Popular Posts

Tuesday, October 19, 2010

အစိုးရပိုင် ပြည်ပအလုပ်အကိုင်အေဂျင်စီ စတင်


အစိုးရပိုင် ပြည်ပအလုပ်အကိုင်အေဂျင်စီ စတင်  

October 19, 2010

အလုပ်သမား ၀န်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနက မြန်မာနိုင်ငံမှ အလုပ်သမားများကို ပြည်ပနိုင်ငံများသို့ ပို့လွှတ်နိုင်ရန် အစိုးရ ပြည်ပ အလုပ်အကိုင် အေဂျင်စီကို ထူထောင်လိုက်ကြောင်း သတင်းရရှိသည်။

အလုပ်သမားညွှန်ကြားရေးဦး စီးဌာန၊ ညွှန်ကြားရေးမှူးချုပ် အပါအ၀င် အဆိုပါဦးစီးဌာနရှိ အရာရှိများက အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီ၏ တာဝန်ရှိသူများအဖြစ်ဆောင်ရွက်ပြီး ပြည်ပနိုင်ငံ များသို့ မြန်မာအလုပ်သမားများ စေလွှတ်မည်ဖြစ်ကြောင်း သိရှိရသည်။

အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီသည် ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်တွင် တည်ရှိသည်။

ယခုအခါ တောင်ကိုရီးယားနိုင်ငံသို့ EPS (Employment Permit System) စနစ်ဖြင့် မြန်မာအလုပ်သမားများ စေလွှတ်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်ဟု အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီမှ တာဝန်ရှိသူတဦးက ပြောသည်။

၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့က မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း အဖွဲ့ပိုင် ရွှေအင်းဝကုမ္ပဏီနှင့် ကိုရီးယားလူ့စွမ်းအား ရင်းမြစ်ဖွံ့ဖြိုးမှုဌာနအကြား ပြဿနာဖြစ်ပွားခဲ့မှုကြောင့် ကိုရီးယားနိုင်ငံသို့ လုပ်သားပို့ဆောင်မှုများ ရပ်ဆိုင်းသွားခဲ့ရာ ကိုရီးယား ဘာသာစကား အရည်အချင်းစစ် စာမေးပွဲ အောင်မြင်သူ မြန်မာ ၂၀၀၀ ကျော် တောင်ကိုရီးယားနိုင်ငံသို့ မသွားရောက် နိုင်တော့ကြောင်း သိရသည်။

ယခုအခါ ရွှေအင်းဝ ကုမ္ပဏီအစား အလုပ်သမားဝန်ကြီးဌာန၏ အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီက ဆောင်ရွက်ကာ မြန်မာအလုပ်သမားများကို တောင်ကိုရီးယားနိုင်ငံသို့ ပြန်လည်စေလွှတ်မည် ဖြစ်ကြောင်း နေပြည်တော် အလုပ်သမား ၀န်ကြီးဌာနမှ အစိုးရအရာရှိတဦးက ရှင်းပြသည်။

“အရင် ကိုရီးယားစာမေးပွဲ အောင်မြင်ခဲ့တဲ့သူ ၂၀၀၀ ကျော်ထဲက ကိုရီးယားသွားချင်တဲ့သူတွေကို လျှောက်လွှာ ပြန်တင်ခိုင်း တယ်။ အဲဒီလူတွေကို တောင်ကိုရီးယား သွားနိုင်အောင် လုပ်ပေးမယ်။ အဲဒီ လူတွေပြီးရင် နောက်ပိုင်း လူသစ်တွေကိုလည်း စာမေးပွဲ စစ်ပေးတာ၊ ကိုရီယားလွှတ်တာတွေကို ရန်ကုန်မှာရှိတဲ့ ကိုရီးယားလူ့စွမ်းအား ရင်းမြစ်ဖွံ့ဖြိုးရေး ဌာနနဲ့ ဆောက်ရွက် သွားဖို့ ရှိပါတယ်” ဟု အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန ၀န်ထမ်းတဦးက ပြောသည်။

အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီသည် မြန်မာအစိုးရနှင့် ပြည်ပအစိုးရများအကြား အစိုးရအဆင့် (Government to Government) မြန်မာအလုပ်သမားများ စေလွှတ်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများ ရေးထိုးပြီး မြန်မာလုပ်သားများ ပြည်ပနိုင်ငံများသို့ စေလွှတ်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီမှတဆင့် နိုင်ငံရပ်ခြားသို့ သွားရောက်အလုပ်လုပ်ကိုင် လိုသူများအနေနှင့် လုပ်ဆောင်ရန် အဆင့်ဆင့်နှင့် ကုန်ကျစရိတ်ကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

ရန်ကုန်အခြေစိုက် ပြည်ပအလုပ်အကိုင်အေဂျင်စီ ပိုင်ရှင်တဦးက အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီအနေနှင့် တောင်ကိုရီးယား နိုင်ငံသို့ မြန်မာအလုပ်သမား စေလွှတ်ခြင်းကြောင့် ဈေးကွက်ထိခိုက်နိုင်ဖွယ် မရှိသော်လည်း အေဂျင်စီအများစု လုပ်ကိုင်လျက် ရှိသော မလေးရှား အလုပ်အကိုင်ဈေးကွက်ကိုပါ အစိုးရအေဂျင်စီက ၀င်ရောက် လုပ်ကိုင်လျှင် ပြည်ပအလုပ်အကိုင် ကုမ္ပဏီများ စီးပွားရေးထိခိုက်မည်ဖြစ်ကြောင်း ပြောသည်။

၂၀၀၈ ခု နှစ်ကုန်ပိုင်းက တောင်ကိုရီးယားနှင့် မြန်မာအစိုးရအကြား မြန်မာအလုပ်သမားများ ကိုရီးယားနိုင်ငံ တရားဝင် သွားရောက်နိုင်ရေး နားလည်မှုစာချွန်လွှာ စတင်ရေးထိုးခဲ့သည်။

ပြည်တွင်းတွင် အလုပ်အကိုင်ရှားပါးမှုနှင့် ၀င်ငွေလစာနည်းပါးမှုတို့ကြောင့် မလေးရှား၊ ထိုင်းနိုင်ငံ အပါအ၀င် ပြည်ပနိုင်ငံများသို့
မြန်မာအလုပ်သမားရာပေါင်းများစွာ နေ့စဉ် တရားဝင်နှင့် တရားမ၀င်လမ်းကြောင်းများမှတဆင့် ထွက်ခွာလျက်ရှိကြောင်း ရန်ကုန်ပြည်ပ အလုပ်အကိုင်အေဂျင်စီများက ပြောသည်။

KIA နှင့် နအဖ စစ်ရေး တင်းမာ


 
ကချင်ပြည်နယ် မိုးညှင်းမြို့နှင့် ဟိုပင်မြို့များရှိ ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) ၏ ဆက်ဆံရေးရုံးများကို ယမန်နေ့ ညတွင် နအဖတပ်များက ဝိုင်းထားပြီး ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင် ၃ ဦးကိုလည်း ဖမ်းဆီးလိုက် ကြောင်း သိရှိရသည်။

kia_burma_0921
ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင်များ စစ်ရေး လေ့ကျင့်နေကြစဉ် (ဓာတ်ပုံ - Time)
KIO ၏ လက်ထောက် အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးဆင်ဝါက“မိုးညှင်းနဲ့ ဟိုပင်မှာရှိတဲ့ KIO ဆက်ဆံရေးရုံး ဝန်ထမ်း ၃ ယောက် ဖမ်းသွားပါတယ်၊ ဘာဖြစ်လို့ဖမ်းလဲ ဆိုတဲ့အကြောင်းအရင်းသိရဖို့ ကျနော်တို့ဘက်က စုံစမ်းနေပါ တယ်”ဟု ဧရာဝတီသို့ ပြောသည်။

KIA ၏ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်ကလည်း နအဖတပ်များ ဝိုင်းထားခြင်း၊ ဆက်ဆံရေးရုံးဝန်ထမ်းများအား ဖမ်းဆီး ထားခြင်းတို့၏ အကြောင်းအရင်းများကို သိရှိရန် ကချင်ပြည်နယ် လဂျားယံ ဒေသရှိ နအဖတပ်များမှတဆင့် ဖြေရှင်းချက် တောင်းခံထားကြောင်း BBC သတင်းဌာနသို့ ပြောသည်။

ယမန်နေ့ ညနေပိုင်းတွင် ဟိုပင်မြို့ရှိ KIO ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်လွန်းခေါင်နှင့် အဖွဲ့က ပြီးခဲ့သည့် သောကြာနေ့က မိုင်းနင်းမိ၍ မိုးညှင်းဆေးရုံတွင် ဆေးကုသမှုခံနေရသူအား KIO ဌာနချုပ် ညွှန်ကြားချက်အရ သွားရောက်ကြည့်ရှု၍ အားပေးစကားပြောချိန်တွင် ဒေသခံ နအဖ တပ်မှ ၎င်းတို့အား ဖမ်းဆီးထားလိုက်ခြင်းဖြင့် ပြဿနာစတင်သည်ဟု ကချင် သတင်းဌာန အယ်ဒီတာ ကိုနော်ဒင်းက ဧရာဝတီသို့ ပြောသည်။

