Popular Posts

Tuesday, June 30, 2009

Kawl gam ah, Galvan apuak dinga ki ummawh mi 3 Japan ah kiman!!

မြန်မာပြည်သို့ လက်နက်ပစ္စည်းတင်ပို့သည်ဟု ယူဆရသူ ၃ ဦး ဂျပန်တွင် အဖမ်းခံရ

Tuesday, 30 June 2009 19:00
တာဝေးပစ် ဒုံးကျည် ဆက်စပ်ပစ္စည်းတမျိုး မြန်မာပြည်သို့ တရားမဝင် တင်ပို့ရန် ကြိုးပမ်းသူဟု ယူဆရသော လုပ်ငန်းရှင် ၃ဦး ကို ဂျပန်ရဲတပ်ဖွဲ့က အင်္ဂါနေ့တွင် ဖမ်းဆီးလိုက်ကြောင်း ဂျပန်နိုင်ငံမှ လာသော သတင်းများတွင် ဖော်ပြထားသည်။

အဆိုပါပစ္စည်းမှာ တာဝေးပစ် ဒုံးကျည် ပြုလုပ်ရာတွင် အသုံးပြုသည့် သံလိုက်သတ္တိ တိုင်းတာသော ကိရိယာ တမျိုး ဖြစ်ကြောင်း၊ နိုင်ငံခြား ငွေကြေးဖလှယ်ရေး နှင့် ကုန်သွယ်မှု ဥပဒေကို ချိုးဖောက်သည်ဟု သံသယ ရှိသည်ဟု ရဲတပ်ဖွဲ့က ပြောကြောင်း Yomiuri Shimbun သတင်းဌာန၏ သတင်း တပုဒ်တွင် ဖော်ပြထားသည်။

ဖမ်းဆီးခံရသူများမှာ တိုကျိုအခြေစိုက် လုပ်ငန်းရှင်များ ဖြစ်ကြသော မြောက်ကိုရီးယားနိုင်ငံသား ၁ ဦး နှင့် ဂျပန်နိုင်ငံသား ၂ ဦးတို့ဖြစ်သည်ဟု သိရသည်။

၎င်းတို့မှာ မြောက်ကိုရီးယားနိုင်ငံသား Toko Boeki ကုမ္ပဏီ ဥက္ကဋ္ဌ လီကျုံးဟို၊ ကုန်ပစ္စည်း ထုတ်လုပ်ရေး ကုမ္ပဏီ တခု၏ ဥက္ကဋ္ဌ Miaki Katsuki နှင့် ထုတ်ကုန် အေဂျင်စီတခု၏ ဥက္ကဋ္ဌ Yasuhiko Muto တို့ဖြစ်သည်ဟု ဆိုသည်။

တာဝေးပစ် ဒုံးကျည် ဆက်စပ်ပစ္စည်းကို မြောက်ကိုးရီးယားသို့ တင်ပို့သည်ဟု ရဲတပ်ဖွဲ့က ထင်မှတ်ခဲ့ကြောင်း၊ သို့သော်လည်း နောက်ပိုင်းတွင် ဟောင်ကောင် အခြေစိုက် မြောက်ကိုရီးယား ကုမ္ပဏီတခု၏ ကုန်ပစ္စည်း မှာယူသည့် စာရင်းကို တွေ့ရှိခဲ့ကြောင်း သိရသည်။

၎င်းတို့သည် ဒုံးကျည်ထုတ်လုပ်မှုနှင့် သက်ဆိုင်သော အခြား ပစ္စည်းများကို မြန်မာပြည်သို့ တင်ပို့ခဲ့ဖွယ် ရှိကြောင်း၊ မြောက်ကိုးရီးယား အနေဖြင့် ဒုံးကျည် စနစ် နှင့် သက်ဆိုင်သော နည်းပညာများကို မြန်မာသို့ ဖြန့်ဝေပေးနေသည်ဟု ယုံကြည်ရကြောင်း ရဲအရာရှိများကို ကိုးကားပြီး သတင်းများတွင် ဖော်ပြထားသည်။

ထိန်းသိမ်းခံထားရသူ ၃ ဦးသည် ယခုနှစ် ဇန်နဝါရီလက ဂျပန်ယန်း ၇ သန်း နီးပါးခန့် တန်သည့် သံလိုက်သတ္တိ တိုင်းတာသည့် ကိရိယာများကို မြန်မာပြည်သို့ တင်ပို့ခဲ့ကြောင်း ရဲတို့က ပြောသည်။ ထိုသို့ တင်ပို့ရာတွင် ဂျပန်နိုင်ငံ စီပွား ကုန်သွယ်နှင့် စက်မှု ဝန်ကြီးဌာန၏ ခွင့်ပြုချက်ကို ရယူခြင်း မရှိဟု ဆိုသည်။

ဖျက်အားပြင်း လက်နက် ထုတ်လုပ်ရာတွင် အသုံးပြုမည့် ကုန်ပစ္စည်းများ ပြည်ပသို့ တင်ပို့ခြင်း မပြုနိုင်ရန် ဂျပန်နိုင်ငံ ဥပဒေအရ တားမြစ်ထားသည်။

၂ဝဝ၈ ခုနှစ် စက်တင်ဘာလ ဝန်းကျင်တွင် ယင်းကုမ္ပဏီက အလားတူပစ္စည်းမျိုးကို မြန်မာနိုင်ငံ အမှတ် (၂) စက်မှု ဝန်ကြီး ဌာန သို့ ပေးပို့ရန် ကြိုးပမ်းခဲ့ဖူးသည်ဟု သိရသည်။

နှစ်ကြိမ်စလုံးတွင် ပြည်ပတင်ပို့ခွင့် လျှောက်လွှာ ပါဝင်ခြင်း မရှိသည်ကို ဂျပန် အာဏာပိုင်တို့က သတိထားမိခဲ့သဖြင့် သင်္ဘောပေါ်သို့ မတင်မီ အစီအစဉ်များ ပျက်ခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။ ဟောင်ကောင် အခြေစိုက် ကုမ္ပဏီ၏ အမည်မှာ New East International Trading Ltd ဖြစ်သည်။ ထို ကုမ္ပဏီကို မြောက်ကိုရီးယား အစိုးရ ပါတီဖြစ်သော မြောက်ကိုးရီးယား အလုပ်သမားပါတီ၊ ဒုတိယ စီးပွားရေးရာကော်မတီက တိုက်ရိုက် ထိန်းချုပ်သည်ဟု ယုံကြည်ရကြောင်း Yomiuri Shimbun သတင်းတွင် ဖော်ပြထားသည်။

