ဟု ပြောကြားသည်။


နိုင်ငံတော်၏ ဂုဏ်ပြုချီးမြှင့်ငွေဟုဆိုကာ အရှေ့တောင်တိုင်း တိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်းက ဒီကေဘီအေအဖွဲ့သို့ ကျပ်ငွေ (၂,၃၈၃) သိန်းနှင့် ဒုက္ခိတဖြစ်သွားသည့် တပ်ဖွဲ့ဝင် (၄၀) တို့အား နစ်နာကြေးများ ပေးအပ်ခဲ့သည်။


ဒီကေဘီအေကို နယ်ခြားစောင့်တပ် အသွင်ပြောင်းခဲ့သော်လည်း တိုးတက်သော ကရင်ဗုဒ္ဓဘာသာအစည်းအရုံးအမည်ဖြင့် အဖွဲ့နာယက ဆရာတော် ဦးသုဇန၊ ဥက္ကဋ္ဌ ဦးသာထူးကျော်တို့ ဦးဆောင်ကာ ဆက်လက်တည်ရှိနေမည်ဟု သိရသည်။


ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) မှ ခွဲထွက်ကာ ဒီကေဘီအေအဖွဲ့ကို ၁၉၉၄ နှစ် ဒီဇင်ဘာ (၂၁) ရက်တွင် စတင်ဖွဲ့စည်းခဲ့သည်။

ထိုင်းနိုင်ငံအတွင်း ဆယ်စုနှစ်ကျော် နေထိုင်ခဲ့သူများ တရားဝင်နေထိုင်ခွင့် ရမည်

ထိုင်းနိုင်ငံအတွင်း ဆယ်စုနှစ်ကျော် နေထိုင်ခဲ့သူများ တရားဝင်နေထိုင်ခွင့် ရမည် 

၁၉ သြဂုတ် ၂၀၁၀


ဆယ်စုနှစ်နှင့်ချီ၍ ထိုင်းနိုင်ငံအတွင်း နေထိုင်နေသော တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများအား အမြဲတမ်း နေထိုင်ခွင့်ပေးအပ်ရန် ထိုင်းအမျိုးသား လုံခြုံရေးကောင်စီမှ စဉ်းစားနေပြီဖြစ်ကြောင်း ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြပါရှိသည်။

ထိုင်းနိုင်ငံအတွင်း တရားမဝင်အဖြစ် နှစ်ပေါင်း (၂၀၊ ၃၀) နေထိုင်လာခဲ့သည့် ရွှေ့ပြောင်းနေထိုင်သူများအား အမြဲတမ်းနေထိုင်ခွင့် အဆင့်အတန်းနှင့်ညီမျှသော အဆင့်အတန်းတခု ပေးအပ်ရန် ထိုင်းအမျိုးသား လုံခြုံရေးကောင်စီက စဉ်းစားနေပြီဖြစ်ကြောင်း ကော်မတီအထွေထွေအတွင်းရေးမှူး ခွန်သဝီ ပလီယန်စရီက ပြောကြားသည်။

ထိုင်းနိုင်ငံအတွင်း ဝင်ရောက်နေထိုင် အလုပ်လုပ်ကိုင်နေသော လူဦးရေ (၃) သန်းနှင့် ပတ်သက်၍ ယမန်နေ့က ကျင်းပသော အစည်းအဝေးတွင် အမျိုးအစား (၄) မျိုး ခွဲခြားသတ်မှတ်ခဲ့ပြီး (၈၀) ရာခိုင်နှုန်းသည် ရွှေ့ပြောင်းအလုပ်သမားများဖြစ်ကြသည်ဟု သိရသည်။

ထိုင်းနိုင်ငံတွင် လာရောက် နေထိုင်နေသောသူများအား သက်ဆိုင်ရာနံပါတ်ဖြင့် အမျိုးအစားခွဲခြားထားပြီး ထိုင်းနိုင်ငံသား အပါအဝင် အထောက်အထားလက်မှတ် ကိုင်ဆောင်ထားသူများသည် ဂဏန်း (၁၃) လုံးပါသော ကိုယ်ပိုင်သက်သေခံအမှတ် ရှိကြကာ ရွှေပြောင်းအလုပ်သမားများ၏ အမှတ်စဉ်မှာ (၀၀) ဖြင့် စတင်သည်။

ထိုင်းနိုင်ငံအတွင်း အမြဲတမ်းနေထိုင်ခွင့်ရမည့်သူများသည် ပထမအဆင့် အုပ်စုတွင်ပါဝင်ပြီး လူဦးရေ (၂) သိန်းခန့် ရှိကာ ၎င်းတို့ကို ထုတ်ပေးထားသော ယာယီနေထိုင်ခွင့် မှတ်ပုံတင်တွင် နံပါတ် (၆) ဖြင့် စတင်သည်။ ထိုသူတို့၏ ရင်သွေးများမှာ နံပါတ် (၇) ဖြင့် စတင်ပြီး ယင်းကလေးသူငယ်များသည် ထိုင်းနိုင်ငံသားအဖြစ် ခံယူခွင့်ရရှိမည်ဖြစ်သည်။