“ဗိုလ်လွန်းခေါင်တို့ကို ဖမ်းထားပြီးတော့ ည ၈ နာရီလောက်မှာ မိုးညှင်းနဲ့ ဟိုပင်မှာရှိတဲ့ ဆက်ဆံရေးရုံးတွေကို လာဝိုင်းကြ တယ်၊ အဲဒီမှာ ရဲလည်း ပါတယ်၊ စစ်တပ်လည်းပါတယ်။ ပြီးတော့ ရုံးထဲကို ထိုးဖောက်ဝင်ရောက်တဲ့အဆင့်ထိ ဖြစ်သွား တယ်၊ အပစ်အခတ်တော့မရှိဘူး”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ယင်းကိစ္စကို KIA ဌာနချုပ်က သိရှိပြီးနောက် ယမန်နေ့ည သန်းခေါင်ယံအချိန်ခန့်တွင် လိုင်ဇာ အနီး လဂျားယံ စုပေါင်း ဂိတ်ရှိ နအဖတပ်များကို ဝိုင်းထားရန် KIA ဌာနချုပ်မှ ညွှန်ကြားခဲ့ကြောင်း၊ စစ်ဘက်ရေးရာလုံခြုံရေး (စရဖ) နှင့် KIA ထိပ်တန်း ခေါင်းဆောင်များ တွေ့ဆုံ၍ ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း ကိုနော်ဒင်းက ဆိုသည်။

လဂျားယံ ဒေသရှိ နအဖ တပ်များအား KIA တပ်များ က ဝိုင်းထားသည် ဟူသောသတင်းကို ဗိုလ်မှူးကြီး ဆင်ဝါက မဟုတ်မှန် ကြောင်း ငြင်းဆိုသည်။

“ဒီထက် အခြေအနေ ပိုဆိုးလာမလား ဆိုတာကတော့ အစိုးရအပေါ်မှာပဲ မူတည်တယ်လေ၊ ကျနော်တို့က ပိုဆိုးစေချင်တဲ့ ရည်ရွယ်ချက်မှ မရှိတာ၊ ကိုယ့်ကိုယ်ကိုယ်တော့ စစ်ရေးအရ ကြိုတင်ကာကွယ်မှုတွေကို ပြင်ဆင်ထားတာမျိုးတော့ ရှိတာပေါ့”ဟုလည်း ဗိုလ်မှူးကြီး ဆင်ဝါက ပြောသည်။

KIA သည် အင်အား ၈ ထောင်ခန့် ရှိပြီး ၁၉၉၄ ခုနှစ်မှ စတင်ကာ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည်။ နယ်ခြားစောင့် တပ် ဖွဲ့စည်းရေးကို ငြင်းဆန် ခြင်း၊ စက်တင်ဘာလ ၂၃ ရက်နေ့က နအဖ၏ ရဟတ်ယာဉ်အား သတိပေး ပစ်ခတ်ခဲ့ခြင်း တို့ကြောင့် နှစ်ဘက် ဆက်ဆံရေးများ ပိုမိုတင်းမာလာသည်ဟု စစ်ရေး လေ့လာသူများက ဆိုသည်။

အပစ်အခတ်ရပ်သည့် ၁၆ နှစ်တာကာလအတွင်း KIA ကို သောင်းကျန်းသူ ဟု ပြီးခဲ့သည့် သောကြာနေ့တွင် အစိုးရထုတ် မြန်မာ့အလင်းသတင်းစာမှတဆင့် ခေါ်ဆိုလိုက်သည်။

ယမန်နှစ် သြဂုတ်လအတွင်း အပစ်ရပ် ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) အား နအဖတပ်မှ ဖြိုခွဲခဲ့ပြီးနောက် KIA ကလည်း စစ်ရေးအရ ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့ကြောင်း ကိုနော်ဒင်းက ဆိုသည်။

နအဖ တပ်များသည် KIA အပါအဝင် နယ်ခြားစောင့်တပ်ဖွဲ့စည်းရန် ငြင်းဆန်နေဆဲဖြစ်သည့် “ဝ” ပြည် သွေးစည်းညီညွတ် ရေး တပ်မတော် (UWSA) ၊ ရှမ်းပြည်တပ်မတော်- မြောက်ပိုင်း (SSA- N) ၏ တပ်မဟာ (၁) တို့နှင့်လည်း စစ်ရေး တင်းမာမှုများ ရှိနေကြောင်း သိရှိရသည်။

မဲရုံတွင် ဓာတ်ပုံရိုက်ခွင့် မပေးခြင်းအား သတင်းထောက်များ ဝေဖန်

မဲရုံတွင် ဓာတ်ပုံရိုက်ခွင့် မပေးခြင်းအား သတင်းထောက်များ ဝေဖန်  

 October 19, 2010


မဲရုံပရဝဏ်အတွင်း ဓာတ်ပုံရိုက်ခွင့် မပေးကြောင်း ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောဆို လိုက်ခြင်းသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူချိန်ကကဲ့သို့ လိမ်လည် အနိုင်ယူရန် ကြံစည်ခြင်းသာ ဖြစ်ကြောင်း သတင်းထောက်များက ဝေဖန်ကြသည်။
mm-union-election-commission-officials
ယမန်နေ့က ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးသိန်းစိုး ရှင်းလင်းပြောကြားသည့် ရွေးကောက်ပွဲဆိုင်ရာ ရှင်းလင်းပွဲ (ဓာတ်ပုံ - အေပီ)
နိုဝင်ဘာ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲသို့ ပြည်ပ လေ့လာစောင့်ကြည့်သူများ၊ မီဒီယာများအား လာရောက်ခွင့် မပေးသည့်အပြင် ပြည်တွင်း မီဒီယာများကိုလည်း မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခွင့် မပေးကြောင်း အောက်တိုဘာလ ၁၈ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဦးသိန်းစိုးက ပြောဆိုခဲ့သည်။

ဦးသိန်းစိုး၏ ပြောဆိုမှုသည် စစ်အစိုးရ ထောက်ခံမှု အပြည့်အ၀ ရရှိထားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) အား အနိုင်ပေးရန် လုပ်ဆောင်ချက် တရပ်သာဖြစ်ပြီး ရွေးကောက်ပွဲ အပေါ် နိုင်ငံတကာ၏ ယုံကြည်မှုကိုလည်း လျော့ကျစေသည်ဟု သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည့် အယ်ဒီတာ တဦးကဆိုသည်။

“ဗီဒီယို ရိုက်တာတို့၊ ဓာတ်ပုံရိုက်တာတို့ဟာ မဲပေးနေတဲ့ မဲဆန္ဒရှင်တွေကို အနှောင့်အယှက်ဖြစ်စေတဲ့အတွက် ခွင့်မပြုတာပါ” ဟု သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များ၏ မေးခွန်းကို ဦးသိန်းစိုးက ဖြေဆိုခဲ့ကြောင်း သိရသည်။

ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ပြည်ပလေ့လာ စောင့်ကြည့်ရေးအဖွဲ့များနှင့် ပြည်ပမီဒီယာများ ကိုယ်စား ပြည်တွင်းရှိ သံတမန် များနှင့် အစိုးရခွင့်ပြုထားသည့် ပြည်တွင်းမှ နိုင်ငံခြား သတင်းထောက်များကိုသာ လေ့လာခွင့်၊ သတင်းရယူခွင့်
ပြုသွားမည် ဟုလည်း ပြောဆိုသွားသည်။

“ခွင့်ပြုထားတဲ့ နိုင်ငံခြားသတင်းဌာနက မြန်မာသတင်းထောက်တွေ ရှိပေမယ့် တကယ် သတင်းယူတဲ့အခါ အခက်အခဲတွေက အများကြီးရှိတယ်” ဟု နိုင်ငံခြားသတင်းဌာနတခုမှ ပြည်တွင်းအခြေစိုက်  မြန်မာသတင်းထောက်တဦးက ပြောသည်။

သတ်မှတ်နေရာတွင် သတင်းရယူနိုင်ရေးအတွက် မဲရုံများ၊ သက်ဆိုင်ရာ ဒေသ အာဏာပိုင်များကို အကြောင်းကြားထား ပေးရန်၊ စာရေးပေးရန် တောင်းဆိုသော်လည်း ဦးသိန်းစိုးက မလိုအပ်ကြောင်း ငြင်းဆန်သည်ဟု ၎င်းက ဆက်ပြောသည်။

“အဲဒီအတွက် တရားဝင် ခန့်ထားတဲ့ နိုင်ငံခြားသတင်းဌာန သတင်းထောက်တွေ အတွက်ရော၊ ပြည်တွင်းဂျာနယ် သတင်း ထောက်တွေ အတွက်ပါ အခြေအနေက လုံးဝ မကောင်းဘူး” ဟု အထက်ပါ မြန်မာသတင်းထောက်က ဆိုသည်။

ရွေးကောက်ပွဲနှင့် ပတ်သက်၍ တခြားသော အရေးကြီးသည့် အကြောင်းအရာများအား သတင်းထောက်များက မေးမြန်း သော်လည်း ဦးသိန်းစိုးသည် ဖြေဆိုခြင်း မပြုခဲ့ကြောင်းသိရသည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ဥက္ကဋ္ဌ ဦးသုဝေက “ဓာတ်ပုံ၊ ဗီဒီယို ရိုက်တဲ့ ကိစ္စကို ပြည်သူတွေက ပျော်တောင်ပျော်ဦးမှာပါ။ ရွေးကောက်ပွဲ ဆိုတာ အများပြည်သူ ရှေ့မှောက်မှာ ထင်သာမြင်သာအောင် လုပ်ရမယ့် ကိစ္စ၊ မီဒီယာဆိုတာလည်း ဖိတ်တောင် ဖိတ်ခေါ်ထားရမယ့် ကိစ္စလေ။ ဘာကြောင့် ဒီလိုကန့်သတ် လိုက်တယ် ဆိုတာ စဉ်းစားစရာပေါ့” ဟု ဧရာဝတီကို ပြောသည်။

၁၉၉၀ ရွေးကောက်ပွဲတွင် ပြည်သူလူထုအား လွတ်လပ်စွာသိခွင့်၊ လေ့လာခွင့် ပေးခဲ့သည့်အပြင် မီဒီယာလွတ်လပ်ခွင့်လည်း ရှိခဲ့ပြီး ပြည်ပ အဖွဲ့များကိုလည်း လေ့လာခွင့် ပြုခဲ့သည်ဟု သူက ဆိုသည်။