မြောက်ကိုရီးယား စစ်တပ်အတွက် စစ်ဘက်ဆိုင်ရာ ပစ္စည်းများ ဝယ်ယူရန် ယင်းကော်မတီက တာဝန် ယူထားသည်ဟု ဆိုသည်။

မြန်မာ နှင့် မြောက်ကိုရီးယားသည် ၁၉၈၃ အောက်တိုဘာလက ရန်ကုန်မြို့ အာဇာနည်ဗိမ္မာန် ဗုံးပေါက်ကွဲမှု အပြီးတွင် သံတမန် အဆက်အသွယ် ပြတ်တောက်သွားသည်။ ထိုပေါက်ကွဲမှုမှာ မြောက်ကိုးရီးယား အစိုးရ၏ လက်ချက် ဖြစ်ကြောင်း နောက်ပိုင်းတွင် စုံစမ်းတွေ့ရှိရသည်။

၂ဝဝ၇ ဧပြီတွင် နှစ်နိုင်ငံ သံတမန် ပြန်လည် ဆက်သွယ်ရန် သဘောတူကြောင်း လက်မှတ် ရေးထိုးကြသည်။

မြောက်ကိုးရီးယားသည် မြန်မာပြည်ကို ဒုံးကျည်များ ရောင်းချနေသည်ဟု အမေရိကန် အစိုးရ အရာရှိတို့က ၂ဝဝ၄ ခုနှစ်ကပင် ထုတ်ဖော် ပြောကြားခဲ့သည်။

North Korea leh Kawl gam te kizop na tawh kisai Thakhin Chan Htun genna

မြောက်ကိုရီးယား-မြန်မာ ဆက်ဆံရေး အပေါ် အငြိမ်းစား သံအမတ်တဦး အမြင်

Saturday, 27 June2009, 15:38
သခင်ချန်ထွန်းသည် ၁၉၆၉ မှ ၁၉၇၄ ခုနှစ်အထိ ကနေဒါနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်အဖြစ် ထမ်းဆောင်ခဲ့ပြီး ၁၉၇၄ မှ ၁၉၇၆ ထိ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်နှင့် ၁၉၇၄ - ၇၅ တွင် မြောက်ကိုရီးယားဆိုင်ရာ မြန်မာ သံအမတ်အဖြစ် ပူးတွဲ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

ယခုအချိန်အထိ မြန်မာနိုင်ငံ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်ရေးတွေအတွက် တက်ကြွစွာ ဆောင်ရွက်နေသူ ဝါရင့် နိုင်ငံရေးသမားဟောင်း တဦးလည်းဖြစ်သည်။

သခင်ချန်ထွန်း

ဇွန်လအလယ်က ထွက်ခွာလာသော မြောက်ကိုရီးယား Kang Nam 1 သင်္ဘော သည် မြန်မာနိုင်ငံသို့ ဦးတည် နေသည်ဟု သတင်းများထွက်ပေါ်နေပြီး နိုင်ငံတကာ သတင်းဌာန တချို့ကလည်း မြန်မာနိုင်ငံတွင် နျူကလီးယား ထုတ်လုပ်မည့် အစီအစဉ်နှင့် ပတ်သက်နိုင်ဖွယ်ရှိသော မြေအောက် ဥမင်များကို မြောက်ကိုရီးယား အကူ အညီ ဖြင့် တည်ဆောက်နေမှု ဗွီဒီယို မှတ်တမ်းကို ထုတ်လွှင့် ပြသခဲ့သည်။

ထို့ကြောင့် မြောက်ကိုရီယားနိုင်ငံတွင် သံအမတ်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် သခင်ချန်ထွန်းကို မြောက်ကိုရီးယား - မြန်မာ ဆက်ဆံရေးနှင့် ပတ်သက်၍ ဆက်သွယ် မေးမြန်းခဲ့ပါသည်။

မေး။ ။ မြောက်ကိုရီးယား သံအမတ်အဖြစ် တာဝန် ထမ်းဆောင်ချိန်မှာ မြောက်ကိုရီးယား - မြန်မာ ဆက်ဆံရေး နဲ့ အခုလက်ရှိ ဆက်ဆံရေး အနေအထားကို ပြောပြပေးပါ။

ဖြေ။ ။ အဲဒီတုန်းက အရမ်းကောင်းခဲ့တယ်၊ မြန်မာရဲ့ သံတမန်ဆက်ဆံရေး အစမို့လားတော့မသိဘူး အရမ်းဂရုစိုက်တာပဲ။ အဲဒီလို ကောင်းနေရာကနေ ၁၉၈၃ မှာ တောင်ကိုရီးယားသမ္မတကို မြန်မာပြည်ကို ဖိတ်တော့ မြောက်ကိုရီးယားက အာဇာနည် ဗိမာန်မှာဗုံးလာခွဲတာ လူ ၂၂ ယောက်လောက်သေတယ်လေ။ တောင်ကိုရီးယား သမ္မတတောင် လာတာနောက်ကျသွားလို့ မသေခဲ့တာ။ အဲဒီလိုလုပ်ခဲ့တဲ့ သူတွေ။ သူတို့က ဘာဖြစ်ဖြစ် အကုန် လုပ်ရဲတယ်။

အခုအချိန်မှာ အမေရိကန်က မြန်မာကို တားမြစ် ကန့်သတ်တာတွေ လုပ်တော့ လက်ရှိမြန်မာ အစိုးရက အမေရိကန်ကို ရန်သူလို သဘောထားတယ်။ မြောက်ကိုရီးယားနဲ့ အမေရိကန်ကလည်း ရန်သူ၊ ရန်သူ အချင်း ချင်း မဟာမိတ် ဖြစ်သွားတယ်။ ၁၉၈၃ တုန်းက အာဇာနည်ဗိမာန်မှာ ဗုံးခွဲလို့ လူတော်တော်များများ သေသွားတာ တွေကို အမှတ်မထားတော့ဘူး။ အမေရိကန်ကို အာဃာတ ရှိနေတော့ မြောက်ကိုရီးယားနဲ့ မဟာမိတ် ပြန်လုပ်နေ တယ်လို့ပဲ မြင်ပါတယ်။ အီရန်တို့၊ ကျူးဘားတို့လို အမေရိကန်နဲ့ မတည့်တဲ့နိုင်ငံတွေနဲ့ လည်း ပိုရင်းနှီးဖို့ ဆောင် ရွက် နေတယ်။ ဒီလိုပဲ မြင်တယ်။