ဒုတိယအမျိုးအစားမှာ နေထိုင်ခွင့် (၁၀) နှစ်ကတ်ဟု လူသိများပြီး (၀) ဖြင့်စတင်၍ လူဦးရေ (၅) သိန်းခန့် ရှိနေပြီး တရားဝင်အထောက်အထား ထုတ်ပေးထားသူများမှာ (၁) သိန်းခန့်သာ ရှိသေးကာ ကျန်သူများကို ဆက်လက်စာရင်း ကောက်ယူရန် စဉ်းစားမည်ဖြစ်သည်။

တတိယအမျိုးအစားမှာ အထူးသဖြင့် ဒုက္ခသည်များကို ဆိုလိုပြီး ထိုင်းခရိုင် (၄) ခုတွင်ရှိသော စခန်း (၉) ခုတွင် နေထိုင်သူများဖြစ်ကာ အချို့မှာ ရိုဟင်ဂျာနှင့် မြောက်ကိုးရီးယား လူမျိုးများ ပါဝင်မည်ဖြစ်သည်။ ထိုသူများအား လူသားချင်းစာနာမှုအဖြစ် ယာယီနေထိုင်ခွင့် ပေးထားမည် ဖြစ်သော်လည်း အမြဲတမ်းနေထိုင်ခွင့် ရဦးမည်မဟုတ်ပေ။

စတုတ္ထအမျိုးအစားမှာ ထိုင်းနိုင်ငံသို့ တရားဝင်ဗီဇာဖြင့် လာရောက်ပြီး နေထိုင်ခွင့်လွန်သွားသူများဟု သတ်မှတ်သည်။

ထို့အပြင် ၁၉၉၅ ခုနှစ် ဇန်နဝါရီလ (၁၈) ရက်နောက်ပိုင်းတွင် ထိုင်းနိုင်ငံအတွင်း မွေးဖွားလာသော ကလေးသူငယ်များအား နိုင်ငံသားဖြစ်ခွင့်ကိုလည်း စဉ်းစားသွားမည်ဖြစ်သည်။ အဆိုပါကလေးများအကြားတွင် မိဘမဲ့ကလေးဦးရေ (၂,၉၀၀) ခန့် ရှိနေသည်ဟု သိရသည်။

ထိုသို့အမြဲတမ်း နေထိုင်ခွင့်ရရှိမည့်သူများသည် အစိုးရထံ အခွန်ဆောင်ရမည်ဖြစ်ပြီး နေထိုင်စဉ်ကာလအတွင်း နေထိုင်ရာဒေသ၏ လုပ်သားလိုအပ်ချက်အပေါ် မူတည်၍ အလုပ်ရရှိမည်ဖြစ်သည်။

မဲဆောက်မြို့နေ မြန်မာနိုင်ငံသားတဦးက သူမကိုင်ဆောင်ထားသော လက်မှတ်သည် နံပါတ် (၆) ဖြင့် စတင်ပြီး ရင်သွေးငယ်မှာလည်း အလားတူဖြစ်သည်ဟု ဆိုသည်။ သို့ရာတွင် အဆိုပါကလေးသည် ၁၉၉၅ နောက်ပိုင်း မွေးဖွားလာသူဖြစ်၍ နိုင်ငံသား ဖြစ်ခွင့်ရှိမည်ဖြစ်သည်။

မြန်မာ့ရေပိုင်နက်အတွင်း အစိုးရတပ်ချင်း ပစ်ခတ်မှုဖြစ်


မြန်မာ့ရေပိုင်နက်အတွင်း အစိုးရတပ်ချင်း ပစ်ခတ်မှုဖြစ်

တနင်္သာရီတိုင်း ထားဝယ်မြို့အခြေစိုက် အမှတ် (၂၆၇) ခြေလျင်တပ်ရင်းမှ မြန်မာ့ရေပိုင်နက် ကော့သောင်း မြို့အနီးတွင် မကြာသေးခင် ရက်ပိုင်းက တပ်စု အချင်းချင်း ပစ်ခတ်မှုကြောင့် အရာရှိတဦး သေဆုံးပြီး ပစ်ခတ်သူများကို မြိတ်မြို့တွင် ထိန်းသိမ်းထားကြောင်း သိရှိရသည်။ 

