သာသနာရေးဝန်ကြီးဌာန အရာထမ်းများ (၅၃) ချက်ပါ ကိုယ်ရေးမှတ်တမ်းဖြည့်ရ ၂၅ မေ ၂၀၁၀
ရန်ကုန်မြို့ ကမ္ဘာအေး ဘုရားလမ်းရှိ သာသနာရေးဝန်ကြီးဌာန အရာထမ်းများ၏ ကိုယ်ရေးမှတ်တမ်းများကို အချက် (၅၃) ချက်ပါ ပုံစံတွင်ဖြည့်၍ နေပြည်တော် သာသနာရေးဝန်ကြီးရုံးသို့ ပြီးခဲ့သည့် မေလ တတိယပတ်က ပေးပို့ခဲ့ရသည်ဟု ယင်းဌာနမှ အရာထမ်းတဦးက ပြောသည်။
စာရွက် (၂) ရွက်ပါ ယင်းပုံစံတွင် ထူးခြားသည်မှာ ပြည်ပရေဒီယိုအသံလွှင့်ဌာနများကို နားထောင်သလားဆိုသည့် မေးခွန်းအချက်ပါရှိပြီး ဦးစီးအရာရှိနှင့် ၎င်း၏ အထက်ညွှန်ကြားရေးမှူးအဆင့်အထိ ရေးသားဖြည့်စွက်ရသည်ဟု အဆိုပါ အရာထမ်းက ပြောသည်။
၎င်းက “၁၉၉၀ ရွေးကောက်ပွဲအပြီး ၀န်ထမ်းတွေကို ဖြည့်စွက်ခိုင်းတဲ့ အချက် (၃၃) ချက်ပါ ပုံစံမျိုး မဟုတ်ပါဘူး။ ဘယ်ပါတီကို လက်ခံပါသလား။ နိုင်ငံခြားသားတယောက်ကို ယူထားတဲ့ အမျိုးသမီးတယောက်ကို ဘယ်လို နိုင်ငံခေါင်းဆောင်အဖြစ် တင်သင့်ပါသလား စတဲ့ သူများ ကိုယ်ရေးကိုယ်တာတွေကို ဖြည့်စွက်ခိုင်းတာမျိုးလည်း မဟုတ်ပါဘူး။ ဒါပေမယ့် အခု (၅၃) ချက်ထဲမှာ ဗွီအိုအေ၊ ဘီဘီစီ၊ အာအက်ဖ်အေ နားထောင်ပါသလား။ နိုင်ငံခြားမှာ ဆွေမျိုးသားချင်း ရှိပါသလား။ အဲဒီအချက်တွေတော့ ပါတယ်။ ဘယ်လို သဘောလဲတော့ မသုံးသပ်တတ်ဘူး” ဟု ပြောသည်။
နာမည်၊ အသက်၊ မျိုးရိုးစဉ်ဆက်အပါအ၀င် ကိုယ်ရေးမှတ်တမ်းဖြစ်သော်လည်း ယင်းသို့အချက်များပါ ထည့်သွင်းမေးထားသဖြင့် မည်သည့်အတွက် တောင်းခံသည်ကို မသိရကြောင်း၊ နေပြည်တော် သာသနာရေးဝန်ကြီးရုံးမှ ကာကွယ်ရေးဝန်ကြီးဌာနသို့ ပို့ပေးရသည်ဟု ကြားကြောင်း ယင်းအရာထမ်းက ပြောသည်။
ယခုကဲ့သို့ သာသနာရေးဝန်ကြီးဌာန အရာထမ်းအားလုံးအား ကိုယ်ရေးမှတ်တမ်း ကောက်ခံခြင်းသည် ၂၀၁၀ ခုနှစ်အတွင်း ပထမဦးဆုံးအကြိမ် ဖြစ်နေသည့်အတွက် ၀န်ထမ်းများအကြား သို့လော သို့လော မေးခွန်းထုတ်ဖွယ် ဖြစ်နေကြသည်။
“၁၉၉၀ ရွေးကောက်ပွဲအပြီး (၃၃) ချက်က ၀န်ထမ်းအားလုံးကို ကိုယ်စားပြုတယ်။ အခု (၅၃) ချက်က အရာထမ်း သီးသန့် ဖြည့်စွက်ခိုင်းတာဆိုတော့ ၀န်ထမ်းထုတရပ်လုံးနဲ့ မဆိုင်လောက်ပါဘူး” ဟု အချို့ကလည်း သုံးသပ်နေကြသည်။
အမှတ် (၁) စက်မှု အရာထမ်းတဦးကမူ “ကျမတို့ဌာနတွေကိုတော့ အဲလိုဖြည့်ခိုင်းဖို့ ရောက်မလာသေးဘူး။ ဌာနတခုရဲ့ အကြောင်းကိစ္စတခုကြောင့် ကာကွယ်ရေးဝန်ကြီးဌာနက တောင်းခံတာ ဖြစ်နိုင်ပါတယ်” ဟု ဆိုသည်။
ပြည်ထဲရေးဝန်ကြီးဌာန အရာထမ်းတဦးကလည်း “ကျနော်တို့ဆီလည်း ဘာညွှန်ကြားချက်မှ ရောက်မလာပါဘူး။ သီးသန့်လိုအပ်ချက်ကြောင့် ဌာနတခုတည်းကို ညွှန်ကြားပြီး ကိုယ်ရေးမှတ်တမ်းတောင်းတာနဲ့တူပါတယ်” ဟု
ပြောသည်။
အချက် (၅၃) ပါ အဆိုပါ ကိုယ်ရေးပုံစံအား ဖြည့်စွက်ရခြင်း ရှိ မရှိ ရန်ကုန်မြို့ရှိ ဌာနများသို့ မေးမြန်းကြည့်ရာ မည်သည့်ဌာနကိုမှ ညွှန်ကြားချက် ရောက်ရှိမလာသေးကြောင်း သိရသည်။
Tuesday, May 25, 2010
နေထိုင်ခွင့်လွန် အလုပ်သမားများအား မလေးရှားက သက်ညှာခွင့်ပေးမည်
နေထိုင်ခွင့်လွန် အလုပ်သမားများအား မလေးရှားက သက်ညှာခွင့်ပေးမည်
၂၄ မေ ၂၀၁၀
မလေးရှားအစိုးရက နိုင်ငံခြားသား အလုပ်သမားများအား ဖမ်းဆီးအရေးယူမှုများ မလုပ်ဘဲ သက်ညှာခွင့်ပြုသည့်အနေဖြင့် မကြာခင်ကာလအတွင်း မိမိနိုင်ငံရင်းသို့ ပြန်လည်ထွက်ခွာခွင့်ပြုတော့မည်ဟု မလေးရှားနိုင်ငံထုတ် The Star သတင်းစာတွင် သောကြာနေ့က ဖော်ပြသည်။
အစိုးရကတ်ဘိနက်အဖွဲ့ဝင် ဝန်ကြီး (၁၇) ဦးအပါအ၀င် အစိုးရအေဂျင်စီများပါ တက်ရောက်သည့် နိုင်ငံခြားသားနှင့် တရားမဝင်အလုပ်သမားများအရေး ဆွေးနွေးသည့် အစည်းအဝေးတွင် ဒု-ဝန်ကြီးချုပ် တန်စရီမူဟစ်ဒင်ယာဆင်က ယင်းသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
