မြန်မာကလေးငယ် (၃၅) ဦးအား အုပ်ထိန်းသူထံ ပြန်အပ်နှံမည်
၁၁ အောက်တိုဘာ ၂၀၁၀
ပြန်လည်ရောက်ရှိလာမည့် သီလရှင် (၂၅) ပါး၊ ကိုရင် (၁၀) ပါးအား သီတဂူအုပ်ချုပ်ရေးအဖွဲ့မှ သွားရောက်ကြိုဆိုမည်ဖြစ်ပြီး အုပ်ထိန်းသူမိဘ (သို့မဟုတ်) ဘုန်းတော်ကြီးများထံသို့ ယင်းနေ့တွင် ပြန်လည်အပ်နှံမည်ဖြစ်သည်။
“(၁၇) ရက်နေ့မှာ သီတဂူအဖွဲ့ သီရိလင်္ကာကို လိုက်မယ်။ သီတဂူ ဆရာတော်တော့ မပါတော့ဘူး။ သီရိလင်္ကာနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက (၁၈) ရက်နေ့အတွက် လေယာဉ်လက်မှတ် စီစဉ်ပြီးပြီ။ မလေးရှားမှာ Transit နားပြီး (၁၉) ရက်နေ့ မလေးရှား အဲယားလိုင်းနဲ့ မြန်မာပြည်ပြန်လာမယ်။ မင်္ဂလာဒုံလေဆိပ် ‘ရောမမာန်’ စားသောက်ဆိုင်မှာ နံနက်စာကျွေးပြီး အုပ်ထိန်းသူလက် ပြန်အပ်မယ်” ဟု အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။
ယင်းနေ့တွင် သီတဂူဆရာတော်ဘုရားကြီး လိုက်ပါကြိုဆိုခြင်း ရှိ မရှိနှင့် သတင်းစာရှင်းလင်းပွဲ ပြလုပ်ခြင်း ရှိ မရှိကိုမူ အုပ်ချုပ်ရေးအဖွဲ့မှ ဖြေဆိုရန် ငြင်းဆန်သည်။
လွန်ခဲ့သော ၁၉၉၀ ခုလွန်နှစ်များက သီရိလင်္ကာသာသနာပြုမစ်ရှင်အဖွဲ့သည် ရန်ကုန်မြို့ရှိ ကျောင်းတိုက်ကြီး (၃) တိုက်မှ ကလေးငယ် (၁၀၀) ကျော်အား ရန်ကုန်မြို့ ရွှေတိဂုံဘုရား၌ ကိုရင်နှင့် သီလရှင်များ ၀တ်ပေးခဲ့သည်။
ထို့နောက် သီရိလင်္ကာနိုင်ငံသား (ထိုင်ဝမ်ဘုန်းကြီး)က ထိုကလေးငယ်များအား ပညာဆက်လက်သင်ကြားပေးမည်ဟု ပြောဆိုကာ (၃) သုတ်ခွဲ၍ သီရိလင်္ကာနိုင်ငံသို့ ခေါ်ဆောင်သွားခဲ့သည်။
ယင်းနောက် ကွန်ပျူတာဖြင့် စာသင်ကြားနေဟန် ဓာတ်ပုံများဖြင့် အင်တာနက်မှတဆင့် ကမ္ဘာအရပ်ရပ်သို့ အလှူခံခဲ့ကြောင်း၊ ကလေးငယ်အများစုကိုမူ သီရိလင်္ကာနိုင်ငံအတွင်း နေရာများခွဲ၍ စေလွှတ်ပြီး အလုပ်ကြမ်းများ ခိုင်းစေကာ ၎င်းတို့၏ နိုင်ငံကူးလက်မှတ်များကိုလည်း သိမ်းဆည်းထားကြောင်း သိရသည်။
“ထိုင်ဝမ်ဘုန်းကြီးနဲ့ သီတဂူဆရာတော် လုံးဝပတ်သက်မှုမရှိဘူး။ သူ့ရဲ့ဘွဲ့တော်လည်း မသိရဘူး။ မြန်မာသံအမတ်ကြီးနဲ့ ပတ်သက်မှုရှိတယ်။ မြန်မာပြည်က ကလေးငယ်တွေ ဗန်းပြပြီး ထိုင်ဝမ်သူဌေးတွေဆီက ကမ္ဘာအနှံ့မှာ ပိုက်ဆံလက်ဖြန့်တောင်းနေတာ” ဟု အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
အဆိုပါ ကလေးယ်များမှာ ၁၉၉၅-၁၉၉၆ ခုနှစ် မွေးဖွားသော (၁၅) နှစ်ခန့် ကလေးငယ်အများစု ပါဝင်ကြောင်း၊ သီရိလင်္ကာနိုင်ငံအတွင်း ကိုရင်၊ သီလရှင်၊ လူဝတ်များဖြင့် ရှိနေကြပြီး ဖိနှိပ်မှုများ ခံနေရခြင်းကြောင့် မြန်မာကလေးငယ် (၃၅) ဦးက မြန်မာသံအမတ်ကြီးထံသို့ တိုင်ကြားစာ ပေးပို့ခဲ့ခြင်းဖြစ်သည်။
မြန်မာသံအမတ်ကြီးက ကလေးငယ်များ၏ နိုင်ငံကူးလက်မှတ်များ ပြန်လည်စုစည်းရယူခဲ့ပြီး ကမ္ဘာ့ဗုဒ္ဓညီလာခံသို့ တက်ရောက်လာသည့် သီတဂူ ဆရာတော်ဘုရားကြီးအား အကူအညီတောင်းခံခဲ့ရာမှ ယခုကဲ့သို့ ရလဒ်ထွက်ပေါ်လာခြင်းဖြစ်သည်ဟု သိရသည်။
အဆိုပါ တာဝန်ရှိသူက “ကလေးတဦးစရိတ် (၃၅၀) ဒေါ်လာကုန်ကျမှုရှိတယ်။ ဒါကို ဆရာတော်ဘုရားကြီးနဲ့ အလှူရှင်တွေ စိုက်ထုတ်ကျခံပြီး သွားခေါ်မယ်။ သီရိလင်္ကာနိုင်ငံ နေရာအသီးသီးမှာ ပြန့်ကြဲနေတဲ့ မြန်မာကလေးငယ် (၇၀) ကျော်ကိုလည်း ရအောင် ခေါ်နိုင်ဖို့ ထပ်မံကြိုးစားမယ်” ဟု ပြောသည်။
အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးတပါးကမူ “ဒီကိစ္စနဲ့ ပတ်သက်လို့ မြန်မာအစိုးရနဲ့ သီရိလင်္ကာအစိုးရ တွေ့ဆုံဆွေးနွေးစေချင်တယ်။ ကလေးငယ် (၁၀၀) ကျော်ကို အသုတ်ခွဲ ခေါ်ထုတ်ခွင့်ပေးလိုက်တဲ့ မြန်မာအစိုးရမှာ လုံးဝတာဝန်ရှိတယ်။ ဒီကိစ္စဖြေရှင်းဖို့ လူဝင်မှုကြီးကြပ်ရေး၊ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့၊ နှစ်နိုင်ငံ သံရုံးအသီးသီး နိုင်ငံခြားရေးရုံး၊ သာသနာရေးဝန်ကြီးရုံး အားလုံးမှာတာဝန်ရှိတယ်” ဟု နာကြည်းကြေကွဲစွာ မိန့်မှာသွားသည်။
No comments:
Post a Comment