ပင်လယ်ပြင် စိုးမိုးရေးအတွက် ခလရ (၂၆၇)မှ တပ်စု နှစ်စုက လှေတစီးစီဖြင့် လှည့်ကင်းထွက်ကြရာ တရားမဝင် ငါးဖမ်း လှေ တစီးကို တပ်စုတစုက ဖမ်းဆီးပြီး ပစ္စည်းများထိန်းသိမ်းထားချိန်တွင် ကျန်တပ်စုက ပြန်လွှတ်ပေးရန် ပြောဆိုကြရာမှ ပစ်ခတ်မှု ဖြစ်ပွားကြောင်း သိရှိရသည်။


ကော့သောင်း မြို့ခံတဦးက“ဗိုလ်ကြီးအဆင့်ရှိတဲ့ အရာရှိတယောက်သေသွားတယ်၊ ပစ်တာက တပ်ကြပ်တယောက်နဲ့ ရဲဘော်နှစ်ယောက်၊ ပစ်ပြီးတော့ မီးသွေးလှေနဲ့ ထွက်ပြေးကြတယ်၊ ရနောင်း မရောက်ခင်မှာပဲ ပြန်ဖမ်းမိတယ်၊ အခုတော့ ဘိတ်မှာ ထိန်းသိမ်းထားတယ် ပြောတယ်”ဟု ဧရာဝတီသို့ပြောသည်။


ထားဝယ်အခြေစိုက် ခလရ (၂၆၇)၊ ကော့သောင်းအခြေစိုက် ခလရ (၂၆၂)၊ မြိတ် အခြေစိုက် ခလရ (၂၆၅) တို့မှ ပင်လယ် ပြင် စိုးမိုးရေးအတွက် အလှည့်ကျ တာဝန်ယူရကြောင်း ကော့သောင်း မြို့ခံက ဆက်လက်ပြောဆိုသည်။


ငါးဖမ်းစက်လှေများသည် ထိုင်းနိုင်ငံသားပိုင် စက်လှေများဖြစ်ပြီး မြန်မာ့ရေပိုင်နက်၌ ငါးဖမ်းရန်အတွက် မြန်မာများက နာမည်ခံလေ့ရှိကြောင်း၊ ယင်းကဲ့သို့လှေများကို တရားမဝင် ငါးဖမ်းလှေများဟု ခေါ်ဆိုကြပြီး တရားမဝင် ငါးဖမ်းလှေ (အသေး) တစီးအတွက် တလလျှင် ကျပ်ငွေ တသိန်းနှင့် ဒီဇယ် ၈ ဂါလံ၊ ငါးဖမ်းလှေ (အကြီး) အတွက် တလလျှင် ကျပ် ၇ သိန်း ခန့်နှင့် ဒီဇယ် ၂ ပီပါကို ပင်လယ်ပြင် စိုးမိုးရေးအတွက် တာဝန်ယူထားသော တပ်များကို ပေးဆောင်ကြရကြောင်း သိရှိရသည်။


“လှေကြီးတွေ ငါးဖမ်းထွက်ပြီဆိုရင် ဒီဇယ် ၂ ပီပါကို လှေဦးမှာ တင်သွားကြတယ်၊ စစ်ကြောင်းနဲ့တွေ့ရင် ပေးဖို့အတွက် ဆိုပြီးမှ၊ လှေဦးမှာဆိုတော့ တင်ရ ချရတာ လွယ်တယ်လေ”ဟု ဒေသခံတဦးက ဆိုသည်။


တရားမဝင် ငါးဖမ်းလှေများသည် ပင်လယ်ပြင်တွင် ကင်းလှည့်နေသည့် စစ်ကြောင်းလှေများ အားလုံးကို ၎င်းတို့ သတ်မှတ် ထားသည့် ငွေနှင့် ဒီဇယ်များကို မပေးနိုင်ကြောင်း၊ စစ်ကြောင်းလှေ သုံးစီးရှိပါက နှစ်စီးကိုသာ ပေးနိုင်ကြောင်း၊ ကျန် စစ်ကြောင်းလှေ တစီးကို တတ်နိုင်သမျှ ရှောင်ကြရကြောင်း ဒေသခံများထံမှ သိရှိရသည်။ 


ယခင်က ယင်းကဲ့သို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း မရှိဘူးကြောင်း၊ တရားမဝင်လှေများကို ဖမ်းဆီးမိလျှင်လည်း သက်ဆိုင်ရာ အာဏာပိုင်များထံ ချက်ခြင်း အပ်နှံကြသဖြင့် ပြဿနာ ကြီးထွားမှု မရှိကြောင်းလည်း ဒေသခံများက ပြောဆိုကြသည်။