မေး။ ။ ဗိုလ်ချုပ်ကြီး နေ၀င်းလက်ထက်နဲ့ အခုလက်ရှိဆက်ဆံရေးက ဘာကွာခြားတာကို တွေ့ရပါသလဲ။

ဖြေ။ ။ ဟိုတုန်းကတော့ သံတမန်အဆက်အသွယ် သဘောလောက်ပဲ ယူပြီးလုပ်ထားတာ။ ဘက်မလိုက် နိုင်ငံ အနေနဲ့ လုပ်ခဲ့တာ။ တကမ္ဘာလုံးနဲ့တည့်တယ် ဆိုတဲ့သဘောမျိုးပေါ့။ အဲဒီတုန်းက ပထမနှစ်မှာ နိုင်ငံခြားရေး ၀န်ကြီးလာတယ်၊ နောက် ဦးနေ၀င်းနဲ့ သမီးစန္ဒာဝင်း လာလည်တယ်လေ၊ ဒီလောက်ပဲ။ ဗုံးခွဲပြီးတဲ့နောက်မှ အဆက်ဖြတ်လိုက်တာ။

အခုက ဟိုက မတောင်းပန်ဘဲ ဒီကပြန်ဆက်တာ။ တောင်းပန်လို့ ကျေအေးတယ်ဆိုတာ သဘာဝကျတယ်လေ၊
တောင်းပန်တာနဲ့ ပတ်သက်ပြီးတော့ မြောက်ကိုရီးယားဘက်က ကြေညာချက်မထုတ်ဘူး၊ အမှန်ကတော့ ကြေညာချက်ထုတ်ရမှာပဲ။ အဲဒါမှ ပြန်ပြီး သံတမန်ဆက်သွယ်လို့ကောင်းတယ်။ သို့သော် ဒီဘက်က စသွားတယ် လို့ပဲ သိရတယ်။

ကူးလူးဆက်ဆံမှုက တော်တော်လေး ရှိနေတယ် ဆိုတဲ့သဘော တွေ့ရတယ်။ သွားတဲ့အခါမှာလည်း ကြည့်ရ တာ က စစ်ရေးသဘော၊ အထူးသဖြင့် လက်နက်ကိစ္စ ပေါ့လေ။

မြောက်ကိုရီးယားက အဲဒါတွေကို မြန်မာထက် ပိုလုပ်တတ်တယ်။ လက်တွေ့လည်း လုပ်နေတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ ဒီကလိုလားလို့၊ ပြီးတော့ အနုမြူနဲ့ ပတ်သက်တာတွေလည်း ဒီက လိုချင်တာတွေရှိတာပေါ့၊ ဒါကြောင့်ပြန်ဆက်သွယ်နေတယ်လို့ ယူဆတယ်။

နောက်ပြီး ဒီမှာ အနုမြူဓာတ်ပေါင်းဖိုတည်မှာဆိုတော့ အဲဒီဓာတ်ပေါင်းဖိုက တဆင့် အနုမြူဗုံးလုပ်ရင် မြောက်ကိုရီးယားက ပညာတွေ ရနိုင်အောင် ဆက်သွယ်ထားတယ် လို့လည်းထင်တယ်။

မေး။ ။ မြောက်ကိုရီးယားက ဥမင်ဖောက်တာနဲ့ ပတ်သက်ရင်လည်း နာမည်ကြီးတယ်လို့ သိရတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ကော ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ ကျနော် သံတမန်အဖြစ် ဆောင်ရွက်တုန်းက အခု လက်ရှိ သမ္မတရဲ့အဖေက မသေသေးဘူး။ အရမ်းသြဇာ ကြီးတယ်။ သူကိုယ်တိုင် တောင်ကြားတွေထဲက ဥမင်လိုဏ်ခေါင်းထဲမှာ နေတာ။ အဲဒီမှာ သွား တွေ့ရတယ်။ ရဟတ်ယာဉ်နဲ့ အရင်သွား ပြီးတော့မှတဆင့် မော်တော်ကားနဲ့ သွားရတာ၊ ပြုံယမ်းမှာတော့ ဟန်ပြ ပေါ့၊ သူတို့က စစ်ဖြစ်ရင် အမြဲအသင့်ဖြစ်နေအောင် အဲဒီလိုနေတာ။ ကျန်းမာရေးနဲ့ ပြည့်စုံမှ တွေ့ခွင့်ရတယ်။ သူတို့က အရမ်းတင်းကျပ်တယ်၊ ဘာကိုမှ ဂရုမစိုက်တတ်ဘူး။

အခုလည်း ကျောက်ဆည်၊ မင်းဘူးခရိုင်၊ ချင်းတောင်တန်း၊ ရခိုင်ရိုးမ ဘက်တွေမှာ ဥမင်လိုဏ်ခေါင်းတွေကို မြောက်ကိုရီးယား နည်းပညာအကူအညီနဲ့ ဖောက်ထားတယ် ဆိုတာတွေဖြစ်နေတယ်၊ ဒါကလည်း ဟုတ်လို့ ကျော်လာတာ ဖြစ်မှာပါ။

မေး။ ။ နိုင်ငံတကာ အသိုင်းအဝန်းမှာ နာမည်ဆိုးရှိထားတဲ့ မြောက်ကိုရီးယားလို အစိုးရနဲ့ ဆက်ဆံတာ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာရဲ့ သက်ရောက်မှုက ဘယ်လိုရှိလာနိုင်ပါသလဲ။ ဒီလိုဆက်ဆံတာ သူတို့ အကျိုးစီး ပွားကြောင့်လား။