ရွေးကောက်ပွဲနေ့တွင် မဲပေးခြင်းပြီးဆုံးပါက မဲရုံ၌ပင် အများပြည်သူရှေ့၊ သက်ဆိုင်ရာ ကိုယ်စားလှယ်များရှေ့၌ မဲရေတွက် မည်ဖြစ်ပြီး သက်သေ ၁၀ ဦးကိုပါ ထားပေးမည်ဖြစ်ကြောင်း၊ မဲရုံမှူးက ပယ်သည့် ဆန္ဒမဲများ၊ ကြိုတင်မဲများ ရေတွက်ခြင်း ကိုလည်း သက်ဆိုင်ရာ ကိုယ်စားလှယ်အား ကြည့်ခွင့်ပေးမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲသည် နိုင်ငံတကာ စံနှုန်းနှင့်အညီ လုပ်ဆောင်ပေးခြင်းဖြစ်သဖြင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်သည်မှာ ထင်ရှားနေကြောင်း ယနေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ရေးသားထားသည်။

“သက်သေ ၁၀ ဦးဆိုတာ ဘယ်သူတွေလဲ၊ မဲကိုဘယ်လိုပုံစံနဲ့ ရေတွက်မလဲ ဆိုတာတွေက အများကြီးပါ။ မှန်ကန်စွာရေတွက်
မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့လေ။ မီဒီယာ လွတ်လပ်နေရင်တောင် မဲလိမ်၊ မဲခိုးမှုတွေ ရှိနေတာ၊ လွတ်လပ်မှု မရှိတော့ဘူးဆိုရင်တော့ တနည်းနည်း နဲ့တော့ မဲလိမ်မှု ပေါ်လာနိုင်တယ်” ဟု ဦးသုဝေ က ဆိုသည်။

ရွေးကောက်ပွဲ ကော်မရှင်သည် ရွေးကောက်ပွဲနီးလာသည် နှင့်အမျှ ကန့်သတ်မှု အမျိုးမျိုး ထုတ်ပြန်နေခြင်း၊ ဘက်လိုက်နေခြင်း တို့ကို နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရများက ဝေဖန်ပြောဆိုနေပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကလည်း တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ရေးအတွက် တောင်းဆို ထားသည်။

ရွေးကောက်ပွဲသို့ နိုင်ငံတကာ ရွေးကောက်ပွဲ လေ့လာရေးအဖွဲ့များ၊ မီဒီယာများအား လာရောက်လေ့လာခွင့် မပေးခြင်းအပေါ် ပြည်တွင်းသံတမန် အသိုင်းအ၀န်းက ဝေဖန်လိုက်ပြီး အမေရိကန်အစိုးရနှင့် အင်ဒိုနီးရှား အစိုးရကလည်း တရားမျှတသော ရွေးကောက်ပွဲ ဖြစ်မလာနိုင်ကြောင်း ပြောဆိုသည်။

ဖိတ်ချင်းဖိတ် ချင်းပါတီကိုသာ ဖိတ်

ဖိတ်ချင်းဖိတ် ချင်းပါတီကိုသာ ဖိတ် 

အောက်တိုဘာလ ၁၉ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၀၇ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။        ။ ရွေးကောက်ပွဲကို စိတ်မဝင်စားသော်လည်း မဲပေးဖြစ်ပါက ချင်းပါတီများကိုသာ ဦးစားပေး မဲထည့်မည်ဟု ချင်းပြည်နယ် ၅ မြို့နယ်တွင်  မဇ္ဈိမမေးမြန်းခဲ့သည့် ၇ ဦးအနက် အများစုက ဖြေကြားသည်။

ဝန်ထမ်း အမျိုးသမီး (ဖလမ်းမြို့)

“အစမ်း မဲပေးခိုင်းတာ တချို့တွေ သွားတယ်။ ကျမ စိုးရိမ်တာက  အစမ်းမဲထည့်တဲ့ သူတွေက ကြိုက်သလို ပေးတာတဲ့။ အဲတာကို အတည်အဖြစ် သိမ်းထားမှာကို စိုးရိမ်တယ်။ ပါတီတွေ စည်းရုံးရေး လုပ်နေကြတယ်။ ချင်းတိုးတက်ရေးပါတီ CPP ၊ ချင်းအမျိုးသားပါတီ CNP ၊ ကြံ့ဖွံ့တို့ အများကြီးရှိတယ်။ မဲပေးရမလား၊ မပေးရဘူးလားတောင် ဆုံးမဖြတ်ရသေးဘူး။ မဲပေးရင်တော့ CPP နဲ့ CNP ကိုပဲ မဲပေးမယ်။ ဝန်ထမ်းဆိုပေမယ့် ကျမက ချင်းလူမျိုးဆိုတော့ ချင်းပါတီက နိုင်ရင် ချင်းတွေအတွက် ပိုပြီး ကောင်းကျိုးရှိမလားလို့ပါ”
Chin_national_party
လူငယ်တဦး (ဟားခါး)

“ချင်းအမျိုးသားပါတီ CNP ရယ်၊ ကြံ့ခိုင်ရေးပဲ ရှိမှာ။ ဟားခါးမှာတော့ သိပ်စိတ်မဝင်စားကြပါဘူး။ ဟားခါးဘက်တော့ CNP နိုင်မယ် ထင်တာပဲ။ ရွေးကောက်ပွဲနဲ့ ပတ်သက်တာတွေကိုလည်း မဖတ်ဖြစ်ဘူး။ တရားမျှတတဲ့ ရွေးကောက်ပွဲပဲ ဖြစ်စေချင်တယ်။ အဲလိုဆိုရင်တော့ မဲပေးသင့်ရင် ပေးမှာပေါ့နော်။ အခုတော့ ပေးဖို့ဟာ မရှိဘူးလေ။ အိမ်ထောင်စုစာရင်း မရှိသေးတော့ အခုထိ သိပ်မသေချာသေးဘူး။ အဲတာလုပ်နိုင်ရင်တော့ ပေးမယ်။ CNP ကို မဲပေးမယ်။ ချင်းအမျိုးသားပါတီဆိုတော့ ပေးချင်တာပေါ့”

အိမ်ရှင်မတဦး (မင်းတပ်မြို့)


“ခံစားချက်တော့ ဘယ်လိုမှ မရှိဘူး။ ဘယ်ဟာကို ထည့်ရမှန်း၊ ဘယ်သူ့ကို မဲပေးရမှန်းတောင် မသိဘူး။ ပါတီတွေ မင်းတပ်မှာ သိပ်မလာဘူး။ ကြံ့ခိုင်ရေးကတော့ ရှိတယ်၊ လာတယ်။ သူတို့လဲ ကိုယ်က စိတ်ဝင်စားမှု မရှိတော့ မသိဘူး။ မဲကတော့ ပေးမှာ။ ဒါပေမဲ့ အခုထက်ထိ ဘယ်သူ့ကို ပေးရမှန်း မသိဘူး။ ရွေးကောက်ပွဲအကြောင်းကို တီဗီထဲမှာတော့ ကြည့်နေရတယ်။ စိတ်မဝင်စားဘူး။ ရွေးကောက်ပွဲပြီးလဲ ဒီအတိုင်းပဲ ဖြစ်မယ်ထင်တယ်။ မထူးခြားပါဘူး ထင်တယ်’’

ကုန်ခြောက်ဆိုင်ပိုင်ရှင် အမျိုးသမီး (ဖလမ်းမြို့)

’’ချင်းတိုးတက်ရေးပါတီ CPP ကို ကြိုက်တယ်။ လက်ရှိအခြေအနေမှာတော့ CPP ကို မဲပေးမယ်။ CPP ကို ရွေးရတာက ချင်းလူမျိုး ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာလေးကို ကြိုက်နှစ်သက်လို့ပါ။ ရွေးကောက်ပွဲကို စိတ်ဝင်စားတာတော့ မရှိပါဘူး။ ဒီမှာ ထွေထွေထူးထူး လှုပ်ရှားမှု မရှိတော့ ငြိမ်းချမ်းစွာပဲ ရွေးကောက်ပွဲ ပြီးသွားမှာပါ။ ဒီမိုကရေစီရရင်တော့ ကျမတို့ ပိုပြီး အဆင်ပြေမယ်လို့ ခံစားပါတယ်။ မဲပေးမှာကလဲ ဒါကြောင့်ပဲ။ CPP က ချင်းပြည်နယ်ကို အမြန်ဆုံး ဖွံ့ဖြိုးတိုးတက်အောင် အတတ်နိုင်ဆုံး ဆောင်ရွက်သွားမယ်လို့တော့ ပြောပါတယ်’’
chinpf
ကုန်ခြောက်ဆိုင်ပိုင်ရှင် အမျိုးသား (တီးတိန်မြို့)

’’တီးတိန်မှာ CPP ၊ CNP ၊ NUP နဲ့ ကြံ့ခိုင်ရေးတို့ ရှိတယ်။ ဘယ်ပါတီကို စိတ်ဝင်စားမှန်းတောင် မသိသေးဘူးနော်။ ဘယ်ပါတီကို မဲပေးမှာ မသိသေးဘူး’’

ဝန်ထမ်း အမျိုးသား (တွန်းဇံမြို့နယ်)