နိုင်ငံတဝန်း ကြံ့ဖွံ့ပါတီရုံးများ မနက်ဖြန် ဖွင့်မည်


နိုင်ငံတဝန်း ကြံ့ဖွံ့ပါတီရုံးများ မနက်ဖြန် ဖွင့်မည်

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ခေါင်းဆောင်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ရုံးများကို မနက်ဖြန် မနက်ပိုင်း ၈ နာရီ ၄၅ မိနစ်တွင် တနိုင်ငံလုံး အတိုင်းအတာဖြင့် ဖွင့်လှစ်မည်ဖြစ်ကြောင်း ကြံ့ဖွံ့ပါတီမှ
တာဝန်ရှိသူတဦးက ပြောသည်။
နေပြည်တော်တွင် ရုံးထိုင်သော ကြံ့ဖွံ့ရုံး အဆောက်အအုံ
ရန်ကုန်တိုင်း၊ မန္တလေးတိုင်း အပါအ၀င် မြို့ကြီးများနှင့် နယ်ဒေသများရှိ ကြံ့ဖွံ့ပါတီရုံးများ ဖွင့်လှစ်ရန် ယနေ့မနက်ပိုင်းတွင် တရားဝင် ညွှန်ကြားစာ ရရှိထားပြီဖြစ်ကြောင်း သိရသည်။

“မနက်ဖြန် တိုင်းရုံးတွေ၊ မြို့နယ်ရုံးတွေ ဖွင့်ဖို့ညွှန်ကြားချက် ရထားပါပြီ။ မနက် ၈ နာရီ ၄၅ မိနစ်မှာ ဖွင့်မယ်” ဟု ကြံ့ဖွံ့ပါတီ ၏ တိုင်းအဆင့် ပါတီအကြီးအကဲတဦးက ပြောသည်။


အဆိုပါ ဖွင့်ပွဲအခမ်းအနားများအတွက် ပါတီဝင်များအားလုံးကို ဖိတ်ကြားထားပြီးဖြစ်သော်လည်း မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အပါအ၀င် အာဏာပိုင်များ တက်ရောက်မည်မဟုတ်ဟု မြို့နယ်အဆင့် ကြံ့ဖွံ့ပါတီ တာဝန်ရှိသူတဦးက ရှင်းပြသည်။


“လူတွေအမြင်မှာ ပါတီနဲ့ အာဏာပိုင် ရောထွေးမှာစိုးလို့ပါ” ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။


ပါတီရုံးများဖွင့်ပွဲတွင် ပါတီဆိုင်းဘုတ်တင်ခြင်း၊ ခြင်္သေ့အလံများ လွှင့်ထူခြင်းနှင့် တက်ရောက်လာသူများကို အကျွေးအမွေးများဖြင့် ဧည့်ခံခြင်းများ စီစဉ်ထားကြောင်းလည်း သိရှိရသည်။


နေပြည်တော်ရှိ ကြံ့ဖွံ့ပါတီဌာနချုပ်ကိုလည်း မနက်ဖြန်တွင် တရားဝင်ဖွင့်လှစ်မည်ဟု သတင်းရရှိသည်။


မန္တလေးတိုင်း ကြံ့ဖွံ့ပါတီရုံးခန်းကို စက်မှု (၁) ၀န်ကြီးဌာနမှ ၀န်ကြီး ဦးအောင်သောင်း တက်ရောက် ဖွင့်လှစ်နိုင်ချေရှိကြောင်း၊ ရုံးခန်းဖွင့်ပွဲအခမ်းအနားကို သတင်းထောက်များအား တက်ရောက်သတင်းယူရန် ဖိတ်ကြားထားခြင်းမရှိကြောင်း မန္တလေး အခြေစိုက် သတင်းထောက်များက ဆိုသည်။


“နေရာတော့ အတိအကျ မသိဘူး။ ၇၃ လမ်းပေါ်မှာတော့ တိုင်းရုံးလုပ်မယ် ကြားတယ်။ မနက်ဖြန် မနက် ၉ နာရီ ၄၅ မှာ ဖွင့်မယ်” ဟု မန္တလေးအခြေစိုက် သတင်းထောက်တဦးက ပြောသည်။


မန္တလေးတိုင်းအတွင်း ကြံ့ဖွံ့ပါတီဝင် အစိုးရ၀န်ကြီးများဖြစ်သော ဦးအောင်သောင်းနှင့် ကျန်းမာရေးဝန်ကြီး ဒေါက်တာကျော်မြင့်တို့ကို ပါတီဝင်အင်အား အများအပြားရရှိစေရန် တာဝန်ပေးအပ်ထားကြောင်း သိရသည်။