ဖြေ။ ။ သူတို့က အဲဒီလောက်ထိ မစဉ်းစားဘူး၊ အမေရိကန်နဲ့ သူတို့ကမတည့်ဘူး။ ဒီတော့ အမေရိကန် နဲ့ မတည့်တဲ့ နိုင်ငံတွေနဲ့ ဆက်ဆံတယ်။ ဒီဆက်ဆံရေးဟာ အမေရိကန်ကို ဂရုမစိုက်ကြောင်း ပြချင်တာလည်း ပါတာပေါ့၊ မြန်မာက လိုချင်တာ အနုမြူဓာတ်ပေါင်းဖိုနဲ့ ပတ်သက်တဲ့ပညာ။ ရှင်းရှင်းပြောရရင်တော့ အနုမြူဗုံး လုပ်နည်းအထိ လိုချင်တာ။ ဒါကြောင့် စောစောကတည်းက သူတို့ရုရှားကို ပညာတော်သင်တွေ အများကြီး လွှတ်ထားတယ်။ ၃ နှစ်၊ ၄ နှစ်၊ ၅ နှစ်ထိသွား လေ့လာတယ်၊ အဲဒါလေးတွေက ခရီးတော်တော် ပေါက်နေပြီ။

ဒါပေမယ့် ရုရှားက နိုင်ငံကြီးဆိုတော့ သိက္ခာ ထိုက်သင့်သလောက် စောင့်ရတော့ ပညာ အပြည့်အစုံ ပေးချင် မှ ပေးမှာ။ မြောက်ကိုရီးယားကတော့ ချဉ်းကပ်ရင် ပေးနိုင်တဲ့ အလားအလာရှိတယ် ဒီလိုပဲမြင်တယ်။

ဒီကလည်းပိုမို ရင်းနှီးအောင် ဗိုလ်ချုပ်ကြီးသူရရွှေမန်းတို့ သွားတယ်တို့၊ ဒု နိုင်ငံခြားရေးဝန်ကြီး အဆက်အသွယ် လုပ်တယ်တို့ ကြားနေရတယ်၊ မြောက်ကိုရီးယား သံရုံးကိုလည်း မြန်မာပြည်မှာ ဖွင့်ခွင့်ပေးထားတယ်။

ဒါပေမယ့် မြန်မာပြည်ကို မီးတောင်မှန်အောင် မပေးနိုင်ဘဲ နျူကလီးယားတွေ ဘာတွေ စိတ်ကူးနေတာက တော်တော့်ကို ကလေးဆန်တယ်လို့ ထင်တယ်။

မေး။ ။ ရုရှားမြန်မာဆက်ဆံရေးကို ရောဘယ်လိုထင်ပါသလဲ၊ အရင်ရက်တွေက ရုရှားအနေနဲ့ မြန်မာ အပေါ် နိုင်ငံရေးနဲ့ စီးပွားရေး ဖိအားပေးတာကို ကန့်ကွက်ကြောင်း ကြေညာချက် တစောင်ထုတ်တယ်၊ အခုချိန် အထိ မြန်မာကို ရုရှားကထောက်ခံနေဆဲပဲ မဟုတ်ဘူးလား။

ဖြေ။ ။ ရုရှားက မြန်မာကို သူ့လူ ဖြစ်စေချင်သလို တရုတ်လည်း အတူတူပဲ၊ လုနေကြတာ။ ဒီအချိန်မှာ တရုတ်က မထောက်ခံတော့ ရုရှားက ထောက်ခံတာပေါ့။

ပြီးတော့ မြန်မာက ပညာတော်သင်တွေ ရုရှားမှာ အများကြီး။ အဲဒီလူတွေကို ရုရှားက သူ့လူလို သဘောထားတာ ပေါ့။ အခုလဲ မြန်မာကို သူ့လူဖြစ်အောင် လုပ်တယ်၊ ဒီလိုပဲယူဆပါတယ်။

မေး။ ။ တရုတ်က မြောက်ကိုရီးယား - မြန်မာဆက်ဆံရေးနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်နေတယ်လို့ လဲ ကြားတယ်။ ဘာကြောင့်လို့ ထင်ပါ သလဲ။

ဖြေ။ ။ တရုတ်က မြန်မာအကြောင်းသိတယ်။ မြန်မာက အခု ကောင်းရင် ကောင်းတယ်၊ ချက်ချင်းရန်သူ ဖြစ်ဖို့ ကလည်း ဘာမှ ဂရုစိုက်တာ မဟုတ်ဘူး။ မကြိုက်ရင် မကြိုက်သလိုချလိုက်တာ။ မြောက်ကိုရီးယားမှာ လည်း ဒီသဘောမျိုးတွေ ရှိတယ်။

အခုတရုတ်က မြောက်ကိုရီးယားကို ချော့နေရပြီ။ အရင်က သူမြောက်ကိုရီးယားကို အကာအကွယ်ပေးခဲ့ပေမယ့် အခုသူသိပ်ပြီးတော့ အကာအကွယ်မပေးတော့ဘူး၊ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေကို သိပ်မကန့်ကွက် တော့ဘူး၊ ဒီသဘောတွေ တွေ့လာရတယ်၊

အခု မြန်မာကိုလည်း တရုတ်က သေချာ နာမည်သာ တပ်မပြောတာ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေး ပါ ဆိုတဲ့သဘောမျိုး ပြောလာတယ်။ အမျိုးသား ပြန်လည် ပေါင်းစည်းပါ ဆိုတဲ့စကားမျိုး စပြောလာပြီ။

နောက်တဆင့်တက်ပြီး မြန်မာက မြောက်ကိုရီးယားနဲ့ ပို ရင်းသွားရင် တရုတ်ကလည်း မြောက်ကိုရီးယား အပေါ် သဘောထားသလို မြန်မာကို ဒီသဘောမျိုးဖြစ်လာနိုင်တယ်။ အစကတော့ ဒီနိုင်ငံတွေအတွက် ထိုက်သလောက် ကာကွယ်လာတာ။ လုံခြုံရေးကောင်စီမှာ အရေးယူဖို့ ဆိုရင် နောက်ပိုင်း ထောက်ခံမဲ မပေးသည့်တိုင်အောင် မဲမပေးဘဲနေတာမျိုး လုပ်လာနိုင်တာပေါ့။ မြန်မာကလည်း လုပ်ချင်ရာလုပ် နောက်ကတရုတ်ထောက်ခံမယ်ဆိုတဲ့ သဘောမျိုးဆိုရင်တော့ မှားမှာပဲ။