“တပ်မတော်အစိုးရက သူတို့ရဖို့ကိုပဲ စီစဉ်ထားတာဆိုတော့ တိုင်းရင်းသားပါတီတွေထောင်ပေမယ့် အစိုးရဖွဲ့နိုင်မယ့် အခြေအနေမှ မရှိတော့တာ။ ၉ဝ တုန်းကလို သူများတွေလဲ သိပ်ပြီးတော့ စိတ်ပါဝင်စားမှု မရှိကြဘူး။ ဘာကြောင့်လဲဆိုတော့ ကြံ့ဖွံ့ကိုပဲ မဲပေးရမယ်လို့ လုပ်ထားတယ်လေ။ ကျနော်ကျတော့ ဝန်ထမ်းတယောက်အနေနဲ့ မဲပေးကို ပေးရမယ်လို့ ထင်တယ်။ သတင်းရထားတာက ကြံ့ဖွံ့ပါတီကို မဲပေးဖို့ ဝန်ထမ်းသမားတွေ ပြောထားတယ်လို့ ကြားတယ်နော်။ ကြံ့ဖွံ့ကို မဲပေးမယ်ဆိုတာကလဲ ဝန်ထမ်းတယောက်အနေနဲ့ ကျနော်တယောက်ပဲ ရုန်းကန်လို့မှ မရတာ။ ချင်းတိုးတက်ရေးပါတီ CPP ၊ တစညနဲ့ ကြံ့ဖွံ့ပါတီတို့ ရှိတယ်။  ဒီမိုကရေစီနဲ့ အိန္ဒိယနိုင်ငံလို မဲလွတ်လပ်စွာ ထည့်နိုင်တယ်ဆိုလို့ရှိရင်တော့ CPP ကို မဲပေးမယ်။ လွတ်လပ်မှုမရှိဘူး။ စစ်မှန်တဲ့ ဒီမိုကရေစီ၊ လွတ်လွတ်လပ်လပ် ပြောရေးဆိုခွင့်တို့ရှိလို့ရှိရင် ကောင်းမယ်”

အိမ်ရှင်မတဦး (ဟားခါး)

“မဲပေးမှာလား၊ မပေးမှာလားတောင် မသိဘူး။ ဘာမှ လာပြောထားတာလဲ မရှိသေးဘူး။ ရွေးကောက်ပွဲအကြောင်းတောင် မစဉ်းစားဖူးဘူး။ အလုပ်ရှုပ်တယ်၊ အားလည်း မအားတော့ ဒီကြောင်းတွေ မစဉ်းစားမိဘူး။ ရွေးကောက်ပွဲကို စိတ်မဝင်စားဘူး။ သူများတွေ မဲအကုန်ပေးရင်တော့ ပေးမှာပေါ့။ အမှန်တကယ် စိတ်မဝင်စားတာလဲပါတော့ ဘယ်ပါတီ မဲပေးရမယ်တောင် မသိဘူး။ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဘာသင်တန်းကိုမှလည်း မတက်တော့ ကိုယ့်ဟာကိုယ် အေးဆေးပဲ နေနေတာ။ ဘယ်ပါတီတွေ ရှိမှန်းတောင် မသိဘူး။ ဒီမိုကရေစီ စတဲ့ ကောင်းမယ့်ဟာကို အကုန်ကြိုက်တယ်။ ဒါပေမဲ့ တကယ့်အတွင်းထဲမှာ ဘယ်ဟာတွေ ကောင်းမယ်ဆိုတာကို မသိလို့ ဘာမှ မစဉ်းစားတာ”

အန်အယ်လ်ဒီကို တန်ပြန်သည့် I Vote လှုပ်ရှားမှု ရန်ကုန်၌ စတင်

အန်အယ်လ်ဒီကို တန်ပြန်သည့် I Vote လှုပ်ရှားမှု ရန်ကုန်၌ စတင် 

၁၉ အောက်တိုဘာ ၂၀၁၀



မဲသွားမပေးရေး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ၏ လှုပ်ရှားမှု ကန်ပိန်းကို တန်ပြန်တိုက်ခိုက်ရန် ရည်ရွယ်ထားသည့် I Vote (မဲပေးမည်) လှုပ်ရှားမှုတရပ် ရန်ကုန်မြို့တွင် ယနေ့ စတင်ကြောင်း သိရသည်။

ဗဟန်းမြို့နယ်မှ အစိုးရ ဝန်ထမ်းတဦးက “ဒီမနက် တာမွေအဝိုင်းမှတ်တိုင်မှာ ကားကနေ ဆင်းပြီး လူငယ် ယောင်္ကျားလေး၊ မိန်းကလေးတွေ အုပ်လိုက် လမ်းဖြတ်ကူးသွားပြီး အဝိုင်းမီးပွိုင့်အထိ ဖြတ်လျှောက်သွားတာ တွေ့လိုက်တယ်။ ဟိုဘက်ရောက်တော့ လူစုခွဲလိုက်ကြတယ်။ ဝတ်စုံတူတွေဆိုတော့ လူတွေ သတိထားကြည့်လိုက်တော့မှ အိုင်ဗို့ (I Vote) စာတမ်းပါတဲ့ အဖြူရောင် အင်္ကျီတွေမှန်း သိတာ” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ရန်ကုန်မြို့တွင်း၌ ဖြစ်ပွားခဲ့သည့် အဆိုပါ လှုပ်ရှားမှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့အစည်းက ဦးဆောင်၍ လုပ်ဆောင်ကြောင်း ထုတ်ဖော်ပြောကြားခြင်း မရှိသေး၍ ရန်ကုန်ပြည်သူတို့အကြား ထင်ကြေးအမျိုးမျိုး ထွက်ပေါ်နေကြောင်း ပြည်တွင်းဂျာနယ်အယ်ဒီတာတဦးက ပြောသည်။

၎င်းက “ဒါက ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတွေက လုပ်တာလည်း ဖြစ်နိုင်တာပဲလေ။ ဒီလှုပ်ရှားမှုက အာဏာပိုင်တွေကို ဆန့်ကျင်တာ မဟုတ်တော့ ကြောက်စရာလည်း မလိုဘူး။ အာဏာပိုင်တွေတောင် အားပေးချင် အားပေးဦးမယ်လေ” ဟု ရှင်းပြသည်။

“အသက် (၁၈) နှစ် ပြည့်ပြီးသော လူငယ်များ မိမိတို့လာမည့် ရွေးကောက်ပွဲတွင် မဲပေးမည် ဖြစ်ကြောင်း စာတမ်းထိုးထားသော တီရှပ်များ ဝတ်ဆင်၍ ရန်ကုန်မြို့လယ်တွင် သွားလာနေကြစဉ်” ဟူ၍ စစ်အစိုးရပိုင် ကြေးမုံသတင်းစာ၏ ဝဘ်ဆိုက်တွင် လှုပ်ရှားမှု ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည်။

ထိုလှုပ်ရှားမှုသည် စစ်အစိုးရ၏ ကျောထောက်နောက်ခံပြု အဖွဲ့အစည်းဖြစ်သော ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ပါတီဝင်လူငယ်များက လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း ပြည်တွင်းရှိ ဝါရင့်နိုင်ငံရေးသမားတဦးက ထင်မြင်ချက်ပေးသည်။

၎င်းက “ရန်ပုံငွေ တောင့်တင်းတဲ့ နိုင်ငံရေးပါတီတွေထဲမှာ ကြံ့ဖွံ့ တပါတီပဲ ရှိတယ်လေ။ ဒီကန်ပိန်းက အန်အယ်လ်ဒီရဲ့ မဲမပေးရေး ကန်ပိန်းကို တန်ပြန်တာဆိုတော့ အဲဒီကြံ့ဖွံ့ လူငယ်တွေကလွဲရင် အခြားသော နိုင်ငံရေးပါတီတွေက လုပ်ဖို့ ငွေအား၊ လူအား၊ အချိန် ရှိမှာ မဟုတ်ဘူး” ဟု ပြောသည်။

ယခု ဖြစ်ပွားခဲ့သည့် လှုပ်ရှားမှုသည် မဲရုံသို့ မသွားဘဲ ရွေးကောက်ပွဲကို သပိတ်မှောက်ရန် အန်အယ်လ်ဒီ ခေါင်းဆောင်တို့က နယ်အသီးသီးသို့ စည်းရုံးရေးဆင်းနေချိန်နှင့်လည်း တိုက်ဆိုင်ကြောင်း ဝါရင့်နိုင်ငံရေးသမားတို့က ဆိုသည်။

ရွေးကောက်ပွဲအတွက် ကြိုတင်မဲကို အတင်းပေးခိုင်း၍မရကြောင်း၊ ပြည်သူတယောက်သည် မဲမပေးလိုပါက မဲမပေးဘဲ နေနိုင်ကြောင်း ရေးသားထားသည့် စာများနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံပါသည့် လက်ကမ်းကြော်ငြာစာများလည်း အောက်တိုဘာလဆန်းပိုင်းမှစ၍ ရန်ကုန်တွင် ဖြန့်ဝေခဲ့သည်။

နေပြည်တော်တွင် ဂျီအက်စ်အမ်ဖုန်း သုံးခွင့် ကန့်သတ်ထား

နေပြည်တော်တွင် ဂျီအက်စ်အမ်ဖုန်း သုံးခွင့် ကန့်သတ်ထား

၁၉ အောက်တိုဘာ ၂၀၁၀

နေပြည်တော်တွင် ယခင်က လုံးဝ အသုံးပြု၍ မရသည့် (09) ဂဏန်းအစ ဂျီအက်စ်အမ် (GSM) မိုဘိုင်းဖုန်းများကို အောက်တိုဘာနှင့် နိုဝင်ဘာ နှစ်လတည်းအတွက်သာ အသုံးပြုခွင့်ပေးမည်ဟု သိရသည်။

နေပြည်တော် နှစ်လည် ကျောက်မျက်ပြပွဲကို လာမည့် နိုဝင်ဘာလအတွင်း ကျင်းပမည်ဖြစ်ရာ တက်ရောက်ကြမည့် ပြည်တွင်း၊ ပြည်ပ စီးပွားရေးလုပ်ငန်းရှင်များ၊ နိုင်ငံခြားသား ခရီးသွားများအတွက် ဆက်သွယ်မှု ကွန်ရက် ကောင်းမွန်စေရန် ရည်ရွယ်၍ ဂျီအက်စ်အမ် ဖုန်းလိုင်းကို ယခုလို ယာယီ ဖွင့်ပေးထားခြင်းဖြစ်သည်ဟု နေပြည်တော် မြန်မာ့ဆက်သွယ်ရေးမှ အရာထမ်းတဦးက ပြောသည်။