ယခု မလေးရှားအစိုးရက ထုတ်ပြန်သည့် သက်ညှာခွင့်သည် တတိယအကြိမ်မြောက်ဖြစ်ပြီး စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ စက်ရုံနှင့် အိမ်အကူ အလုပ်သမားများ ခံစားခွင့်ရှိမည်ဖြစ်သည်။ ပထမနှင့် ဒုတိယအကြိမ် သက်ညှာခွင့်ပြုခဲ့သော ၂၀၀၂ ခု နှင့် ၂၀၀၄ ခုနှစ်တို့တွင်လည်း ရာထောင်ချီသော အလုပ်သမားအများအပြား အိမ်ပြန်ခဲ့ကြသည်။
ထိုသတင်းနှင့်ပတ်သက်၍ အလုပ်လုပ်ခွင့်သက်တမ်းကျော်လွန်ပြီး နေထိုင်ခွင့်ပါလွန်နေသူ မလေးရှားရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတဦးက “ကျနော်က မြန်မာနိုင်ငံ ဧရာဝတီတိုင်း လပွတ္တာမြို့ကပါ။ ဒီမှာ သံပန်း သံတခါးလုပ်ငန်းမှာ ဆေးမှုတ်ပါတယ်။ နာဂစ်ဖြစ်ပြီးကတည်းက ပြန်ချင်နေတာ အိုနေတော့ ပြန်ဖို့မလွယ်ကူတာနဲ့ မပြန်ဖြစ်တာ။ အခုတော့ ပြန်ဖို့ အဆင်ပြေသွားတယ်။ ဟိုမှာ မိသားစု အဆင်ပြေလို့ ပြန်တာမဟုတ်ပါဘူး။ ရောက်နေတာလည်း (၆) နှစ်ကျော်သွားပြီ။ နာဂစ်တုံးက ဖရိုဖရဲ ဖြစ်သွားတဲ့ မိသားစုဘ၀လေးကို ကိုယ်ဖိရင်ဖိ ကူညီချင်လို့ ပြန်တာပါ။ ကျနော့်မှာ ပါတ်စပို့ရှိတယ်၊ သက်တမ်းကတော့ အင်တုံးထုထားတယ်။ မင်္ဂလာဒုံလေဆိပ်ကြမှပဲ အင်တုံးကိစ္စကို ငွေပေးပြီးရှင်းရမှာပေါ့” ဟု ဆိုသည်။
မပြန်တော့ဟု ဆုံးဖြတ်ထားသည့် အလုပ်သမားတဦးကမူ “ကျနော် ဒီကိုရောက်တုန်းကတော့ တရားဝင်ပါ။ နောက်ပိုင်းစက်ရုံမှာ လစာမကောင်းလို့ အခုလုပ်နေတဲ့ တွင်ခုံလုပ်ငန်းမှာ ၀င်ခုပ်နေပါတယ်။ ဘယ်လိုပဲ လွတ်ငြိမ်းချမ်းသာခွင့် ပေးပေး ကျနော်ကတော့ မပြန်ဘူး။ ဒီနိုင်ငံမှာ ဘာပဲဖြစ်ဖြစ် တလကို (၁) သိန်းလောက် အိမ်ကို ငွေပြန်ပို့ပေးနိုင်သေးတယ်။ ဟိုကိုပြန်သွားရင် အလုပ်မရှိဘဲ မိဘဆီက ငွေပြန်တောင်းနေရမယ်။ အဖမ်းအဆီးတွေကြမ်းလို့ အဖမ်းခံရတော့မှပဲ ပြန်တော့မယ်။ ကျနော်တို့ အရင်ရောက်တဲ့သူတွေ ပြောသလို မလေးရှား မိုးကုန်မှ ပြန်မယ်ဗျာ။ မလေးရှားက အမြဲတမ်း မိုးရွာနေတော့ မိုးမကုန်ဘူးလေ” ဟု ဆိုသည်။
နိုင်ငံခြားသား အလုပ်သမားများအား သက်ညှာခွင့်ပေးမည်ဟု မလေးရှားအစိုးရက ထုတ်ပြန်ပြောဆိုနေသကဲ့သို့ နိုင်ငံခြားသား အလုပ်သမားများ ဝင်ရောက်လာနေမှုကို ထိန်းချုပ်သောအားဖြင့် အလုပ်သမားခွန်ကိုလည်း နောက်နှစ်မှစ၍ လုပ်ငန်းပိုင်း ကဏ္ဍအလိုက် သော်လည်းကောင်း၊ အလုပ်သမားအရည်အသွေးအရ သော်လည်းကောင်း တိုးမြှင့်ကောက်ခံသွားမည်ဟုလည်း ထုတ်ပြန်ထားသည်။
သို့သော် အလုပ်သမားအခွန်(လဲဗီး) တိုးမည်ဆိုသည့်အစီအစဉ်ကို ကုန်သည်ကြီးများအဖွဲ့အချို့မှ ကန့်ကွက်ကြောင်း ကြေညာသည်။
မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး လုပ်ကိုင်နေသော Burma Campaign Malaysia မှ ဒါရိုက်တာ ကိုထွန်းထွန်းက “ဒီလွတ်ငြိမ်းချမ်းသာခွင့် ပေးပြီးနောက်ပိုင်းမှာ အလုပ်သမားခွန် (လဲဗီး) ကို ထပ်မံတိုးမြှင့်မယ်လို့ ကြေညာတာကို ကြည့်ခြင်းအားဖြင့် မလေးရှားအစိုးရအနေနဲ့ နိုင်ငံခြားသားတွေကို ထပ်မံခေါ်ယူဖို့ ကန့်သတ်မှုတွေ လုပ်တော့မယ်ဆိုတာကို ပြသလိုက်တာဖြစ်တယ်။ ၂၀၀၄ ခုနှစ်တုန်းက မြန်မာတွေ တော်တော် ပြန်ကြတယ်။ ဒီတခေါက်မှာ ပြန်မယ့်သူနည်းနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီတုန်းကပြန်တဲ့သူတွေရဲ့ (၈၀) ရာခိုင်နှုန်းဟာ မလေးကို ပြန်ရောက်လာကြတယ် ” ဟု ပြောသည်။