မန္တလေးမြို့ဝန်းကျင်ရှိ ဆင်ခြေဖုံးရပ်ကွက်နှင့် ကျေးရွာများတွင် ကြံ့ဖွံ့က စည်းရုံးရေးဆင်းရာ၌ ဆွမ်းလောင်းလှူ၍ ရွာလုံးကျွတ်ကျွေးမွေးခြင်း၊ သက်ကြီးရွယ်အိုများကို မျက်မှန်ကိုင်းများ တပ်ဆင်ပေးခြင်း၊ အင်္ကျီ၊ ဦးထုပ်၊ စာအုပ်နှင့် ဘောလ်ပင်များဝေခြင်းများ ပြုလုပ်ကြောင်း ဒေသခံများက ပြောသည်။


မန္တလေးမြို့ပေါ်ရှိ ရပ်ကွက်ရုံးများ၌လည်း ဧည့်စာရင်းတိုင်ရာတွင် ကြံ့ဖွံ့ပါတီဝင် လျှောက်လွှာပုံစံကို ဖြည့်သွင်းစေ၍ ပါတီဝင်အင်အားကို စုဆောင်းနေကြောင်း ချမ်းမြသာစည်မြို့နယ်မှ ဒေသခံတဦးက ဆိုသည်။


လူမှုရေးအသင်းအမည်ခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (ကြံ့ဖွံ့အသင်း) ကို အသွင်ပြောင်းထားသော ကြံ့ဖွံ့ပါတီတွင် အမာခံ ပါတီဝင်အင်အား ၈ သန်းကျော်ရှိကြောင်း ကြံ့ဖွံ့ပါတီ အကြီးအကဲတဦးက ထုတ်ဖော် ပြောဆိုထားပြီးဖြစ်သည်။


ကြံ့ဖွံ့အသင်းသည် ပြီးခဲ့သည့် ဧပြီလ အတွင်း လူမှုရေး အသင်းမှ ပါတီအဖြစ်သို့ ပြောင်းလဲခဲ့ခြင်း ဖြစ်ပြီး အသင်းပိုင်ပစ္စည်းနှင့် ငွေကြေး များကိုလည်း လွှဲပြောင်းယူခဲ့သည်။


ကြံ့ဖွံ့ပါတီရုံးခွဲများ တရားဝင် ဖွင့်လှစ်ပြီးပါက မဲဆွယ်စည်းရုံးရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ငွေချေးခြင်းကဲ့သို့သော လူမှုရေးလုပ်ငန်းများကိုလည်း ဆက်လက် ဆောင်ရွက်သွားမည်ဟု ကြံ့ဖွံ့ပါတီ သတင်းရပ်ကွက်မှ သိရသည်။


ကြံ့ဖွံ့ပါတီရုံးခွဲများ ဖွင့်လှစ်ပြီးသည်နှင့် အစိုးရအဖွဲ့ အပြောင်းအလဲနှင့် စစ်တိုင်းမှူးရာထူး အပြောင်းအလဲများ ပြုလုပ်မည်ဟု

နေပြည်တော် စစ်ဘက်အသိုင်းအ၀ိုင်းမှ သိရသည်။

ကြံ့ဖွံ့ပါတီသည် ဧပြီလ ၂၉ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ၌ တည်ထောင်ခွင့်လျှောက်ထားခဲ့ပြီး မေလ ၄ ရက်နေ့တွင် တည်ထောင်ခွင့်ရရှိခဲ့သည်။ ယင်းနောက် ဇွန်လ ၁ ရက်နေ့တွင် ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားပြီး ဇွန်လ ၈ ရက်နေ့တွင် ပါတီမှတ်ပုံတင်ခွင့် ရရှိခဲ့သည်။


ကြံ့ဖွံ့ပါတီ၏ နိုင်ငံရေး ပါတီမှတ်ပုံတင် အမှတ်မှာ ၂၃ ဖြစ်ပြီး ယနေ့တွင် ရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီဝင်အင်အား တင်ပြခဲ့သည်။


ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၇ ရက်နေ့တွင် လွှတ်တော် အသီးသီးအတွက် ကျင်းပသွားမည်ဟု သြဂုတ်လ ၁၃ ရက်နေ့တွင် စစ်အစိုးရက ထုတ်ပြန် ကြေညာထားသည်။

Monday, August 16, 2010

ရွေးကောက်ပွဲကျင်းပမည့်ရက် နအဖကြေညာပြီ

ရွေးကောက်ပွဲကျင်းပမည့်ရက် နအဖကြေညာပြီ 

၁၃ သြဂုတ် ၂၀၁၀


အနှစ်နှစ်ဆယ်အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် ကျင်းပမည့် ရွေးကောက်ပွဲ ကျင်းပရက်ကို နအဖ ရုပ်သံနှင့် အသံလွှင့်မီဒီယာမှ ယနေ့ကြေညာသည်။