နှစ်လယ် ကျောက်မျက်ပြပွဲ ပြီးဆုံးပါက ဂျီအက်စ်အမ်ဖုန်းလိုင်း ပြန်လည်ပိတ်သိမ်းမည်ဟု ယင်းအရာရှိက ပြောသည်။

နေပြည်တော်တွင် တာဝန်ကျသည့် ဌာနဆိုင်ရာဝန်ထမ်းတဦးက “အောက်တိုဘာ ပထမပတ်ကတည်းက နေပြည်တော်မှာ ဂျီအက်စ်အမ်လိုင်း စဖွင့်ပေးတယ်လို့ ယူဆရတယ်။ ပြီးခဲ့တဲ့လ (၁၃) ရက်နေ့က နေပြည်တော်ကနေ မန္တလေးက ကျနော့်အိမ်ကို ဂျီအက်စ်အမ်ဖုန်းနဲ့ စကားပြောလို့ရတယ်” ဟုဆိုသည်။

နေပြည်တော် ခရိုင်အတွင်း ယခင်က CDMA 450 MHz (ကမ်းရိုးတန်း) မိုဘိုင်းဖုန်းများသာ ဆက်သွယ် အသုံးပြု၍ ရသည်။

ထို့အတွက် ကျပ် (၁၅) သိန်းတန် CDMA 450 MHz မိုဘိုင်းဖုန်းများကို ပြီးခဲ့သည့် ၂၀၀၉ ခု နိုဝင်ဘာလတွင် လည်းကောင်း၊ ကျပ် (၅) သိန်းတန် CDMA 450 MHz မိုဘိုင်းဖုန်းများကို ၂၀၁၀ ပြည့်နှစ် မတ်လတွင် လည်းကောင်း စတင် အငှားချသုံးစွဲခွင့် ပေးခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ အောက်တိုဘာ၊ နိုဝင်ဘာ နှစ်လတည်းသာ အသုံးပြုခွင့်ရမည်ဆိုသည်ကို စာပေစိစစ်ရေးမှ ခွင့်ပြုချက်မပေး၍ သတင်းဂျာနယ် စာမျက်နှာထက် ဖော်ပြခွင့်မရဟု ပြည်တွင်းမှ သတင်းအယ်ဒီတာတဦးက ပြောကြားသည်။

ပြည်တွင်းထုတ် သတင်းဂျာနယ်အချို့တွင်မူ နေပြည်တော်၌ ဂျီအက်စ်အမ်ဖုန်းများ တောက်လျှောက်အသုံးပြုခွင့် ရနေသကဲ့သို့ ရေးသားဖော်ပြမှုများကို တွေ့ရသည်။

Monday, October 18, 2010

၂ဝ၁ဝ ရွေးကောက်ပွဲ ကျောင်းသားလူငယ်များ အသံ

၂ဝ၁ဝ ရွေးကောက်ပွဲ ကျောင်းသားလူငယ်များ အသံ



စီးပွားရေးတက္ကသိုလ် တတိယနှစ် ကျောင်းသားတဦးက ဤသို့ ညည်းတွားသည်။ သူတို့ ရပ်ကွက်ထဲတွင် လိုက်လံမဲဆွယ်ခြင်း၊ လက်ကမ်းစာစောင် ဝေငှခြင်းများ သိပ်မရှိဘဲ သူကိုယ်တိုင်လည်း နိုင်ငံရေးအသိအမြင် အားနည်းသဖြင့် ရွေးကောက်ပွဲကို မည်သို့ ဖြတ်ကျော်ရမည်ကို စိတ်မဝင်စားဟုလည်း ဆိုသည်။
student1
Mandalay ဖောင်တော်ဦး ဘုန်းကြီးကျောင်းသင် စာသင်ကျောင်းမှာ ကြံခိုင်ဖွံဖြိုးရေး အမှတ်တံဆိပ်ပါသော မဲပေးပုံများကို ကပ်ထားလျှက် ရှိသည်။
"သူများတွေ ပြောတော့ အိမ်တွေမှာ လက်ကမ်း စာစောင်တွေ လိုက်ဝေတယ် ပြောပါတယ်။ ဒါပေမဲ့ ကျနော့်အိမ်မှာတော့ အဲလို မတွေ့မိဘူး။ အမေတို့ အဖေတို့လဲ သူတို့အလုပ်နဲ့သူတို့ ဘာမှသိတာ မဟုတ်တော့ ကျနော်ရော၊ ကျနော့်အမရော ဘယ်ပါတီက ဘယ်သူတွေ ဘာတွေမှန်းကို မသိပါဘူး" ဟု သူက ဆက်ပြောသည်။

ကျောင်းသား အများစုမှာ မူလကပင် ပြည်ခိုင်ဖြိုး ပါတီအဖြစ် စာရင်း သွင်းခံရသော်လည်း  သူ့နာမည် မဲစာရင်းတွင် ပါနေသဖြင့် သီးခြားမဲပေးရမည်ဟု ဆိုသည်။

"ကြံ့ဖွံ့မဟုတ်ရင်ပြီးရော၊ ကျနော်က အမှန်လျှောက်ခြစ်ပစ်မှာ။ ကျနော့်အမကတော့ NDF (အမျိုးသား ဒီမိုကရေစီအင်အားစု) ကိုပဲ ပေးမယ်ပြောတယ်။ အမေတို့ အဖေတို့ကိုတော့ ဘာမှမေးလို့ မရဘူး။ မဲပေးဖို့တောင် မသွားဘူး ပြောနေကြတယ်။ ဘယ်သူ အုပ်ချုပ်အုပ်ချုပ် ငါတို့စီးပွားရေး ဆက်လုပ်လို့ရရင် ပြီးတာပဲလို့ သူတို့က ပြောတယ်" ဟု လမ်းထဲတွင် စတိုးဆိုင်ဖွင့်ထားသော မိဘများအကြောင်းကိုလည်း ပြောသွားသည်။  ပညာရေးကို ယခုထက် ပိုလုပ်ပေးနိုင်မည့် အစိုးရသစ် လိုချင်သည်ဟုလည်း ထုတ်ပြောသည်။

student-voterလူငယ်အများစုမှာ နိုင်ငံရေးပါတီများအကြောင်း သေချာမသိဘဲ စိတ်ဝင်စားမှုလည်း နည်းပါးသည်ကို တွေ့ရသည်။

"သမီးကတော့ ဒီမိုကရက်တစ် ပါတီကို ပေးမယ်လို့ စဉ်းစားထားတယ်။ သူတို့ဝေတဲ့ ဖလိုင်ယာလေးတွေ ရထားတယ်။ ခွပ်ဒေါင်းပုံနဲ့လေ။ ဘာမှတော့ သိလို့ မဟုတ်ပါဘူး။ သူတို့တွေ ဟောတာပြောတာတွေ တီဗီမှာ လာပေမယ့် နားမထောင်ဖြစ်ဘူး။ ဒီတခုပဲ သိလို့ ဒီတခုပဲ ပေးမယ်ပြောတာပါ" ဟု နိုင်ငံခြားဘာသာသင် တက္ကသိုလ် ကျောင်းသူတဦးက ပြောသည်။

"သမီးတို့ မဲသွားမပေးရင် မလာတဲ့လူ မဲက ကြံ့ဖွံ့မဲ ဖြစ်သွားမယ်လို့ ပြောကြတယ်။ ဒါကြောင့် မဲတော့ သွားပေးမှာပါ" ဟုလည်း သူက ဆက်ပြောသည်။ သူ့အနေဖြင့် မြို့ရွာနှင့် လမ်းပန်းပတ်ဝန်းကျင် ပိုမိုသာယာလှပရန် ထိန်းပေးဖို့နှင့် တဦးချင်း လွတ်လပ်ခွင့် ပိုရရှိလာဖို့လည်း မျှော်လင့်ပါသည်ဟု ဖြေကြားသည်။

သို့သော် အဆင့်မြင့်ကုန်တိုက်တခုက  ၂၂ နှစ်အရွယ် အမျိုးသမီးဝန်ထမ်းတဦးကတော့ မဲစာရင်းတွင် မပါသဖြင့် မဲမပေးဟု ပြောသည်။

"ကျမက အရင်က ဒီရပ်ကွက်မှာ နေတာမဟုတ်ဘူးလေ။ ဒီကိုပြောင်းလာတာ မကြာသေးဘူး၊ အဲဒါ အခု မဲစာရင်းတွေ ထွက်တော့ ထွက်ခါစက သွားမကြည့်ဖြစ်ဘူး။ နည်းနည်းနောက်ကျမှ သွားကြည့်တော့ ကျမ နာမည်က မပါဘူး" ဟု ပြောပြသည်။

မိဘများက နယ်တွင်နေပြီး သူတဦးထဲ ရန်ကုန်တွင် အဆောင်ငှားနေထိုင်ရာ ယခင် ရပ်ကွက်တွင် မဲစာရင်းအမည် ပါမပါ သွားကြည့်ရမည်ဟု ရပ်ကွက်လူကြီးက ပြောသည်ဟု ဆိုသည်။