၂၀၀၄ ခုတွင် သက်ညှာမှုပေးစဉ်က နိုင်ငံပေါင်းစုံမှ အလုပ်သမား (၂၃၀,၀၀၀) ပြန်သွားခဲ့ကြပြီး၊ မြန်မာအလုပ်သမားများ အနေဖြင့် မြန်မာသံရုံးမှထုတ်ပေးသည့် CI ဆိုသည့် မည်သူမည်ဝါဖြစ်ကြောင်း ထောက်ခံချက် တနည်းအားဖြင့် နေရပ်ရင်းပြန်ရန် ထုတ်ပေးသော ယာယီနိုင်ငံကူးလက်မှတ်ကြေးကို မပေးချင်သောကြောင့် လူကုန်ကူးသူများကို အားကိုးခဲ့ကြသည့်အတွက် ရင်းဂစ် (၉၅၀) ကုန်ကျခဲ့ကြကြောင်း၊ လူကုန်ကူးသူများအတွက် အကျိုးအမြတ်ဖြစ်စေခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ယခု သက်ညှာခွင့်အစီအစဉ်သည် မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် မည်သို့မှ ထူးခြားမည်မဟုတ်ကြောင်း၊ အကြောင်းမှာ မြန်မာနိုင်ငံတွင် လုပ်ကိုင်စားသောက်ရသည်မှာ မလွယ်ကူသဖြင့် မလေးရှားမှာပင် ဖြစ်သလိုရှာဖွေ ရပ်တည်ရခြင်းက ပိုမိုအဆင်ပြေနေသဖြင့် ပြန်ပါဆိုသော်လည်း မပြန်ဘဲ ဆက်လက် အလုပ်လုပ်ကိုင်နေကြဦးမည် ဖြစ်သည်ဟု အလုပ်သမားတဦးက သုံးသပ်သည်။
မလေးရှားနိုင်ငံရှိ ရိုဟင်ဂျာအုပ်စုကမူ ထိုသက်ညှာခွင့်အစီအစဉ်တွင် ၎င်းတို့အား မထည့်သွင်းဘဲ ပလပ်ပေးပါရန်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံထားရသူများ ဖြစ်သော်လည်း ယခင် ၂၀၀၂၊ ၂၀၀၄ ခုနှစ် သက်ညှာခွင့်တို့တွင် ရိုဟင်ဂျာများအား အစုလိုက် အပြုံလိုက် ပြန်ပို့ခြင်းခံခဲ့ရသည့်အတွက် ထိုသို့မဖြစ်ပွားစေရန် တောင်းဆိုရခြင်းဖြစ်ကြောင်း ယနေ့ထုတ် ဘနားမားသတင်းစာတွင် ဖော်ပြထားသည်။
ထိုသက်ညှာခွင့်သည် အစိုးရ၏သဘောတူညီချက် အဆင့်သာဖြစ်ပြီး မည်သည့်အချိန် စတင်၍ မည်သည့်အချိန်တွင် အဆုံးသတ်မည် ဆိုသည်တို့ကို တိတိကျကျ ထုတ်ပြန်ခြင်း မရှိသေးပေ။
ပုဂ္ဂလိက ကျောင်းဖွင့်ခွင့်များ ပြန်လည်ပိတ်ပင်
ပုဂ္ဂလိက ကျောင်းဖွင့်ခွင့်များ ပြန်လည်ပိတ်ပင် ၂၅ မေ ၂၀၁၀
ယခုနှစ်ဆန်းပိုင်းက ဖွင့်လှစ်ခွင့်ပြုထားသည့် ပုဂ္ဂလိကကျောင်းများကို ခွင့်ပြုချက် ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း ကျောင်းဖွင့်ခွင့်ရထားသည့် ကျောင်းအုပ်ဆရာကြီးတဦးက ပြောသည်။
၎င်းက “ကျနော်တို့ကို အခြေခံ (၃) က ခေါ်ပြောတယ်။ ချထားပေးတဲ့ ပုဂ္ဂလိက ကျောင်းဖွင့်ခွင့်ကို ပြန်ရုပ်သိမ်းလိုက်တယ်။ အရင်အတိုင်း ဘော်ဒါဆောင်တော့ ဆက်ဖွင့်နိုင်တယ်။ ကျနော်တို့ ဒီလောက်ပဲ ပြောနိုင်ပါတယ်။ မီဒီယာတွေကို အစည်းအဝေးကိစ္စ လုံးလုံး ဖြေကြားခြင်းမပြုဖို့ တင်းတင်းကျပ်ကျပ် တားမြစ်ထားပါတယ်” ဟု ပြောသည်။
ရန်ကုန်တိုင်းအတွင်းမှာ ဘော်ဒါဆောင်လုပ်ငန်း လုပ်ကိုင်နေသည့် သင်တန်းကျောင်းများကို သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့် ကိုက်ညီပါက ပုဂ္ဂလိကကျောင်းအဖြစ် ဖွင့်ခွင့်ပေးမည်ဟု ယခုနှစ်ဆန်းပိုင်းတွင် ပညာရေးဝန်ကြီးဌာန အမှတ် (၃) အခြေခံပညာဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
ထိုအချိန်က ပုဂ္ဂလိက ကျောင်းအဖြစ် ဖွင့်လှစ်လိုသူ (၃ဝ) ဝန်းကျင်ခန့် လျှောက်ထားခဲ့ပြီး ပြင်ဆင်ထားသမျှကို ရန်ကုန်တိုင်း တိုင်းမှူးကိုယ်တိုင် ကွင်းဆင်းစစ်ဆေးခဲ့ပြီးနောက် ရန်ကုန်တိုင်းအတွင်းရှိ ဘော်ဒါဆောင် (၁ဝ) ခုကို ပုဂ္ဂလိက စာသင်ကျောင်းများအဖြစ် နှုတ်မိန့်ဖြင့် ဖွင့်လှစ်ခွင့်ပြုခဲ့သည်။
အဆိုပါကျောင်းများအနေဖြင့် ကျောင်းသားများကို ယာယီ ကျောင်းလက်ခံမှုလုပ်ထားနိုင်ပြီး ယခု မေလအတွင်း အစိုးရက ပုဂ္ဂလိက ပညာရေးဆိုင်ရာ အက်ဥပဒေ ထုတ်ပြန်ပြီးမှသာ တရားဝင်ဖြစ်မည်ဟု ညွှန်ကြားထားသည်။
တိုင်းမှူးနှင့် ပညာရေးဝန်ကြီးဌာန အမှတ် (၃) အခြေခံပညာဦးစီးဌာန၏ တရားဝင်ခွင့်ပြုချက် ရပြီးနောက် မဟာမြကျွန်းသာ၊ Success ၊ ပညာနန်းတော် အပါအဝင် ဘော်ဒါသင်တန်းကျောင်းတို့က ပုဂ္ဂလိက စာသင်ကျောင်းများအဖြစ် ဘေလ်ဘုတ်များ စိုက်ထူခြင်း၊ ဂျာနယ် မဂ္ဂဇင်းတို့တွင် တရားဝင်ကြော်ငြာခြင်းတို့ လုပ်ဆောင်ခဲ့ကြသည်။