မေး။ ။ မြန်မာက တောင်ကိုရီးယားကို ဓာတ်ငွေ့ရောင်းတယ်၊ မြောက်ကိုရီးယားဆီက လက်နက် ပြန် ၀ယ်တယ်။ အဲဒီ ၂ နိုင်ငံဆက်ဆံရေးက တင်းမာမှုတွေရှိတော့ မြောက်ကိုရီးယား - မြန်မာ ဆက်ဆံရေးကို ထိခိုက်နိုင်မလား။

ဖြေ။ ။ ဒါကတော့ မြောက်ကိုရီးယားနဲ့ သံတမန်ဆက်ဆံရေး ရပ်ဆိုင်းထားကတည်းက မြန်မာနိုင်ငံက ဓာတ်ငွေ့ကို တောင်ကိုရီးယားက ၀ယ်လာတာ။ အခု ၁ နှစ်၊ ၂ နှစ် အတွင်းမှာမှ မြောက်ကိုရီးယား ဆီက လက်နက်ဝယ်တယ်ဆိုတာမျိုး သတင်းတွေ ဖြစ်လာတာ။ ဒါပေမယ့် အခု မြန်မာကို တောင်ကိုရီးယား သမ္မတ ဟောင်းက ဝေဖန်လာပြီ၊ တောင်ကိုရီးယား အစိုးရအဖွဲ့ထဲက အမတ်တွေ ပြောလာရင်တော့ တမျိုးဖြစ်လာ နိုင် တာပေါ့။ ဒါက တောင်ကိုရီးယားပေါ်မှာပဲ တည်တာပဲ။ မြန်မာအနေနဲ့က ၂ ဘက်စလုံးနဲ့ ဆက်သွယ် ချင်မှာပဲ။

မေး။ ။ နိုင်ငံတနိုင်ငံအတွက် အာဇာနည်ဗိမာန်လိုမျိုး ဗုံးခွဲမှုက သံတမန်လောကနဲ့ နိုင်ငံတကာမှာ ဘယ်လောက်ဆိုးဝါး ပါသလဲ။

ဖြေ။ ။ အကြီးကျယ်ဆုံး ပြစ်မှုပေါ့၊ ဒါမြန်မာကိုစော်ကားတာပဲ။ တကယ့် မြန်မာပြည်ကို တည်ထောင် သွားတဲ့ အာဇာနည် ပုဂ္ဂိုလ်ကြီးတွေရဲ့ သင်္ချိုင်းနေရာနဲ့ ပေ ၃၀ ၊ ပေ ၄၀ လောက်ဝေးတဲ့ လူတွေ နားနေဆောင် အဆောက်အဦးမှာ လုပ်တာ၊ ဗမာနဲ့ တောင်ကိုရီးယားဝန်ကြီး တချို့ သေခဲ့ကြရတယ်။

Shan gam Taunggyi khua pi ah Russia te Leisung sumpiang te to uh !!!

E-mail Print
ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့အနီးတွင် မြန်မာ စစ်အစိုးရနှင့် ရှရှားနိုင်ငံပိုင် (Tyazhpromexport) ကုမ္ပဏီ တခုက ပူးပေါင်း၍ သတ္တုတွင်း တူးဖော်ရန် ပြင်ဆင်နေသည်ဟု ပအို့ဝ်(ပအိုဝ်း) လူငယ်အစည်းအရုံး (PYO)က ယနေ့ ပြောဆိုလိုက်သည်။

အဆိုပါ PYO အဖွဲ့အစည်း က ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ် International Center - IC ခန်းမ၌ ယနေ့ ကျင်းပ သည့် “အနာဂတ်ကို လုယူဖျက်ဆီးခြင်း”ဟူသော ခေါင်းစဉ်ဖြင့် ထုတ် ပြန်သော အစီအရင်ခံစာ သတင်းစာ ရှင်း လင်းပွဲတွင် ဤသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် သတင်းထုတ်ပြန်မှု မရှိသောကြောင့် ယခုကဲ့သို့ သတ္တုတွင်း တူးဖော်ရေးနှင့် ပတ်သက်ပြီး လူ့ အခွင့်အရေး ချိုးဖောက်မှု ၊ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုများကို အဓိကထားပြီး ထုတ်ပြန်ထားခြင်း ဖြစ်သည် ဟု PYO မှ ပြောရေးဆိုခွင့်ရှိသူ ခွန်ချန်ကီက ဧရာဝတီသို့ ပြောသည်။

ယင်း အစီရင်ခံစာတွင် စက်ရုံသွားရာလမ်းဖောက်လုပ်ရန် ဒေသအာဏာပိုင်များက ရွာ ၃ ရွာမှ လူ ၅၅ ဦးကို ၎င်းတို့၏ အိုးအိမ်များမှ အတင်းအကျပ် ဖယ်ရှားပြောင်းရွှေ့စေခဲ့ပြီး စိုက်ပျိုးမြေ ဧက ၁၁၀၀၀ ခန့်ကို သိမ်းပိုက် ခဲ့ကြောင်း ဖော်ပြထားသည်။

ထို့အပြင် ခရီးသွားလာခွင့် အတင်းအကျပ် ကန့်သတ်နေခြင်း၊ ၎င်း စီမံချက်နှင့် ပတ်သက်၍ သတင်းထုတ်ပြန်မှု မရှိခြင်းကြောင့် ဒေသခံများက အနုမြူ စီမံကိန်းနှင့် ဆက်စပ်နေမည်ဟု သံသယရှိနေကြကြောင်းလည်း ရေးသား ထားသည်။

“ကျနော်တို့ အဓိက သဘာဝ ပတ်ဝန်းကျင်နဲ့ ကွင်းဆင်းလေ့လာတော့ ဒေသခံလူထုကို တွေ့တဲ့အခါမှာ သူတို့က အဲဒီနေရာ သတ္တုတူးဖော်ဖို့အတွက် မကဘူး၊ အနုမြူဓာတ်ပေါင်းဖို ကိစ္စလည်းပါတယ်လို့ပြောတယ်။ နောက် အဲဒီ ကိစ္စကိုလည်း စိုးရိမ်နေကြတယ်”ဟု ခွန်ချန်ကီက ပြောသည်။