"အရင်နေတဲ့ ရပ်ကွက်က ဝေးလို့ မဲသွားမပေးချင်လို့ ဒီမှာ ပေးမယ်ပြောတာကို သူတို့က အဲဒီရပ်ကွက်မှာ နာမည်ပါမပါ တခါသွားပြန်စစ်ဦးပြောတော့ အလုပ်ရှုပ်လို့ ကျမတော့ မဲမပေးတော့ဘူးလို့ပဲ ပြောခဲ့လိုက်တယ်။ ဟိုမှာ နာမည်မပါဘူး သေချာမှ ဒီရပ်ကွက်မှာ တခါ လျှောက်လွှာတွေဝယ်ဖြည့်ပြီး လဝက (လူဝင်မှုကြီးကြပ်ရေး) လူကြီးနဲ့ တွေ့ပြီးမှ ဒီရပ်ကွက်ရဲ့မဲစာရင်းအမည်ပါမယ် ပြောတယ်။ အလုပ်လည်း မအားဘူးလေ။ လျှောက်လွှာတွေ ဝယ်ဖို့လည်း ငွေမပေါဘူး။ ကျမတော့ ပေးမနေတော့ဘူး" ဟု သူက စိတ်ပျက်လက်ပျက်နှင့် ပြောသည်။

သူ့အနေဖြင့် မဲ ပေးဖို့၊ မပေးဖို့ အရေးမစိုက်လှဘဲ နေ့စဉ် အလုပ်မှ ဝင်ငွေရဖို့သာ ပိုအရေးကြီးသည်ဟု ပြောသည်။ "ဘယ်အစိုးရပဲတက်တက် ဆင်းရဲသားတွေ ဒီထက်ပိုပြီး ချောင်လည်အောင် လုပ်ပေးရင် ကျမက ကျေနပ်ပါပြီ။ ကျန်တာ နားလည်း မလည်ပါဘူး" ဟု သူက ဆက်ပြောသည်။

ယခု ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ကျောင်းသားကျောင်းသူ လူငယ်အများစုမှာ တာဝန်အရ မဲပေးခြင်းသာ ဖြစ်နေပြီး၊ နိုင်ငံရေးပါတီများအပေါ် စိတ်ဝင်စားမှုနည်းခြင်း၊ မသိနားမလည်ခြင်းများကြောင့် ရွေးကောက်ပွဲအမှန်မှ ဖြစ်ပါ့မလားဟု လူကြီးများက စိုးရိမ်နေကြသည်။

မိုင်းပေါက်ကွဲမှုကိစ္စ ကေအိုင်အို ကြေညာချက်ထုတ်

မိုင်းပေါက်ကွဲမှုကိစ္စ ကေအိုင်အို ကြေညာချက်ထုတ်

၁၈ အောက်တိုဘာ ၂၀၁၀



ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ၏ လက်နက်ကိုင်တပ်မတော် (ကေအိုင်အေ) ထောင်ထားသည့် မိုင်းနင်းမိပြီး ပြည်သူ (၂) ဦး သေဆုံးပြီး (၁) ဦးဒဏ်ရာရရှိကြောင်း နအဖပိုင် သတင်းစာများ၌ ဖော်ပြမှုအပေါ် ကေအိုင်အိုအဖွဲ့က ကြေညာချက်တစောင် ထုတ်ပြန်လိုက်သည်။

အောက်တိုဘာ (၁၇) ရက် နေ့စွဲဖြင့် ထုတ်ပြန်သည့် ကေအိုင်အေ စစ်ရုံးချုပ်၏ကြေညာချက်တွင် မိမိတို့နယ်မြေဖြစ်သော နွားလပို့တောင်တွင် ဖြစ်ပွားခဲ့သည့် မိုင်းပေါက်ကွဲမှုဖြစ်စဉ်အား စုံစမ်းစစ်ဆေးလျက်ရှိကြောင်း၊ ကေအိုင်အေသည် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်နှင့် လုံခြုံရေးအား ထိခိုက်စေမည့်လုပ်ရပ်များ လုပ်ဆောင်ရန် ရည်ရွယ်ချက် လုံးဝမရှိပါကြောင်း ဖော်ပြထားသည်။

အောက်တိုဘာ (၁၅) ရက်ထုတ် နအဖသတင်းစာများတွင် ကေအိုင်အေ သောင်းကျန်သူများ ထောင်ထားသည့် မိုင်းအား နင်းမိပေါက်ကွဲသဖြင့် အပြစ်မဲ့ ပြည်သူ(၂) ဦး သေဆုံးပြီး (၁) ဦးဒဏ်ရာရရှိခဲ့ ဟူသည့် ခေါင်းစဉ်ဖြင့် ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ပင်းဘောကျေးရွာအုပ်စု ပင်းကြိုင် ကျေးရွာနေ ရွာသား (၅) ဦး ရွာအနောက်ဘက် (၁ဝ) မိုင်ခန့်အကွာ၊ ကချင်အထူးဒေသ (၂) နယ်မြေ၊ နွားလပို့ တောင်ပေါ်သို့ သွားရောက်စဉ် အောက်တိုဘာ (၁၃) ရက်၊ မွန်းတည့် (၁၂) နာရီခန့်အချိန်၌ နွားလပို့တောင်ထိပ်၌ ကေအိုင်အေ သောင်းကျန်းသူများ ထောင်ထားသည့် မိုင်းနင်းမိ၍ (၂) ဦးသေဆုံးပြီး (၁) ဦး ဒဏ်ရာရရှိကြောင်း ဖော်ပြထားသည်။

အဆိုပါ သတင်းဖော်ပြမှုနှင့်ပတ်သက်၍ မိုင်းပေါက်ကွဲသည့်ဖြစ်စဉ် ဖြစ်ပွားနေရာ ကွဲလွဲနေကြောင်း ကေအိုင်အိုမှ ပြောခွင့်ရသူတဦြးုဖစ်သည့် ဗိုလ်မှူးကြီး ဆင်ဝါးက ပြောသည်။

၎င်းက “ဖြစ်တဲ့နေရာ မိုင်းကွဲတဲ့နေရာက ကွဲနေတယ်။ သတင်းစာမှာပါတာက ပင်းဘောရဲ့ အနောက်ခြမ်းမှာ၊ မိုင်းပေါက်တဲ့ဖြစ်စဉ်က အရှေ့ခြမ်းမှာဖြစ်တာ။ မိုင်းပေါက်တာ၊ လူသေဆုံးမှု ရှိတာတော့ ဟုတ်ပါတယ်”ဟု ပြောသည်။

အဆိုပါ ကြေညာချက်ထဲတွင် ကေအိုင်အေသည် ကန့်သတ်နယ်မြေသတ်မှတ်ကာ လုံခြုံရေးအရ လိုအပ်သောစခန်းအနီး ပတ်ဝန်းကျင်များတွင် လုံခြုံရေးမိုင်းများ ထားရှိပါသည်။ ထိုသို့ လုံခြုံရေးမိုင်းများ ထားရှိခြင်းကိုလည်း ပြည်သူအများသိရှိစေရန် ကြိုတင်ကြေညာချက် ထုတ်ပြန်ခြင်း၊ သတိပေးစာ( ဆိုင်းဘုတ်) များဖြင့် ဖေါ်ပြထားခြင်းတို့ကို ပြုလုပ်ထားပါသည်ဟုလည်း ဖော်ပြထားသည်။

ကေအိုင်အိုအဖွဲ့နှင့် ၁၉၉၄ ခုနှစ် အပစ်ရပ်စဲရေးပြုလုပ်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နအဖသတင်းစာများမှ ကေအိုင်အိုအား သောင်းကျန်းသူဟု သုံးနှုန်းဖော်ပြ ရေးသားလာခြင်းဖြစ်သည်။

အဆိုပါ သုံးနှုန်းရေးသားမှုအပေါ် ကေအိုင်အိုက ယခု အချိန်တွင် မည်သည့်တုန့်ပြန်ချက်မျှ ပြုလုပ်ရန် အစီစဉ်မရှိကြောင်း ဗိုလ်မှူးကြီး ဆင်ဝါးက ပြောကြားသော်လည်း တရုတ်-မြန်မာနယ်စပ်အခြေစိုက် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောကမူ ယင်းအသုံးအနှုန်းကြောင့် ကေအိုင်အိုနှင့် နအဖအကြား အပစ်ခတ်ရပ်စဲရေး ပျက်ကာ နဂိုမူလအခြေအနေအတိုင်း ပြန်ရောက်သွားပြီ ဖြစ်ကြောင်း နအဖဘက်မှ ပြောလိုက်ခြင်းဖြစ်သည်ဟု သုံးသပ်သည်။

၎င်းက “ ဒီဟာက ၁၉၉၄ ခုနှစ်မတိုင်မီက အခြေအနေအတိုင်း ပြန်ရောက်သွားပြီဆိုတာ နအဖက ပြောလိုက်တာပါ။ တဖက်ကလည်း စစ်ပွဲအတွက် ခြိမ်းခြောက်လိုက်တာ ဖြစ်တယ်။ အမှန်တော့ နှစ်ဖက်အကြား အဆက်အဆံတွေက အခု ဒီ မြောက်ပိုင်းတိုင်း တိုင်းမှူးအသစ် ရောက်လာကတည်းက စလို့ ဘာမှ မရှိတော့ဘူး။ အဲဒီကြားကပဲ ကေအိုင်အို ရဲဘော်တွေကို ဖမ်းတာဆီးတာ လုပ်လာတယ် ”ဟု ပြောသည်။

ကေအိုင်အိုအား နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် သို့မဟုတ် လက်နက်စွန့်ရန် ပြီးခဲ့သည့် စက်တင်ဘာ (၁) ရက် နောက်ဆုံးထားပြီး နအဖဘက်မှ ရာဇသံပေးခဲ့သည်။ ကေအိုင်အိုအဖွဲ့က လူထုအစည်းဝေးနှင့် ကွန်ကရက် တရပ်ခေါ်ယူကာ သြဂုတ် (၃ဝ) ရက်စွဲဖြင့် ကြေညာချက်တစောင်ထုတ်ပြန်ပြီး နယ်ခြားစောင့်တပ်ဖွဲ့ရန် ငြင်းဆိုခဲ့သည်။