ထို့အပြင် ပုဂ္ဂလိက စာသင်ကျောင်းတို့၏ အင်္ဂါရပ်များနှင့် ကိုက်ညီရန် ကျပ်ငွေ သိန်း ရာပေါင်းများစွာ အကုန်ခံပြီး တည်ဆောက်ရေးလုပ်ငန်း လုပ်ကိုင်ခဲ့ကြကြောင်း သိရသည်။
ခွင့်ပြုမိန့် ရုပ်သိမ်းမှုနှင့် ပတ်သက်၍ ပုဂ္ဂလိက ကျောင်းတည်ထောင်ခွင့်ရ လုပ်ငန်းရှင်တဦးက “တိုင်းမှူးကိုပေးရတာရော၊ ကျောင်းအတွက် ကုန်ကျရတာတွေပါတွက်ရင် သိန်း (၂ဝဝဝ) တော့ ကျော်သွားပြီ။ ကျောင်းသားတွေကိုလည်း ကြိုတင် လက်ခံထားတာတွေ ရှိတယ်။ အဲဒါတွေက ဘော်ဒါဆောင်မှာ မအပ်ရင် အားလုံးငွေ ပြန်အမ်းရမယ်။ ပေါ်လစီကို အခုတမျိုး တော်ကြာတမျိုးလုပ်တာ မြန်မာပြည်မှာ မဆန်းပေမယ့် ပုဂ္ဂလိက ကျောင်းထောင်ဖို့ ပြင်ဆင်နေတဲ့သူတွေ အတော်လေးကို ထိခိုက်နစ်နာတယ်” ဟု ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ အငြိမ်းစား ကျောင်းအုပ်ဆရာကြီးတဦးက ပညာရေးစနစ် နောက်ကြောင်းပြန်လှည့်သွားသကဲ့သို့ ခံစားရသည်ဟု ပြောဆိုသည်။
ရန်ကုန်မြို့ရှိ မဟာမြကျွန်းသာ အကယ်ဒမစ်စင်တာကမူ ပုဂ္ဂလိက ကျောင်းများပိတ်မည့်ကိစ္စကို ၎င်းတို့အနေဖြင့် မည်သည့်အကြောင်းကြားမှုမှ မရရှိသေးကြောင်း ပြောဆိုသည်။
“ကျမတို့က ပုဂ္ဂလိကကျောင်း စပြီလို့တော့ တရားဝင်မပြောဘူး။ ဒါပေမယ့် နှုတ်မိန့်တော့ ရထားပြီး စာမိန့်တရားဝင်တော့ မထွက်သေးပါဘူး” ဟု ကျောင်းမှ တာဝန်ရှိသူတဦးက ပြောသည်။
လောလောဆယ် ရန်ကုန်တွင် ချပေးထားသည့်ကျောင်းမှာ (၆) ကျောင်းရှိပြီး အပြောင်းအလဲမရှိကြောင်း၊ နောက်ထပ် ထပ်တင်သည့်ကျောင်းများကိုသာ ဆက်ချရန်တာဝန်ရှိသူများက စဉ်းစားနေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
ရန်ကုန်တိုင်း တယကမှ တာဝန်ရှိသူတဦးက အစိုးရသည် ဘော်ဒါဆောင်များကို ပုဂ္ဂလိက ကျောင်းထောင်ခွင့်ပေးမည့်အပြင် နာမည်ကြီးကျောင်းအချို့ကို ဦးတေဇတို့ကဲ့သို့ လုပ်ငန်းရှင်ကြီးများထံ ပုဂ္ဂလိကပိုင်အဖြစ် လွှဲပြောင်းပေးရန် စီစဉ်ခဲ့သေးကြောင်း၊ သို့သော် သတင်းပေါက်ကြားသွားခြင်း၊ ရွေးကောက်ပွဲ နီးလာချိန် ပြည်သူတို့၏ ဝေဖန်ကန့်ကွက်မှု များပြားနိုင်ခြင်း စသည်တို့ကြောင့် ပုဂ္ဂလိက ကျောင်း တည်ထောင်ခွင့် ကိစ္စအပါအဝင် ပညာရေးတွင် ပုဂ္ဂလိက ကဏ္ဍ ပါဝင်ခွင့်ကို နဂိုအတိုင်း လုံးဝ ပြန်လည် ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း ပြောသည်။ သို့သော် ၎င်း၏ ပြောကြားချက်ကို သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။
Monday, May 24, 2010
ဆန်စက်ဇကာခြားပြီး ထောင်ဝင်စာတွေ့ရ
ဆန်စက်ဇကာခြားပြီး ထောင်ဝင်စာတွေ့ရ ၂၁ မေ ၂၀၁၀
မြစ်ကြီးနားထောင်တွင် ထောင်ဝင်စာတွေ့သူများကို အကျဉ်းသားနှင့် မိသားစုဝင်များအကြား ဆန်စက်ဇကာ ခြားထားသည့် အခန်း၌သာ တွေ့ခွင့်ပေးသည့်အတွက် အခြေခံလူ့အခွင့်အရေးနှင့် ကိုက်ညီမှုရှိမည်မထင်ကြောင်း နာမည်ကြီး လူရွှင်တော် သရုပ်ဆောင် ဇာဂနာကို ထောင်ဝင်စာတွေ့ပြီး ပြန်လာသည့် မိသားစုဝင်တဦးက ပြောသည်။
၎င်းက “အရင်က တွေ့နေကျ အကျဉ်းသားနဲ့ မိသားစုအကြားမှာ သံဇကာကွက် ကာထားတယ်။ ကောင်းကောင်းမွန်မွန် စကားပြောလို့ရတယ်။ အခုဟာက ဆန်စက်တွေမှာ သုံးတဲ့ ဇကာလိုမျိုးနဲ့ ကာထားတော့ ကျန်းမာရေးကောင်းသလား၊ မကောင်းဘူးလား၊ တယောက်ကိုတယောက် ကောင်းကောင်းတောင် မမြင်ရဘူး။ စာအုပ်လေး တအုပ် ပေးမလို့ ဒီစာအုပ်ဟုတ်ရဲ့လား ပြတာတောင် အတွင်းလူက ကောင်းကောင်းမမြင်ရဘူး။ ဒါမျိုး အခြေခံ လူ့အခွင့်အရေးနဲ့ မကိုက်ညီဘူး ထင်ပါတယ်” ဟု ပြောသည်။