ရှရှားနိုင်ငံ အနုမြူစွမ်းအင် အေဂျင်စီက၂၀၀၇ ခုနှစ်တွင် မြန်မာနိုင်ငံ၌ အနုမြူဓာတ်ပေါင်းဖိုတခု တည်ဆောက် မည်ဟုကြေညာထားသောကြောင့် ဒေသခံပြည်သူများက ပို၍သံသယကြီးထွားနေကြခြင်းဖြစ်ကြောင်းသိရသည်။

တည်ဆောက်နေဆဲ သံရည်ကြိုစက်ရုံသည် မြန်မာ စစ်တပ် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နှင့် ၁၀ ကီလိုမီတာ ခန့် အကွာအဝေးတွင် တည်ရှိပြီး ယခုနှစ်ကုန်တွင် ဆောက်လုပ်ရေးလုပ်ငန်းများ ပြီးမည်ဟုယူဆရသည်။ ၎င်း စက်ရုံ တွင်လည်း မြေအောက် ဥမင်များတည်ရှိပြီး ၁၀ ပေကျော် အုတ်နံရံ ၂ ထပ်နှင့် သံဆူးကြိုး တစ်ထပ်ဖြင့် ကာရံ ထားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

“သူတို့က နံရံတွေ၊ အတားအဆီးတွေနောက်မှာ သူတို့ဘာလုပ်နေတယ်ဆိုတာ လျှို့ဝှက်ထားကြတယ်။ ဒါပေမယ့် အခုစီမံကိန်းကြောင့် နစ်နာရမယ်ဆိုရင်တော့ ကျနော်တို့က ရှေ့ဆုံးက နစ်နာကြရလိမ့်မယ်။ မြန်မာပြည်မှာတရား ဥပဒေ မရှိတာကို နိုင်ငံခြား ကုမ္ပဏီတွေက အခွင့်ကောင်းယူပြီး ကျနော်တို့ သယံဇာတတွေကို လာအမြတ်ထုတ် ယူနေကြတယ်။ ကျနော်တို့ အနာဂတ်ကို လာပြီးလုယက်ဖျက်ဆီးနေကြတယ်”ဟု ထုတ်ပြန်ချက်တွင် ပြောဆို ထားသည်။

သတ္တုတွင်း တူးဖော်မှုကြောင့် မြေတိုက်စားမှုများ၊ အနယ်အနှစ်များကို စွန့်ပစ်မှုကြောင့်ဤလွင်ပြင်ရှိ ပင်မရေ အရင်း အမြစ်ဖြစ်သည့် သဘက်ချောင်းသည်လည်း ညစ်ထေးရဖွယ်ရှိသည့်အပြင် ယင်းဒေသတလျှောက် ရှိ လူဦးရေ ၃၅၀၀၀ ခန့်သည် ထိခိုက်နစ်နာရဖွယ်ရှိကြောင်း ၎င်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာစစ်အစိုးရ၏ နျူကလီးယား ထုတ်လုပ်မည့် အစီအစဉ်နှင့် ပတ်သက်နိုင်ဖွယ်ရှိသော မြေအောက် ဥမင်များ တည်ဆောက်နေမှု ဓာတ်ပုံနှင့် ဗီဒီယို မှတ်တမ်းများကိုလည်း ပြီးခဲ့သည့် ရက်များအတွင်းက သတင်းဌာနများတွင် ထုတ်လွှင့်ပြသခဲ့ကြသည်။

ယင်းထုတ်လွှင့်ချက်များအပြီး အဆိုပါမှတ်တမ်းများသည် စစ်အစိုးရ၏ နိုင်ငံနှင့် တ၀န်းတွင် တည်ဆောက်နေ သော ရေအားလျှပ်စစ် စီမံကိန်းများမှ မှတ်တမ်းများ ဖြစ်နိုင်မည်လား ဟူသည့် ပြည်တွင်း၊ပြည်ပရှိ အင်ဂျင်နီယာ အများစုက မေးခွန်များ ထုတ်နေကြသည်ဟုလည်း သိရသည်။

UNO Thuzeekpi pa BankiMon Kawlgam ah pai ding ci ei!!!

ဘန်ကီမွန်း မကြာမီ မြန်မာပြည်သို့သွားမည်

Tuesday 30 June 2009, 16:55
ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းသည် ဇူလိုင် ၃ ရက်နှင့် ၄ ရက်နေ့များတွင် မြန်မာပြည်သို့ သွားရောက်မည် ဖြစ်ကြောင်း ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ချုပ်ရုံးက ကြေညာလိုက်သည်။

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (ဓာတ်ပုံ - AFP)

“အထွေထွေ အတွင်းရေးမှူးချုပ်အနေနဲ့ ဒီတကြိမ် မြန်မာပြည်ကို ထပ်သွားရတဲ့ အကြောင်းရင်းက မြန်မာပြည်ရဲ့ ထိပ်ပိုင်းစစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ နှစ်ပေါင်းများစွာ စိုးရိမ်ပူပန်ခဲ့တဲ့ အကြောင်းအရာ တော်တော်များများကို ပြောဆို ဆွေးနွေးဖို့ ဖြစ်ပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူတဦးက နယူးယောက်မြို့ရှိ ကုလသမဂ္ဂ အဖွဲ့ချုပ်ရုံးတွင် ကျင်းပသော နေ့စဉ် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြား လိုက်သည်။

မစ္စတာဘန်ကီမွန်းသည် မြန်မာစစ်အစိုးရ၏ ဖိတ်ကြားချက်အရ သွားရောက်မည်ဖြစ်ပြီး ယခု ကြေညာချက် ကို ယခင်တပတ်က မြန်မာပြည်သို့ ရှေ့ပြေးသွားရောက်ခဲ့သည့် ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂန်ဘာရီ မြန်မာပြည်မှ ပြန်လာခဲ့ပြီးနောက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး လွှတ်ပေးရန်၊ အတိုက်အခံများ၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် စစ်အစိုးရတွေ့ဆုံဆွေးနွေးပြီး အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး ဆောင်ရွက်နိုင်ရန်၊ ၂၀၁၀ ရွေးကောက်ပွဲကို တရားမျှတစွာ ကျင်းပပေးရန် စသည့် အချက် ၃ ချက်ကို မစ္စတာ ဘန်ကီမွန်းအနေနှင့် အဓိကထား ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ကြောင်း အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင်ပြောခဲ့သည်။