ယင်းနောက်ပိုင်း ကေအိုင်အိုနှင့် နအဖအကြား ဆက်ဆံရေးပြတ်တောက်နေသကဲ့သို့ မြို့ပေါ်သို့ ခရီးသွားလာသည့် ကေအိုင်အို တပ်ဖွဲ့ဝင်များအား နအဖဘက်မှ ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခြင်း၊ မြို့ပေါ်ရှိ ကေအိုင်အို တပ်ဖွဲ့ မိသားစုဝင်တို့၏ နေအိမ်များအား ဧည့်စာရင်းစစ်ခြင်း၊ ကေအိုင်အိုတပ်ဖွဲ့ ထိန်းချုပ်ရာဒေသသို့ ရိက္ခာများသယ်ယူမှု ကန့်သတ်ထိန်းချုပ်ခြင်းတို့ ပြုလုပ်ခဲ့သည်။

နအဖနှင့် ကေအိုင်အိုအကြား ဆက်ဆံရေးပြတ်ကာ နအဖဘက်မှ  တင်းကျပ်မှု ပိုမိုလုပ်လာနေချိန်တွင် ယခုကဲ့သို့ သောင်းကျန်းသူဟု ဖော်ပြလာမှုကြောင့် နှစ်ဖက်အခြေအနေ ပိုပြီးတင်းမာသွားစေနိုင်သည်ဟု အကဲခတ်များက ဝေဖန်ကြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အထူးအယူခံ ကြားနာ

ဒေါ်အောင်ဆန်းစုကြည်၏ အထူးအယူခံ ကြားနာ

၁၈ အောက်တိုဘာ ၂၀၁၀

နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှု ပြစ်ဒဏ်အတွက် ဒေါ်အောင်ဆန်းစုကြည်၏ အထူးအယူခံဝင်မှုကို ရန်ကုန်တိုင်း တရားရုံးချုပ်၌ ယနေ့ ကြားနာခဲ့ရာတွင် အယူခံအတွက် ဆုံးဖြတ်ချက် ချနိုင်ခဲ့ခြင်း မရှိခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင်ရှေ့နေဖြစ်သူ ဦးဉာဏ်ဝင်းက “ဒီနေ့ ပြစ်ဒဏ်ချမှတ်တာကို ပြင်ဆင်ပေးဖို့ ကျနော်တို့ဘက်က အယူခံတင်ပြတာကို ကြားနာဖြစ်တယ်။ ဒီတင်ပြခဲ့တဲ့အပေါ် ကျနော်တို့ဘက်က ကျေနပ်မှု ရှိပါတယ်။ နှစ်ဦးနှစ်ဖက် ဆက်လက် ကြားနာဖို့အတွက် တရားရုံးချုပ်ဆီက ဒီနေ့ တခါတည်း ဆုံးဖြတ်တာ မရှိသေးတော့ နောက်တပတ် မဟုတ်ရင် နှစ်ပတ်အတွင်း ပြန်ကြားနာမယ်လို့ ကျနော်တို့ဘက်က မျှော်လင့်ပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

ယနေ့ နံနက် (၁၀) နာရီခန့်က နှစ်ဖက်ကြားနာရာတွင် ဒေါ်အောင်ဆန်းစုကြည်အတွက် ဦးကြည်ဝင်းကလည်းကောင်း၊ ဒေါ်ခင်ခင်ဝင်းနှင့် မဝင်းမမတို့ (၂) ဦးအတွက် ဒေါ်ခင်ဌေးကြွယ်ကလည်းကောင်း အသီးသီး လျှောက်လဲချက် ပေးခဲ့ကြပြီး စစ်အစိုးရဘက်က ရှေ့နေချုပ်ရုံးမှ ညွှန်ကြားရေးမှူး (၁) ဦး လာရောက်ကြားနာခဲ့ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

၎င်းက “ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွတ်ရက်မတိုင်ခင် ဒီအမှုကို အပြီးသတ် ကြားနာပြီး ဆုံးဖြတ်ရမယ့်ကိစ္စပါ။ ဒါကြောင့် အမြန်ဆုံး ပြန်ကြားနာသွားနိုင်ဖို့ ကျနော်တို့ဘက်က မေတ္တာရပ်ခံထားပါတယ်” ဟု ဆက်လက် ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ နေအိမ်ခြံဝင်းအတွင်းသို့ ကျူးကျော်ဝင်ရောက်လာသူ အမေရိကန်နိုင်ငံသား ဂျွန်ဝီလီယံ ယက်တောကို လက်ခံခဲ့မှုကြောင့် နေအိမ်အကျယ်ချုပ် ဥပဒေဆိုင်ရာ ပြည်တွင်းလုံခြုံရေး ဥပဒေ ချိုးဖောက်မှုဖြင့် နေအိမ်အကျယ်ချုပ် သက်တမ်း (၃) နှစ် ကျခံရန် အင်းစိန် အထူးတရားရုံးက ၂၀၀၉ ခု သြဂုတ် (၁၁) ရက်နေ့တွင် ချမှတ်ခဲ့သည်။

ထို့နောက် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် တရားရုံးအာဏာ၏ အမိန့်ကို အုပ်ချုပ်ရေးအာဏာဖြင့် ပြင်ဆင်ကာ ထောင်ဒဏ်ကို ထက်ဝက်လျှော့ချ၍ ဆိုင်းငံ့ပြစ်ဒဏ် နေအိမ်အကျယ်ချုပ် (၁၈) လ ကျခံစေရန် ချမှတ်ခဲ့ခြင်းဖြစ်သည်။

“၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် အရေးယူတာဟာ အစကတည်းက ဥပဒေနဲ့ မညီပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီဥပဒေက ရပ်ဆိုင်းသွားပါပြီ။ ဒါကြောင့် အသက်မဝင်တော့တဲ့ အဲဒီဥပဒေအတိုင်း အပြစ်ပေးတာ မမှန်ဘူးဆိုတာ ကျနော်တို့ဘက်က လျှောက်လဲထားတာ ရှိပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ချမှတ်ခဲ့သည့် ပြစ်ဒဏ်များအပေါ် အယူခံဝင်ခဲ့ရာတွင် ရန်ကုန်တိုင်း တရားရုံးက ပယ်ချခဲ့သည့်နောက် ပြီးခဲ့သည့် မေလမှစ၍ ဗဟိုတရားရုံးချုပ်သို့ အကြိမ်ကြိမ် တင်သွင်းလျှောက်ထားခဲ့ရာမှ ယနေ့ ကြားနာမှုသည် ပထမဆုံးအကြိမ် ဖြစ်သည်။

လွတ်ရက်စေ့ အကျဉ်းသားများထံမှ ကြိုတင်မဲ ကောက်မည်

လွတ်ရက်စေ့ အကျဉ်းသားများထံမှ ကြိုတင်မဲ ကောက်မည်

 ရွေးကောက်ပွဲ မတိုင်မီ အကျဉ်းသားများအား လွှတ်ပေး၍ ကြိုတင်မဲ ကောက်ယူနိုင်ရန် အကျဉ်းဦးစီးဌာနနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တို့  ညှိနှိုင်းနေကြောင်း သတင်းရရှိသည်။

“ပြစ်ဒဏ် အသီးသီးနဲ့ ကျခံနေတဲ့ အကျဉ်းသားတွေထဲမှာ နိုဝင်ဘာ ၇ ရက်နေ့မတိုင်ခင် လွတ်ရက်စေ့မယ့်သူတွေကို စာရင်းလုပ်ထားတယ်။ ဒီအထဲမှာ စံပြအကျဉ်းသားတွေလည်းပါမယ်။ ရွေးချယ်ပြီး ရွေးကောက်ပွဲမတိုင်မီ လွှတ်ပေးသွားဖို့ ရှိတယ်။ အကုန်လုံး တပြိုင်နက် လွှတ်တာထက် အုပ်စုလိုက် လွှတ်ဖို့ ရှိတယ်” ဟု အကျဉ်းဦးစီးဌာနမှ အရာရှိကြီးတဦးက ပြောသည်။
Innsein-oct-16-10
အင်းစိန်ထောင် အဝင်ဝမြင်ကွင်း (ဓာတ်ပုံ - AP)
ယခုလအတွင်း ကောက်ယူထားသည့် စာရင်းအရ ရွေးကောက်ပွဲမတိုင်မီ လွတ်ရက်စေ့မည့် အကျဉ်းသား ၈၀၀၀ ခန့်နှင့်  နိုင်ငံရေးအကျဉ်းသား ၁၀ ဦးခန့်ရှိသည်ဟု အကျဉ်းဦးစီးဌာနမှ စုံစမ်းသိရှိရသည်။

အဆိုပါ အရာရှိကြီးက “အထက်လူကြီးတွေဆီက သဘောတူညီချက် ရထားပေမယ့် အခုလောလောဆယ် လွတ်မယ့်အကျဉ်းသားတွေဆီက ကြိုတင်မဲကောက်ဖို့ ဘယ်လိုစီစဉ်မလဲဆိုတာကို ရွေးကောက်ပွဲ ကော်မရှင်နဲ့ ညှိနှိုင်းနေတယ်။ ဥပမာ ရွှေဘိုထောင်က အကျဉ်းသား ၂၅ ယောက် လွှတ်လိုက်တယ်ဆို လွှတ်တဲ့နေ့မှာ တခါတည်း ကြိုတင်မဲ ယူလိုက်တော့ သူ့မြို့ပြန်ရောက်ရင် မဲထည့်ဖို့ မလိုတော့ဘူး” ဟု ပြောပြသည်။