မြစ်ကြီးနား အကျဉ်းထောင်အနေဖြင့် ယခုကဲ့သို့ ပြုလုပ်ရခြင်းသည် ပြီးခဲ့သည့် လပိုင်းများ၌ ထောင်တွင်းမှစာ အပြင်ထွက်သည်ဆိုသည့် အခြေအနေကြောင့် တင်းကျပ်လိုက်ခြင်းဖြစ်သည်ဟု အကျဉ်းထောင်တာဝန်ခံများက ပြောဆိုကြောင်း အဆိုပါမိသားစုဝင်က ပြောသည်။
ထို့အပြင် အကျဉ်းသားများအတွက် ပါဆယ်ထုတ်ပေးရာတွင် တင်းကျပ်သကဲ့သို့ ထောင်ဝင်စာတွေ့ချိန်လည်း နည်းပါးလွန်းကြောင်း ၎င်းက ပြောသည်။
နိုင်ငံရေးမှုဖြင့် အကျဉ်းကျခဲ့ဖူးသည့် နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက“ထောင်ထဲကစာ အပြင်ထွက်တာနဲ့ ဒီလို လုပ်တာက ဘာမှ မဆိုင်ဘူးလို့ထင်တယ်။ တကယ့်တကယ် မြန်မာနိုင်ငံက အကျဉ်းထောင်တိုင်းမှာ အကျဉ်းထောင် အရာရှိနဲ့ဝန်ထမ်းတွေ လစာနဲ့ စားမလောက်လို့ လာဘ်ငွေယူပြီး အလုပ်မျိုးစုံ လုပ်နေကြတာ လူတိုင်းသိနေတဲ့ကိစ္စ၊ ခုလို ထောင်အရာရှိတွေ ဝန်ထမ်းတွေရဲ့ အကျင့်ပျက်လာဘ်စားမှုကို အရေးမယူဘဲ အကျဉ်းသားနဲ့ မိသားစုဝင်တွေကို ဒုက္ခပေးတာတော့ မကောင်းပါဘူး။ ဒါဟာ လူ့အခွင့်အရေး ချိုးဖောက်မှုပဲလို့ မြင်တယ်” ဟု ပြောသည်။
မြန်မာနိုင်ငံ အကျဉ်းထောင်များသည် ကမ္ဘာပေါ်တွင် လူ့အခွင့်အရေး အချိုးဖောက်ဆုံး အကျဉ်းထောင်များ ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများက မကြာခဏ ဝေဖန်ထောက်ပြလေ့ ရှိကြသည်။

မြန်မာနိုင်ငံ အကြီးဆုံး လက်ကားဈေးကြီး မီးလောင်၊ နေ့တ၀က်ကျော် မီးငြှိမ်းသတ်သော်လည်း မငြိမ်းသေး
မြန်မာနိုင်ငံ အကြီးဆုံး လက်ကားဈေးကြီး မီးလောင်၊ နေ့တ၀က်ကျော် မီးငြှိမ်းသတ်သော်လည်း မငြိမ်းသေး ၂၄ မေ ၂၀၁၀
မြန်မာနိုင်ငံ၏ အကြီးဆုံး လက်ကားဈေးကြီးဖြစ်သည့် ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မင်္ဂလာဈေး၊ ပင်မဈေးရုံ စတုတ္ထထပ်တွင် ယနေ့ နံနက် (၈) နာရီကျော်က မီးလောင်ကျွမ်းခဲ့ရာ ညနေ (၅) နာရီကျော်အထိ မီးစွယ်မကျိုးသေးဘဲ လောင်ကျွမ်းနေဆဲဖြစ်သည်။
အဆိုပါမီးသည် စတုတ္ထထပ် ဆေးပစ္စည်းရောင်းသည့် ဆိုင်ခန်းအမှတ် (၈၀/၈၁) နှစ်ခန်းတွဲမှ ဝါယာရှော့ဖြစ်ကာ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး အခြားအထပ်များကိုမူ ကူးစက်ခြင်းမရှိကြောင်း သိရသည်။
ပထမထပ်တွင် အထည်ဆိုင် ဖွင့်လှစ်ထားသည့် ဈေးဆိုင်ပိုင်ရှင်တဦးက “မနက်က မီးလောင်လောင်ချင်း အဲဒီ ဈေးအပေါ်ထပ်ကို ရောက်နေပြီး ဆိုင်စခင်းနေတဲ့သူတွေ အခြား လှေကားကနေ အသက်လုပြီး ပြေးဆင်းကြရတယ်။ နောက် ရဲတွေ စစ်သားတွေ ရောက်လာပြီး ဈေးထဲ ဆိုင်ခန်းပိုင်ရှင်တွေရော လူတွေပါ မဝင်ဖို့ ဝိုင်းပတ် ပိတ်ဆို့ထားလိုက်တယ်။ မီးသတ်ကားတွေကတော့ အလုံးအရင်းနဲ့ လာတာ မတွေ့ရဘူး။ (၁) စီး (၂) စီးလာလိုက်၊ ရေပက်လိုက် ပြန်ထွက်သွားလိုက်၊ ဒီလောက်ပဲ။ နောက် မိုးတွေ အကြီးအကျယ် ရွာနေတာတောင် ခု (၃) နာရီ ရှိနေပြီ၊ မီးညွန့်တွေကို အပြင်က မြင်နေရတုန်းပဲ” ဟု ပြောသည်။
ယခု မီးလောင်သည့်စတုတ္ထအထပ်သည် ဆေးနှင့် ဆေးပစ္စည်း ကိရိယာများ၊ စာအုပ် စာရေးကိရိယာများ၊ ပလတ်စတစ်ပစ္စည်းများ ရောင်းချသည့် အထပ်ဖြစ်ပြီး တန်ဖိုးကြီး ပစ္စည်းများဖြစ်သကဲ့သို့ မီးလောင်လွယ်စေသည့် လောင်စာများလည်းဖြစ်ကြောင်း သိရသည်။
မင်္ဂလာဈေး၏ မြေညီထပ်နှင့် ပထမထပ်တွင် အဝတ်အထည်များ၊ ဒုတိယထပ်တွင် ဖိနပ်၊ အင်္ကျီ၊ အဝတ်အထည်၊ တတိယထပ်တွင် အလှကုန်ပစ္စည်းများ၊ စားသောက်ကုန်၊ စတီး၊ ပလတ်စတစ် စသည့် ကုန်ပစ္စည်းများ ရောင်းချကြပြီး အကြီးဆုံး လက်ကားဈေး ဖြစ်သဖြင့် ဂိုဒေါင်ကြီးတခုကဲ့သို့ ပစ္စည်းလည်း အလွန်များကြောင်း သိရသည်။