လေ့လာသူတို့က မြန်မာပြည်အရေးနှင့် ပတ်သက်၍ ရလဒ်ကောင်းများ မဆောင်ကျဉ်းနိုင်ခဲ့သော မစ္စတာဘန်ကီမွန်းအနေနှင့် ယခုကဲ့သို့ မြန်မာပြည်သို့ ပြန်သွားခြင်းမှာ တရုတ်နိုင်ငံ အပါအဝင် အိမ်နီးချင်း နိုင်ငံများက တိုက်တွန်းသောကြောင့် ဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။

သတင်းစာဆရာကြီး လူထုစိန်ဝင်းက ယခု မစ္စတာဘန်ကီမွန်း၏ မြန်မာပြည်ခရီးစဉ် အောင်မြင်လိမ့်မည် မဟုတ်ဟု ဆိုသည်။

“UN ဆိုတာ သွားမပါတဲ့ ကျားအိုကြီးမှန်း ဒီက ဗိုလ်ချုပ်တွေက သိပြီးသားပါ။ အခုကိစ္စက မြင်းကမလှုပ်ဘဲ ခုံက လှုပ်သလိုဖြစ်နေတယ်။ တရုတ်ကပဲ တိုက်တွန်းတွန်း၊ ရုရှားကပဲ တိုက်တွန်းတွန်း ပြည်တွင်းက စစ်အစိုးရရဲ့ အဓိက အတိုက်အခံပါတီကြီးက ဘာမှမလုပ်ရင် ဘာမှဖြစ်လာမှာမဟုတ်ဘူး။ မစ္စတာ ဘန်ကီမွန်းရဲ့ခရီးစဉ်က အောင်မြင်မှာ မဟုတ်ပါဘူး” ဟု ၎င်းက ဆက်ပြောသည်။

မစ္စတာဘန်ကီမွန်း၏ မြန်မာပြည်ခရီးစဉ်နှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်း ဆောင် တဦးဖြစ်သူ ဦးဝင်းတင်ကလည်း မျှော်လင့်ချက် နည်းပါးသည်ဟု ပြောကြားသည်။

“ရှေ့ပြေးလာတဲ့ မစ္စတာ ဂန်ဘာရီက ခိုးကြောင်ခိုးဝှက် နီးပါး လာခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း တယောက်တည်းနဲ့ တွေ့ခဲ့တယ်။ အဲဒီကတည်းက မစ္စတာဘန်ကီမွန်းလည်း ခါတိုင်းလိုပဲ စစ်အစိုးရ ပြောတာ လုပ်သွားပြီး ပြန်သွားရမှာပဲလို့ ထင်ခဲ့တယ်” ဟု ဦးဝင်းတင်က ဆိုသည်။

မစ္စတာဘန်ကီမွန်း၏ မြန်မာပြည်ခရီးစဉ်နှင့် ပတ်သက်၍ ရလဒ်ကောင်း များ ဆောင်ကျဉ်းနိုင်လိမ့်မည် လောဟူ၍ ဧရာဝတီမဂ္ဂဇင်းက ယခုလအတွင်း စာဖတ်သူများကို မေးခွန်းထုတ်၊ သဘောထား တောင်းခံခဲ့ရာ ၉၀ ရာခိုင်နှုန်းကျော်က မရနိုင်ဟူ၍ အဖြေပေးကြသည်။

သို့ရာတွင် တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် သဘောထားမှာ ပြောင်းလဲလာသည်ဟု ယူဆ ရပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မြန်မာပြည်သို့ ပြန်လာရန် တိုက်တွန်းခဲ့ခြင်း ဖြစ်နိုင်သည်ဟု ဦးဝင်းတင်က သုံးသပ်သည်။

“တရုတ်ပြည်က အရင်အခြေအနေမျိုးမဟုတ်တော့ဘူး။ သူလည်း ကမ္ဘာမှာ ဝင်ဆံ့တဲ့ နိုင်ငံကြီး တနိုင်ငံ ဖြစ်လာပြီ။ လူမိုက်မွေးရုံလုပ်မယ့် နိုင်ငံတခုမဟုတ်တော့ဘူး။ ဒါကြောင့် ကျနော်တော့ တရုတ်ကို စိတ်မပျက်ဘူး။ တရုတ်က ဒီမိုကရေစီအင်အားစုတွေကို ကျောခိုင်းပြီး နအဖနဲ့ လက်ဝါးရိုက်မယ့် နိုင်ငံ တခုလို့ မယူဆပါဘူး” ဟု ၎င်းက ဆက်ပြောသည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အနေနှင့် အပြုသဘော ဆောင်သည့် ရလဒ်ကောင်းများ ထွက်ပေါ်သည်အထိ စစ်အစိုးရနှင့် တွေ့ဆုံဆွေးနွေးခြင်း ပြုနိုင်၊ မပြုနိုင် မသေချာသော်လည်း လက်ရှိအနေအထားအရ မြန်မာပြည်သို့သွားကာ ကုလသမဂ္ဂ၏ အခန်းကဏ္ဍကို ပြသသင့်ကြောင်း နိုင်ငံရေးလေ့လာသူတို့က သုံးသပ်သည်။

မစ္စတာဘန်ကီမွန်းသည် မြန်မာပြည် ခရီးစဉ်အတွင်း နာဂစ် ဆိုင်ကလုန်းမုန်တိုင်းနောက်ပိုင်း လူသားချင်း စာနာ ထောက်ထားသည့် အကူအညီကိစ္စရပ်များနှင့် ပတ်သက်၍လည်း ဆွေးနွေးဦးမည်ဖြစ်ပြီး ၎င်းသည် ဂျပန်နိုင်ငံမှ တဆင့် မြန်မာပြည်သို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အနေနှင့် စစ်အစိုးရက တရားဆွဲဆိုထားသဖြင့် အမှုရင်ဆိုင်နေရသော ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့၊ မတွေ့ ဆိုသည်ကိုမူ အတိအကျ မပြောနိုင်သေးဟု ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူက ပြောသည်။

မစ္စတာဘန်ကီမွန်း မြန်မာပြည်သို့ ရောက်ရှိမည့် ဇူလိုင် ၃ ရက်နေ့သည် ဒေါ်အောင်ဆန်းစုကြည်ကို ရုံးထုတ်မည့်နေ့ဖြစ်သည်။