ယခုနှစ်အတွင်း ပြုလုပ်မည်ဆိုသည့် ရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ (၇) ရက် (တနင်္ဂနွေနေ့) တွင် ပြုလုပ်မည်ဖြစ်ကြောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းခြင်းနှင့် မှတ်ပုံတင်ကြေး ပေးသွင်းခြင်းတို့ကို သြဂုတ် (၁၆) ရက်မှ သြဂုတ်လကုန်ထိ လက်ခံပေးမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်ကို ကြေညာသွားခြင်းဖြစ်သည်။

ယခုအခါ နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် ဆက်လက်တည်ထောင်ခွင့် လျှောက်ထားသည့်အဖွဲ့ (၄၇) ဖွဲ့ရှိပြီး နိုင်ငံရေးပါတီမှတ်ပုံတင်ခွင့် လျှောက်ထားသည့်ပါတီ (၄၁) ပါတီအနက် ပါတီ (၄၀) ကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး ဖြစ်သည်ဟု ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်များအရ သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ ရွေးကောက်ပွဲဝင်ရန် နိုင်ငံရေးပါတီများက ပါတီဝင်အင်အားစာရင်း တင်ပြကြရာတွင် ပါတီ (၁၄) ပါတီသာရှိသေးကြောင်း ကော်မရှင်၏ တရားဝင်စာရင်းများအရ သိရသည်။

သြဂုတ် (၁၂) ရက် ယမန်နေ့ကလည်း အစိုးရပိုင်သတင်းစာများတွင် မဲဆန္ဒနယ်မြေပေါင်း (၃၃၀) သတ်မှတ်ကြောင်း ကော်မရှင်က ထုတ်ပြန်ကြေညာခဲ့သည်။

ရွေးကောက်ပွဲကျင်းပရန် ရက်ပေါင်း (၉၀) ခန့်အလိုတွင်မှ နအဖစစ်အစိုးရက ရွေးကောက်ပွဲပြုလုပ်မည့်ရက်ကို ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

“ကျင်းပရက်ကို ကြေညာတာကတော့ ရက်ပေါင်း (၉၀) လောက် ရှိတာပေါ့နော်၊ ဒါပေမယ့်လည်း စည်းရုံးရေးတွေလုပ်ဖို့နဲ့ နယ်တွေကိုဆင်းဖို့ကျတော့ ကာလက တိုတယ်။ ကာလတိုတာထက် ဆိုးတာက စည်းရုံးခွင့်ကို လွတ်လွတ်လပ်လပ် လုပ်ခွင့်မရတာဘဲ။ ဒါ့ကြောင့် အခက်အခဲတော့ တွေ့နိုင်တယ်” ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ)မှ ပါတီဝင်တဦးက ပြောသည်။

နအဖ လက်အောက်ခံပါတီများမှလွဲ၍ လူထုကိုစည်းရုံးရန် အခြားပါတီများတွင် အခွင့်အလမ်းမရှိကြောင်း၊ ရွေးကောက်ပွဲဝင်ရန် အတိအကျ မပြောနိုင်သေးသော၊ ကြိုးစား၍ယှဉ်ပြိုင်နိုင်ရန် ဆောင်ရွက်မည်ဆိုသော ပြည်ထောင်စုဒီမိုကရေစီပါတီမှ ပါတီဝင်တဦးကလည်း ပြောဆိုသည်။

ပြည်တွင်း နိုင်ငံရေးပါတီတခုမှ ခေါင်းဆောင်တဦးကလည်း “စာရင်းတင်ပါဆိုတော့ တချို့ပါတီတွေ ပါတီဝင်စာရင်းတွေတောင် မတင်နိုင်ကြသေးဘူး။ လွတ်လွတ်လပ်လပ် စည်းရုံးခွင့်မရတာက အရာရာကို နှောင့်နှေးစေတယ်ဗျာ” ဟု ပြောသည်။

နအဖစစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ခေါင်းဆောင်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့) ကသာ ရန်ကုန်မြို့နှင့် မြန်မာတနိုင်ငံလုံးတွင် တရားဝင် ဟောပြောစည်းရုံးခွင့် ရထားသည်ကို ပါတီအများစုက မကျေမနပ်ဖြစ်နေကြသည်။

ရန်ကုန်မှ နိုင်ငံရေးသတင်းအယ်ဒီတာတဦးကမူ ယခုစစ်အစိုးရ၏ လုပ်ဆောင်ချက်အရ ရွေးကောက်ပွဲတွင် အားလုံးပါဝင်နိုင်ခြင်း မရှိမည်မှာ သေချာသလောက်ဖြစ်နေပြီဟု ပြောဆိုသည်။