မင်္ဂလာဈေးရှေ့ (၁၂ဝ) လမ်းဘက်တွင် ဂိုဒေါင်ငှားစားသည့် ဆိုင်ခန်းပိုင်ရှင်တဦးက “မီးလောင်တာကို အပြင်ပန်း အမြင် ကြည့်လိုက်ရင် တထပ်လုံးပဲ ကုန်သွားတယ် ဆိုပေမယ့် အပူရှိန်ကြောင့် အင်္ဂတေတွေ အက်နေတာကို မြင်နေရတော့ အဲဒီ အထပ်ကြီး ပြိုကျနိုင်တယ်။ ကျနော့်ဆိုင်ခန်း တတိယထပ်မှာ ရှိနေတယ်။ ကိုယ့်ပစ္စည်းတွေ ဆုံးမလား၊ ဘယ်လောက် ပြန်ရမလဲ ကံကြမ္မာအပေါ်မှာပဲ မူတည်လိမ့်မယ်။ ဆုံးရှုံးမှုကတော့ မှန်းလို့ မတတ်ဘူး။ ဆိုင်ခန်းတခန်းကို အနည်းဆုံး ကျပ် သိန်း (၅ဝဝ) အထက် တန်ဖိုးရှိတယ်၊ ဆိုင်ခန်းပေါင်း မြောက်များစွာဆို တွက်ကြည့်ပေါ့” ဟု ပြောသည်။
မီးလောင်သည့်ကိစ္စ ရန်ကုန်တိုင်း မီးသတ်တပ်ဖွဲ့ကို မေးမြန်းကြည့်ရာ မီးငြှိမ်းသတ်ခြင်းအလုပ် ပြီးဆုံးခြင်း မရှိသေးသည့်အတွက် တစုံတရာ ပြောဆိုရန် ငြင်းဆိုသည်။
ရန်ကုန်တိုင်း မီးသတ်ဝန်ထမ်းတဦးကမူ “ဒီမီးက ဒီညနေ ငြိမ်းရင် ကံကောင်းလို့ပဲ” ဟု ပြောသည်။
မီးသတ်ကားများရှိသော်လည်း ကရိန်းပါသည့် မီးသတ်ကားက (၂) စီးသာပါသဖြင့် မီးငြိမ်းသတ်ရာတွင် မထိရောက်ဘဲ အထပ်တထပ်လုံးလှိုက်ကာ မီးလောင်နေကြောင်း မျက်မြင်တဦးက ပြောသည်။
၎င်းက “နေ့လယ် (၁) နာရီ (၁၅) မိနစ်မှာ မိုး သဲသဲမဲမဲ ရွာတယ်။ ဒါပေမယ့် အပေါ်ထပ် အမိုး ပြိုမကျသေးတော့ မီးလောင်တာကို မငြိမ်းနိုင်ဘူး” ဟု ပြောသည်။
အဆိုပါ မင်္ဂလာဈေးသည် စတင် ဆောက်လုပ်စဉ်ကတည်းက အာဏာပိုင်များသည် ငွေကြေး ပိုမိုရရှိရန် ရည်ရွယ်ပြီး သေးငယ်သည့် အခန်းလေးများ ဖွဲ့ခြင်း၊ လျှောက်လမ်းများ အလွန်ကျဉ်းမြောင်းခြင်း၊ ဓာတ်လှေခါးသို့ သွားသည့်လမ်းများ ပိတ်နေတတ်ခြင်း၊ မီးသတ်စနစ်အတွက် ကြိုတင်ပြင်ဆင်ထားမှုမရှိခြင်း စသည့် အားနည်းချက်ပေါင်းများစွာ ရှိကြောင်း သိရသည်။
ရန်ကုန်မြို့အပါအဝင် မြို့အတော်များများတွင် လျှပ်စစ်မီး မမှန်ခြင်း၊ ပေးချင်သည့် အချိန်ပေး၊ ပျက်ချင်သည့်အချိန်ပျက်၊ မီးအားကလည်း မမှန် စသည့်အချက်များကြောင့် မကြာခဏ မီးလောင်မှုများ ဖြစ်ပွားလျက်ရှိသည်။
နအဖစစ်အစိုးရ လက်ရှိတည်ဆောက်ထားသည့် ဈေးများသည် မီးဘေးအန္တရာယ် စိုးရိမ်နေရသော်လည်း ပြည်သူများမှာ ရွေးချယ်စရာမရှိဘဲ အဆိုပါဈေးများ၌ပင် ဆက်လက် ရောင်းချနေကြရကြောင်း သိရသည်။

Sunday, May 23, 2010
ရန်ကုန်မြို့ မင်္ဂလာဈေး မီးလောင်ကျွမ်း
ထက်ထက်မိုးဦးနှင့် သတင်းသမား ပဋိပက္ခဖြစ်
May 21, 2010

“ကျနော်တို့ကတော့ အေးအေးဆေးဆေး ရှိတဲ့သူကို အေးအေးဆေးဆေးပဲပေါ့၊ အေးအေးဆေးဆေး မဟုတ်တဲ့သူကို အေးအေး ဆေးဆေး မဟုတ်တဲ့ အတိုင်းပေါ့။ တယောက်နဲ့ တယောက် ကင်းလို့မှမရတာ။ ပြောချင်တာ တခုကတော့ သူ့စည်း ကိုယ့်စည်း ရှိရပါမယ်” ဟု ဦးမြတ်ခိုင်က ဧရာဝတီကို ပြောသည်။
ယခုဖြစ်ရပ်နှင့် ပတ်သက်၍မူ အတိအကျ မသိသောကြောင့် ဝင်ရောက် သုံးသပ်ခြင်း မပြုလိုဟု ဆိုသည်။
မေလ ၁၉ ရက်နေ့ ညနေပိုင်းတွင် ဆီဒိုးနားဟိုတယ် Ball Room ခန်းမရှေ့၌ သတင်းထောက် မအေးသူစံက သရုပ်ဆောင် ထက်ထက်မိုးဦးကို အင်တာဗျူးကဏ္ဍအတွက် ၎င်း၏ အိမ်ထောင်ရေး အခြေအနေနှင့် ပတ်သက်၍ မေးမြန်းမိရာ ထက်ထက် မိုးဦးက ကိုယ်ထိလက်ရောက် ပြုမူလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ကာယကံရှင် သတင်းထောက် မအေးသူစံက ၎င်းအနေဖြင့် ယခု လက်ရှိတွင် ရန်ကင်းမြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထားဆဲ ဖြစ်သည့်အတွက် မည်သို့မှ ပြောဆိုလိုခြင်း မရှိသေးဟု ဆိုသည်။
တရားရုံးက ယင်းကိစ္စကို မည်သည့် ပုဒ်မမျှ တပ်ထားခြင်း မရှိသေးဘဲ မေလ ၂၄ ရက်နေ့သို့ ပြန်လည် ချိန်းဆိုထားသည်ဟု 7 day news ဂျာနယ်မှ တာဝန်ရှိသူတဦးက ရှင်းပြသည်။ သရုပ်ဆောင် အကယ်ဒမီ ထက်ထက်မိုးဦးကို အဆိုပါ ဂျာနယ်တိုက်အနေဖြင့် အမှုဖွင့် တိုင်ကြားမည်ဟုလည်း သူက ဆိုသည်။