Galkap Kumpi ten Zogam a, khamtung lo te abeinading geelna nei

ရွှေ့ပြောင်းတောင်ယာ ပပျောက်ရေး စီမံချက်ကြောင့် ဒေသခံများအခက်တွေ့

Tuesday 30 june 2009, 18:36

ချင်းပြည်နယ်တွင် ရွှေ့ပြောင်း တောင်ယာစနစ် ပပျောက်စေရန် အစိုးရက စီမံချက် ဆောင်ရွက် နေခြင်းကြောင့် မိရိုးဖလာ တောင်ယာ စိုက်ပျိုးရေး လုပ်ကိုင်သူများ စားဝတ်နေရေး အခက်တွေ့ နေရကြောင်း ဒေသခံများက ပြောသည်။

မြန်မာနိုင်ငံ အနောက်ခြမ်းတွင် တည်ရှိသော တောင်ပေါ်ဒေသ တစ်ခုဖြစ်သည့် ချင်းပြည်နယ်တွင် ရွှေ့ပြောင်း တောင်ယာ ပပျောက်စေရန် အစိုးရက ကော်ဖီ၊ လက်ဖက် ကဲ့သို့သော နှစ်ရှည်ပင်များကို စိုက်ပျိုးစေသောကြောင့် နည်းပညာကျွမ်းကျင်မှု မရှိသည့် ပြဿနာနှင့် ရင်ဆိုင်နေရသည်ဟု တောင်ယာစိုက်ပျိုးခြင်းဖြင့် နှစ် ၃၀ နီးပါး အသက်မွေးခဲ့သည့် တီးတိန်မြို့မှ ဦးထန်းလိန်းက ဆိုသည်။

“လက်ဖက်တို့၊ ကော်ဖီတို့က စိုက်ပြီးပြီးခြင်း ငွေမပေါ်ဘူး။ နောက် ၄၊ ၅ နှစ်လောက်မှ အကျိုးအမြတ်ကို ခံစားရမှာ။ ကျွန်တော်တို့က အရင်ကတည်းက စပါးပဲစိုက်လာတာ။ အခုအပင်တွေ စိုက်ရတာ လုံးဝ အဆင်မပြေ ဘူး” ဟု ၎င်းက ဆက်ပြောသည်။

ချင်းပြည်နယ်အတွင်း ဒေသခံများကို ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးခြင်း၊ သစ်ခုတ်ခြင်းများ တားမြစ်ထား သော်လည်း အစိုးရနှင့် နီးစပ်သော စီးပွားရေးလုပ်ငန်းရှင် တချို့မှာမူ သစ်ထုတ်လုပ်ခွင့်များ ရရှိထားသည်ဟု သိရသည်။

ယခုကဲ့သို့ ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးခွင့် ပိတ်ပင်သည့်အပြင်၂၀၀၈ ခုနှစ် နှစ်ဆန်းပိုင်းက ချင်းပြည်နယ် အတွင်း သာမန်အရွယ်အစားထက် ပိုမိုကြီးမားသော မြေကြွက်ကြီးများ ပေါများလာပြီး စိုက်ခင်းများကို လိုက်လံ ဖျက်ဆီးခဲ့ခြင်းကြောင့် ဒေသခံများ အနေနှင့် ပျက်စီးသွားသော ယာခင်း၊ စိုက်ခင်းများကို ပြန်လည် စိုက်ပျိုးထူထောင်ရန် အခက်အခဲ များစွာကြုံနေရသည်ဟုလည်း ပလက်ဝမြို့နယ်ရှိ တောင်သူတဦးက ပြောသည်။

“တောင်ယာ စိုက်ပျိုးတာကိုလည်း တားမြစ်တယ်၊ စားဝတ်နေရေးအတွက် တပိုင်တနိုင် သစ်ခုတ်တာကိုလည်း တားမြစ်ထားတဲ့အထဲ စပါးခင်းတွေ ကောက်ပဲသီးနှံ အပင်တွေကို ကြွက်တွေ ၀င်ကိုက်ဖျက်လို့ ဒုက္ခရောက် နေရတယ်” ဟု ၎င်းက ဆက်ပြောသည်။

ချင်းပြည်နယ်ရှိ တောင်ယာစိုက်ပျိုးသူများသည် စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်ခြင်းထက် ဒေသ၀မ်းစာ ဖူလုံရေး ကိုသာ ဦးစားပေးစိုက်ပျိုးနေရသောကြောင့် ကျောင်းနေအရွယ် ကလေးများကို ကျောင်းထားနိုင်ရန် အခက်အခဲ ကြုံတွေ့နေရကြောင်း ပလက်ဝမြို့နယ်မှ အထက်တန်းပြ ဆရာတဦးက ပြောသည်။

“လမ်းပန်းဆက်သွယ်ရေးက အရမ်း ခက်ခဲတဲ့အတွက် တောင်ပေါ်က စိုက်ထားပျိုးထားတာတွေကို တခြား မြို့ကြီးတွေကို သွားရောင်းဖို့က မဖြစ်နိုင်ဘူး။ ဒီနှစ်မှာ သားလေး ကျောင်းမတက်နိုင်ဘူး။ စိုက်ခင်းလည်း ပိုးထိတယ် ကြွက်လည်း ကိုက်ခံရတယ်” ဟု ကလေးဝမြို့နယ်တွင် နေထိုင်သူ တဦးကဆိုသည်။

သစ်တောဦးစီးဌာနသည် ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ် စသော သဘာဝတောတောင်ရှိသည့် ဒေသများအား သဘာဝဘေးမဲ့တောများအဖြစ် သတ်မှတ်ခြင်း၊ ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးခြင်းကို တားမြစ်ခြင်းများ ပြုလုပ်နေသော်လည်း အဆိုပါ ဒေသများ၏ အခြေခံလို အပ်ချက်ဖြစ်သည့် စားဝတ်နေရေး ပြေလည်ရန် ဆောင်ရွက်ခြင်းမရှိသောကြောင့် ဒေသဖွံဖြိုးမှု ထိခိုက်နိုင်ကြောင်း သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်၍ ဆောင်ရွက် နေသည့် NGO တခုမှ တာဝန်ရှိသူတဦးက သုံးသပ်သည်။