၎င်းက “ဥပမာ ကချင်ပါတီ (၃) ခုကို ဖွဲ့စည်းခွင့် မပေးခဲ့လို့။ နောက်တချက်က မကြာသေးခင်ကမှ မှတ်ပုံတင်ခွင့်ရတဲ့ ပါတီတချို့ဆိုရင် ပါတီဝင်အရေအတွက် ပြည့်အောင် စုဆောင်းရမလား၊ ကိုယ်စားလှယ်လောင်းစာရင်းပဲ တင်ရမလား၊ နိုင်ငံရေးစာစောင် ထုတ်ဝေခွင့်ကိုပဲတင်ရမလား၊ ဘာမှ လုပ်ဖို့အချိန်မရနိုင်တော့ဘူး။ နောက် တိုင်းရင်းသားပါတီ ခေါင်းဆောင်တွေဆိုလည်း ပြည်နယ်တွေမှာ ပါတီဝင်စုဆောင်းရတာနဲ့ နေပြည်တော်ကို အခေါက်ခေါက် အခါခါ သွားနေရတာနဲ့ပဲ အချိန်ကုန်နေတယ်။ ဒီလ မကုန်ခင်မှာ ဘယ်ပါတီမှ ကိုယ်စားလှယ်ဦးရေ သိပ်များများစားစား တင်နိုင်ကြမှာမဟုတ်ဘူး။ ငွေရေးကြေးရေးအရရော အချိန်အရရော အခက်အခဲ ဖြစ်ကြလိမ့်မယ်” ဟု ရှင်းပြသည်။

ပြည်တွင်းမှ နိုင်ငံရေးသမားအများစုကမူ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်ရက်သည် လာမည့် နိုဝင်ဘာ (၁၃) ရက်နေ့တွင်ဖြစ်ပြီး ယင်းလွတ်ရက်မတိုင်မီ နအဖက ရွေးကောက်ပွဲပြုလုပ်မည်ဟု ယခုကဲ့သို့ ကြေညာလိုက်သည့်အပေါ် ဝေဖန်မှုများရှိနေသည်။

“ဒေါ်စုကို သူတို့အကြောင်းရှာပြီး ချုပ်ထားရမယ့် အခြေအနေမရှိတော့ဘူး။ ဒေါ်စုလွတ်လာရင် ပြည်တွင်းရေးအနေအထားက ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး သေချာပေါက် တခုခုပြောင်းလဲသွားနိုင်တယ်။ အစိုးရကလည်း ရွေးကောက်ပွဲကို ဒီနှစ်မှာ လုပ်ကိုလုပ်မယ်ဆိုတာ နိုင်ငံတကာမှာ အကြိမ်ကြိမ်ပြောဆိုပြီးနေတော့ ဒေါ်စုလွတ်ရက်မပြည့်ခင်မှာ ရွေးကောက်ပွဲလုပ်ဖို့ တရားဝင်ကြေညာတာဖြစ်နိုင်တယ်” ဟု နိုင်ငံရေးသမားဟောင်းတဦးက ဝေဖန်သည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) မှာ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်း မပြုရန် ဆုံးဖြတ်ခဲ့ပြီးဖြစ်သည်။

ပြီးခဲ့သည့် ၁၉၉၀ ပြည့်နှစ်၌ ကျင်းပသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မေလ (၂၇) ရက်တွင် ကျင်းပခဲ့ရာ ပါတီပေါင်း (၉၃) ပါတီမှ ကိုယ်စားလှယ်ပေါင်း (၂,၂၀၉) ဦးနှင့် တသီးပုဂ္ဂလ (၈၇) ဦးတို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီက (၈၂) ရာခိုင်နှုန်းဖြင့် အပြတ်အသတ်အနိုင်ရရှိခဲ့သည်။

ကျောက်ဖြူတွင် လုံခြုံရေးများ တင်းကျပ်ချထား

ကျောက်ဖြူတွင် လုံခြုံရေးများ တင်းကျပ်ချထား 

၁၆ သြဂုတ် ၂၀၁၀



ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ရဲလုံခြုံရေးများ အထူးတင်းကျပ်ထားကြောင်း ကျောက်ဖြူမြို့ခံများက ပြောသည်။

ပြီးခဲ့သည့်သီတင်း နှစ်ပတ်ခန့်က ကျောက်ဖြူမြို့တွင် နအဖ ပြုလုပ်မည့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြရန် လှုံ့ဆော်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည့်အတွက် ကျောက်ဖြူကို လုံခြုံရေးချခြင်းဖြစ်ကြောင်း သိရသည်။

“အခုက ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကိုလည်း အတိအကျ ကြေညာပြီးပြီဆိုတော့ အဲဒီလို လှုံ့ဆော်မှုတွေ ပြန်ပြီးဖြစ်လာနိုင်တယ်လို့ သူတို့က ယူဆတယ်ထင်တယ်” ဟု ကျောက်ဖြူမြို့ခံတဦးက ပြောသည်။ ကျောက်ဖြူမြို့တွင်းတွင် ရဲကားများဖြင့် ကင်းချ လှည့်လည်နေကြောင်းလည်း ၎င်းက ပြောသည်။