“စာနယ်ဇင်း သမားတွေရဲ့ ဂုဏ်သိက္ခာ အတွက်နဲ့ ဂျာနယ်တိုက်ရဲ့ ဂုဏ်သိက္ခာအတွက် ပြန်ပြီးတုံ့ပြန်တဲ့ သဘောပါ” ဟု ၎င်းက ပြောသည်။
၎င်းတို့ အနေဖြင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ စာပေနှင့်စာနယ်ဇင်း စသည့် သက်ဆိုင်ရာ ဌာနများသို့လည်း စာပို့ တိုင်ကြားမည်ဟု ဆက်လက် ပြောပြသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ သရုပ်ဆောင် အကယ်ဒမီ ထက်ထက်မိုးဦးအား ဧရာဝတီ မဂ္ဂဇင်းမှ ဖုန်းဖြင့် ဆက်သွယ်မေးမြန်း ခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပေ။
သတင်းထောက် တဦးအနေနှင့် သရုပ်ဆောင် တဦး၏ မည်သည့် အကြောင်းအရာကိုမဆို ပရိသတ်အား သတင်း ပေးချင်သည့် သဘောဖြင့် မေးမြန်းလျှင် မေးမြန်းနိုင်ကြောင်း၊ သတင်းထောက်၏ အမှားဟု မပြောနိုင်ကြောင်း ရန်ကုန် အခြေစိုက် သတင်း အယ်ဒီတာတဦးက ပြောသည်။
“ကိုယ်သိချင်လို့ စပ်စုတာမျိုးဆိုရင်တော့ လွန်တာပေါ့လေ။ အနုပညာရှင် တယောက်ရဲ့ဘ၀အကြောင်းကို ပရိသတ်က စိတ်ဝင်စား ကြတာပဲ။ အဲဒီလို ပရိသတ် သိချင်တဲ့မေးခွန်းတခုကို မေးပေးတာမျိုးဆိုရင် ဒါကို လွန်တယ်လို့ပြောလို့မရပါဘူး” ဟု ၎င်းက သုံးသပ် ပြောဆိုသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ အင်တာနက် ဆက်သွယ်မှုတခု ဖြစ်သည့် Facebook အကောင့်များနှင့်လူအများကြား ပျံ့နှံ့ နေကြောင်း တွေ့ရသည်။
အဆိုပါ ကိစ္စအား ပြည်တွင်း သတင်းဂျာနယ်တခုဖြစ်သော Weekly Eleven ဂျာနယ်၏ အင်တာနက် စာမျက်နှာနှင့် The Voice ဂျာနယ်တွင် ဖော်ပြ ထားသော်လည်း နောက်ပိုင်းတွင် ဆက်လက်ဖော်ပြမည့် တခြားသော ပြည်တွင်းဂျာနယ်များတွင်မူ စာပေစိစစ်ရေးက ပိတ်ပင်လိုက်ပြီ ဖြစ်ကြာင်း ရန်ကုန် စာနယ်ဇင်းလောကမှ ကြားသိရသည်။
7 Day News သတင်းထောက်နှင့် ထက်ထက်မိုးဦးတို့ အပြန်အလှန် မေးမြန်းမှုများကို အသံသွင်းထားသည့် အသံဖိုင်အတိုင်း ဖော်ပြအပ်ပါသည်။
မေး ။ ။ ဟိုတလောက နှလုံးနဲ့ ပတ်သက်ပြီးတော့ အနားယူနေတယ်လို့ပြောတယ်။
ဖြေ ။ ။ ဟုတ်တယ်။ အခု သက်သာသွားပြီ။
မေး ။ ။ ပထမဆုံးအနေနဲ့ အစ်မရဲ့ အခုလက်ရှိဘဝလေးကို အစ်မဘယ်လို ဖြတ်သန်းနေပါသလဲ။
ဖြေ ။ ။ ဒီအတိုင်းပဲ ကောင်းပါတယ်။
မေး ။ ။ အစ်မ နည်းနည်း အဆင်ပြေပြေလေး ဖြေပေးပါနော်။ အင်တာဗျူးကောင်းကောင်းလေး ထည့်ချင်လို့ပါ။
ဖြေ ။ ။ ဟုတ်။ အဆင်ပြေပြေဖြေပေးဆို မေးတဲ့အတိုင်းပဲ ထက်ထက်က ဖြေနေရတာလေ။
မေး ။ ။ အစ်မရဲ့ ကျန်းမာရေးအခြေအနေအရ နောက်ထပ်ကိုယ်ဝန်ဆောင်ဖို့ အဆင်ပြေပါ့မလား။
ဖြေ ။ ။ ဟုတ်။ ပြေပါတယ်။
မေး ။ ။ အဲဒါ ဘယ်တော့လောက်လဲ မသိဘူး။
ဖြေ ။ ။ အဲဒါ မသိသေးပါဘူး။
မေး ။ ။ ဟိုတလောကလေ အဲ့လိုမျိုးဖြစ်သွားတာ အစ်မ ဘယ်လိုမျိုးခံစားရလဲ။
ဖြေ ။ ။ အဲဒီမေးခွန်းက မေးဖို့တောင် မသင့်ပါဘူး။
မေး ။ ။ အစ်မ အမျိုးသားနဲ့ အစ်မ ဘယ်မှာတွေ့ခဲ့ကြတာလဲ။
ဖြေ ။ ။ ဒီကိစ္စအသေးအမွှားလေးတွေကတော့ ထက်ထက်မဖြေချင်ဘူး။ ဒါတွေက အင်တာဗျူးထဲမှာ ထည့်တာတော့ ထည့်လို့ရတယ်၊ ထည့်လို့ မရလို့တော့ မဟုတ်ပါဘူး။ ဒါတွေက ဘာမှမဟုတ်တဲ့ မေးခွန်းလေးတွေ ဖြစ်နေတဲ့အတွက် တခြားမေးခွန်းလေးတွေ မေးပေးပါလားလို့ ….. နော်။
မေး ။ ။ ပရိသတ်တွေက ပြောကြတယ်။ ထက်ထက်မိုးဦး ဘဝကို ခဏခဏ ပြန်စနေရတယ်။ အဲဒီဝေဖန်မှု တွေကို အစ်မဘယ်လိုမျိုး ခံစားရလဲ။