ကျောက်ဖြူတွင်ဖြန့်ဝေခဲ့သည့် လှုံ့ဆော်စာများတွင် “စစ်ကျွန်သက်ဆိုးရှည်စေမည့် ရွေးကောက်ပွဲအား ဆန့်ကျင်ကြ” ဟူသည့် စာများရေးသားထားပြီး မြို့အနှံ့လိုက်လံကပ်ခြင်းဖြစ်ကြောင်း၊ မည်သည့်အဖွဲ့မှ လုပ်ဆောင်သည်ကိုမူ မသိရသေးကြောင်း အဆိုပါမြို့ခံက ပြောကြားသည်။

မြို့ခံရဲများကမူ ယင်းစာ ကပ်သည့်နေရာအနီးအနားမှ ပြည်သူတို့ကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သေးကြောင်း ကျောက်ဖြူမြို့ အရာရှိ ရပ်ကွက်သားတဦးက ပြောသည်။

“ကပ်တာတော့ ကျနော်တို့ ရပ်ကွက်မှာလည်း ကပ်တာပဲလေ။ ဘယ်သူ ကပ်တာတော့ မသိဘူး၊ မနက်မှာ တွေ့တာလေ။ အဲဒါကို ရဲက အကျောကြီးနဲ့ လာပြီး မေးလားမြန်းလားလုပ်တယ်။ အဲဒီစာတွေကိုလည်း သူတို့က ခွာသွားကြတယ်” ဟု ၎င်းက ပြောသည်။

ကျောက်ဖြူမြို့မှ လုပ်ငန်းရှင်တဦးကလည်း “ညအချိန်မှာ လုပ်တာဖြစ်တော့ ဘယ်သူဆိုတာ မသိရသေးဘူးပေါ့။ ဒါပေမယ့် အဲဒီလိုဝေတဲ့စာအတွက်တော့ ကျေးဇူးတင်တယ်။ ကျောက်ဖြူမှာ အစိုးရကိုလိုတဲ့သူဆိုတာ အလွန်နည်းပါတယ်။ စားရသောက်ရရှိအောင်ပဲ ဖားနေကြတဲ့သူတွေကလွဲရင် ကိုယ့်စီးပွားကိုယ်လုပ်ပြီးတော့ ကိုယ့်ဘာသာနေကြတဲ့သူတွေပဲရှိတယ်။ အတတ်နိုင်ဆုံး အစိုးရနှင့်မပတ်သက်ချင်ကြဘူး၊ မဲလည်းမပေးချင်ကြဘူး” ဟု ပြောသည်။

ကျောက်ဖြူမြို့ရှိ မဒေးကျွန်းတွင် ရေနက်ဆိပ်ကမ်းတခုကို နအဖ က တရုတ်ပညာရှင်များနှင့် တည်ဆောက်နေပြီး ယင်းလုပ်ငန်းတွင် အသုံးပြုသော တရုတ်လုပ်သားပေါင်း (၂၀၀) ကျော်မှာလည်း ကျော်ဖြူမြို့ပေါ်တွင် ရှိနေကြောင်း၊ မြို့ခံများက မကျေနပ်သော်လည်း အာဏာရှင်အစိုးရကို စက်ဆုတ်ရွံရှာကာ မပတ်သက်ချင်သောကြောင့် ရေငုံနှုတ်ပိတ်နေကြကြောင်း သိရသည်။

“ကျောက်ဖြူက အစိုးရအတွက် အကွက်ကောင်းမြို့တမြို့ပဲ။ အခု ရခိုင်ကျောက်ဖြူကတော့ လူမျိုးရေးပြဿနာတွေလည်း နောက်ဆက်တွဲတွေ ဖြစ်လာနိုင်တယ်။ မကျေနပ်ဖြစ်နေကြတဲ့ လူငယ်တွေ ဒုနဲ့ဒေးပါ။ နောက်ကျရင် ပွင့်ထွက်လာတယ် ဆိုရင်တော့ ကျောက်ဖြူမှာ ရောက်နေတဲ့ လုပ်သားတွေကိစ္စ ပြဿနာတခုတောင် ဖြစ်လာနိုင်တယ်” ဟု မြို့ခံတဦးက ပြောသည်။

ပြီးခဲ့သည့် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ကျောက်ဖြူမြို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ကို အများဆုံးထောက်ခံအားပေးခဲ့သည့် မြို့တမြို့အဖြစ် ရခိုင်ပြည်နယ်တွင် ထင်ရှားခဲ့သည်။