ဖြေ ။ ။ သွားလိုက်တော့။ နင်သွားလိုက်တော့ ဟုဆိုသဖြင့် အဆိုပါသတင်းထောက်မှာ တောင်းပန်ပြီး ခန်းမ အပြင်သို့ ထွက်ခဲ့ကြောင်း၊ ထက်ထက်မိုးဦးမှာ ခန်းမအပြင်သို့ အရင်ရောက်ရှိနေပြီး သတင်းထောက်ကို ဆံပင်ဆွဲပြီး ပါးရိုက်ကာ လည်ပင်းကိုလက်ဖြင့် ဆွဲညှစ်ထားခြင်း ခံရသဖြင့် လည်ပင်းတွင် လက်သည်းကုတ်ခြစ် ခံရပြီး ပေါက်ပြဲဒဏ်ရာ ရရှိခဲ့ကြောင်း၊ ယင်းကြောင့် အဆိုပါ သတင်းထောက်နှင့် 7 Day News အယ်ဒီတာ အဖွဲ့က ညတွင်းချင်း ရန်ကင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းသို့ သွားရောက်တိုင်ကြားခဲ့ပြီး မေလ ၂၀ ရက်နေ့ နံနက်တွင် ရန်ကင်းမြို့နယ်တရားရုံး၌ ပြစ်မှုကြီးအမှတ် ၁၈၂/ ၁၀ ဖြင့် အမှုဖွင့် တိုင်ကြားခဲ့ကြောင်း 7 Day News အမှုဆောင် အယ်ဒီတာတဦးက ဆိုသည်။
The Voice ဂျာနယ်မှ ကူးယူဖော်ပြပါသည်။
မြန်မာ အလုပ်သမားများတည်သော ဘုရား ထီးတင်ပွဲ ကျင်းပ
မြန်မာ အလုပ်သမားများတည်သော ဘုရား ထီးတင်ပွဲ ကျင်းပ
May 22, 2010
မြန်မာနိုင်ငံမှ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပသို့ ရွှေ့ပြောင်းကာ အလုပ်လုပ်နေကြရသော အလုပ်သမား များ ဘ၀ အေးချမ်းစေရန် ရည်ရွယ်ချက်ဖြင့် ဤစေတီတော်မြတ်ကို တည်ထားကိုးကွယ်ရခြင်း ဖြစ်ကြောင်း ဂေါပကအဖွဲ့ မှ နာယက ဆရာတော် ဦးဇ၀နက ဧရာဝတီသို့ မိန့် ကြားသည်။ ဆရာတော် ဦးဇ၀နကို ရမ်ဘို ဘုန်းကြီး ဟုလည်း ခေါ်ကြသည်။

လွန်ခဲ့သော (၁၄)နှစ်ခန့် က သာမည ဆရာတော်ကြီးသည် ထိုင်းနိုင်ငံသို့ ရောက်ရှိလာစဉ်အတွင်း မဲဆောက် မြို့နောင်ဘွား ကျေးရွာရှိ ယခု ဘုရားတည်ထားသောနေရာတွင် စေတီတဆူတည်ရန် မိန့်မှာ ခဲ့ကြောင်း သိရ သည်။
သို့သော်လည်း အခက်အခဲများကြောင့် ဘုရားမတည်ဖြစ်ဘဲ လွန်ခဲ့သော သုံးနှစ် (ကောဇာ သက္ကရာဇ် ၁၃၆၉ ခုနှစ်) တန်ဆောင်မုန်း လပြည့်နေ့ ကျမှသာလျှင် ဘုရား ပန္နက် ချ နိုင်ခဲ့ကြောင်း ဂေါပကအဖွဲ့  ဥက္ကဋ္ဌ က ရှင်းပြသည်။

ဤစေတီတော်ကို တည်ဆောက်ရန် အချိန် ၃ နှစ်ကြာခဲ့သည်။ ဘုရား အတွက် ကုန်ကျငွေပေါင်းမှာ ထိုင်း ဘတ် ၅၀ ၅၀၀၀၀ (ဘတ် သိန်းငါးဆယ်နှင့် ငါးသောင်း) ကုန်ကျခဲ့ကြောင်း သိရသည်။
စေတီတော် တည်ထားရန် စတင်မတည်ရန် သြစတြေးလျ နိုင်ငံတွင် နေထိုင်သည့် ဦးထွန်းမြင့်က အလှူငွေ ဘတ် တသိန်းကို လှူဒါန်းခဲ့သည်။ ထို့ အပြင် အမေရိကန်၊ နော်ဝေ အစရှိသော နိုင်ငံများမှ မြန်မာနိုင်ငံသား များကလည်း ထည့်ဝင်လှူဒါန်းကြသည်။
အများဆုံးလှူဒါန်းသူများမှာ မဲဆောက်ရှိ စက်ရုံအသီးသီးမှ မြန်မာ အလုပ်သမားများဖြစ်ကြောင်း သိရသည်။
စေတီတော်ကြီး ပြီးမြောက်အောင်မြင်အောင် တည်ဆောက်နိုင်ခဲ့သဖြင့် ပြောမပြတတ်အောင် ၀မ်းမြောက် ပီတိဖြစ်မိကြောင်း ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးဖော့ထိုင်ခလိန်းကပြောသည်။

ဤစေတီတော်ကို တည်ဆောက်ရာတွင် ပုံသဏ္ဌာန် လေးမျိုးကို ပေါင်းစပ်ထားသည်။ အထက်ဆုံး အဆင့်ကို မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ရွှေတိဂုံ ပုံသဏ္ဍာန်ကို ယူထားပြီး ထို့ နောက်မှ အောက်အဆင့်ကို သီရိလင်္ကာနိုင်ငံ မှ စေတီပုံကို ယူထားသည်။ ၎င်းအောက်မှ အပိုင်းကို ပုဂံမှ အာနန္ဒာစေတီ၏ အသွင်ကို ယူထားသည်။ အောက်ဆုံးအဆင့်ကိုမူ ပုထိုးတော် ပုံသဏ္ဌာန်ကို ယူထားသည်ဟု ဂေါပကအဖွဲ့ အတွင်းရေးမှူးကဆက်လက် ပြောပြသည်။
ထိုင်းဆရာတော်များနှင့် သက်ဆိုင်ရာ အာဏာပိုင်များထံမှ ခွင့်ပြု ချက်ရယူပြီး တည်ထားကြခြင်းဖြစ်သည်။
ယနေ့ ထီးတော်တင်ပွဲ ပထမနေ့ တွင် မြန်မာ ဗုဒ္ဓဘာသာ ရိုးရာယဉ်ကျေးမှုအရ ကျင်းပခဲ့ကြပြီး မနက်ဖြန် တနင်္ဂနွေနေ့တွင် ထိုင်း ဗုဒ္ဓဘာသာ ယဉ်ကျေးမှုအရ ဆင်ယင်ကျင်းပဦးမည်ဖြစ်သည်။
ယနေ့ ထီးတင်ပွဲသို့ ပရိသတ် ၃၀၀၀ ကျော်ခန့် လာရောက်ကြကြောင်း သိရသည်။
Subscribe to:
Posts (Atom)