၎င်းက ဆက်လက်၍ “နိုဝင်ဘာလဆန်းထဲမှာ လွှတ်ပေးဖို့ ရက်စေ့တဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ ပါပေမယ့် အခုထိတော့ လွှတ်ပေး၊ မပေး ဖြတ်ချက်တော့ မရသေးဘူး။ တနေ့က စရဖက နိုင်ငံရေးအကျဉ်းသား စာရင်းတောင်းလို့ ပေးလိုက်ရတယ်ဆိုတော့ လွှတ်ဖို့ အလားအလာရှိတယ်လို့ ပြောရမယ်” ဟု ပြောသည်။

လွတ်ရက်စေ့ အကျဉ်းသားများထံမှ ကြိုတင်မဲ ကောက်ခံခြင်းနှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနမှ အရာရှိတဦးက “ထောင်ထွက်တဲ့နေ့မှာ တခြားပါတီတွေက ကြိုတင်မဲတော့ ကောက်လို့ ရမှာမဟုတ်ဘူး။ ဒီတော့ ကြံ့ဖွံ့ပါတီ (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) ကပဲ သူတို့ပါတီကို ထောက်ခံတဲ့မဲ ယူလိုက်မှာ။ ဒီလိုသာ ယူမယ်ဆို အကျဉ်းသားတွေဆီကနေ သူတို့ပါတီအတွက် သေချာပေါက်မဲတွေ ရပြီလေ။ လွတ်မယ့် အကျဉ်းသားတွေကလည်း မနည်းဘူး” ဟု ဆိုသည်။

အဆိုပါအရှိက ဆက်လက်၍ ၂၀၁၀ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲသည် တရားမျှတမှုရှိစေရန် ပြုလုပ်သွားမည်ဟု ပြောဆိုထားသော်လည်း လက်ရှိတွင်မှု အထက်ပါကိစ္စများကဲ့သို့ ကြိုတင်မဲကောက်ခံခြင်း ပြုလုပ်၍ မဲရရှိရန် ဆောင်ရွက်ခြင်းများရှိသလို တရားမ၀င်နည်းလမ်းများဖြင့်လည်း ကြံ့ဖွံ့ပါတီအား ထောက်ခံသည့်မဲ ရရှိရန် ဆောင်ရွက်လျက် ရှိနေသည်ဟု ပြောသည်။

“အချုပ်ကျနေတဲ့ လူကတော့ မဲပေးလို့ရတယ်ဆိုပြီး ကြိုတင်မဲတွေ ကောက်သွားတယ်။ ဥပမာ လောင်းကစားမှုနဲ့ ဖမ်းထားတဲ့ အချုပ်သားဆို သူက ပြန်လွတ်တဲ့နေ့မှာ မဲသွားပေးလို့ရတယ်။ ရွေးကောက်ပွဲ လုပ်မယ့်နေ့ သူအပြစ်ဒဏ်ကျခံပြီး ထွက်လာတဲ့ အချိန်မီတယ်။ ဒါပေမယ့် ကြိုတင်မဲဆိုပြီး ကောက်သွားတယ်။ မြို့နယ်အလိုက် အချုပ်သားတွေဆီက ကြိုတင်မဲ တသောင်းလောက် ရတယ်လို့ သိရတယ်” ဟု ရွှေပြည်သာမြို့နယ်မှ တာဝန်ရှိသူတဦးက ဆိုသည်။

မြန်မာတနိုင်ငံလုံးတွင် အကျဉ်းထောင် ၄၉ ခု၊ အကျဉ်းစခန်း ၁၀၉ ခု ရှိကြောင်း၊ တနိုင်ငံလုံးရှိ အကျဉ်းထောင်၊ အကျဉ်းစခန်း၊ ရဲဘက်စခန်းများတွင် ကျခံနေသည့် အကျဉ်းသား ၂ သိန်းခွဲခန့်ရှိကြောင်း အကျဉ်းဦးစီးဌာနမှ သိရသည်။

ဒေါ်အောင်ဆန်းစုကြည် “တွီတာ” သုံးချင်

ဒေါ်အောင်ဆန်းစုကြည် “တွီတာ” သုံးချင်

 မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယခုလက်ရှိ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်သည်နှင့် တပြိုင်နက် မျိုးဆက်သစ်လူငယ်များနှင့် ချိတ်ဆက်နိုင်ရန် အင်တာနက်လူမှုကွန်ရက် တခုဖြစ်သော “တွီတာ” (Twitter) ကို အသုံးပြုရန် ဆန္ဒရှိကြောင်း သိရသည်။ 

assk400
၂၀၀၇ ခုနှစ် မေလ အတွင်းက အင်ဒိုးနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ မြန်မာ သံရုံးရှေ့တွင် ဆန္ဒပြသူများက ဒေါ်အောင်ဆန်းစုကြည် ပုံကို ကိုင်ဆောင် ဆန္ဒပြနေကြစဉ် (ဓာတ်ပုံ - Getty Images)
“ဒေါ်အောင်ဆန်းစုကြည်က လွတ်တာနဲ့ တွီတာ သုံးချင်နေတယ်။ ပြည်တွင်းပြည်ပက မျိုးဆက်သစ် လူငယ်တွေနဲ့ ထိစပ်ချင်တယ်။ သူ နေ့တိုင်း တွီတာသုံးနိုင်ရင်ကောင်းမယ်လို့ ပြောတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးဉာဏ်ဝင်းက ပြောကြောင်း AP သတင်းဌာနတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဖုန်းနှင့် အင်တာနက် သုံးစွဲခွင့်မရှိသော်လည်း သူ့တွင် လပ်ပ်တော့ပ် ကွန်ပျူတာ တလုံး ရှိကြောင်း၊ ကွန်ပျူတာအကြောင်းလည်း သိရှိနားလည်ကာ အီလက်ထရွန်းနစ် ပစ္စည်းကိရိယာများကိုလည်း ကျွမ်းကျင်စွာ အသုံးပြုနိုင်ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

လက်ရှိ အကျယ်ချုပ်စည်းကမ်းများအရ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံပိုင်သတင်းစာများနှင့် ပြည်တွင်းထုတ် ဂျာနယ်များအား ဖတ်ရှုနိုင်ပြီး ရေဒီယိုနားထောင်ခွင့်ရရှိသည်။ တီဗီ ကြည့်ရှုနိုင်သော်လည်း ဂြိုဟ်တုစလောင်း မရှိသဖြင့် အစိုးရထုတ်လွှင့်နေသော ရုပ်သံလိုင်းများသာ ကြည့်နေရကြောင်း သိရသည်။

“ဘာလို့ တွီတာသုံးမှာလဲ၊ ဖေ့စ်ဘုခ် (Facebook) သုံးပါလား။ မြန်မာပြည်မှာ အများစုက ဖေ့စ်ဘုခ်ပဲ သုံးနေကြတာလေ” ဟု ဟောင်ကောင်၌ ပညာသင်ကြားနေသော မြန်မာတက္ကသိုလ်ကျောင်းသား တဦးက သူ့ထင်မြင်ချက်ကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရသတ်မှတ်ထားသော လက်ရှိ နေအိမ်အကျယ်ချုပ်သက်တမ်း ၁၈ လသည် ရွေးကောက်ပွဲ ပြီး၍ ၆ ရက်အကြာ နိုဝင်ဘာ ၁၃ ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်ပြီး ၎င်းလွတ်မြောက်မည်ဟုလည်း အများကမျှော်လင့် နေကြသည်။

သူ၏အကျယ်ချုပ်နှင့် ပတ်သက်၍ အယူခံထားမှုအား ရန်ကုန်ရှိ အထူးတရားခုံရုံးက ယနေ့နံနက်တွင် ကြားနာမည်ဟု သိရသည်။

ခရစ်ယာန်သာသနာပြုများကို အသုံးချ၍ ကြံ့ဖွံ့မဲဆွယ်

ခရစ်ယာန်သာသနာပြုများကို အသုံးချ၍ ကြံ့ဖွံ့မဲဆွယ်

 ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၏ မင်္ဂလာတောင်ညွန့် မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ရွေးကောက်ပွဲဝင်မည့် အလုပ်သမားဝန်ကြီး ဦးအောင်ကြည် သည် ခရစ်ယာန် သာသနာပြုများကို အသုံးချပြီး မဲဆွယ်နေသည်ဟု သိရှိရသည်။

1
ခရစ်ယာန်သာသနာပြုများ၏ ဓာတ်ပုံများကို ကြံ့ဖွံ့ပါတီက ၎င်းတို့ မဲဆွယ်ကြော်ငြာဆိုင်းဘုတ်များတွင် ဤသို့ အသုံးချထားသည် (ဓာတ်ပုံ - ဧရာဝတီ)
ဦးအောင်ကြည်သည် ခရစ်ယာန်သာသနာပြု ဂေဟာတခုသို့ သွားရောက်လည်ပတ်စဉ် သာသနာပြု ပုဂ္ဂိုလ်များနှင့်အတူ ရိုက်ကူးထားသော ဓာတ်ပုံများကို ၎င်း၏ မဲဆွယ်လှုပ်ရှားမှု ကြော်ငြာဆိုင်းဘုတ်များတွင် ထည့်သွင်းထားခြင်းဖြင့် ဘာသာရေးကို အသုံးချကာ ခရစ်ယာန်ဘာသာဝင်များ စိတ်ဝင်စားလာစေရန် မဲဆွယ်နေသည်ကို တွေ့ရသည်။

“လမ်းဆုံလမ်းခွ၊ မီးပွိုင့်တွေမှာ ခရစ်ယာန်သာသနာပြု ပုဂ္ဂိုလ်တွေနဲ့အတူ ရိုက်ထားတဲ့ ဓာတ်ပုံတွေကို ပုံကြီးချဲ့ပြီး ကြော်ငြာဆိုင်းဘုတ်ထဲမှာ ထည့်သုံးထားတယ်။ ဓာတ်ပုံအပေါ်မှာ လူမျိုးဘာသာခြား အားလုံးနဲ့ တစိတ် တ၀မ်းတည်းရှိနေပြီး အားလုံး စိတ်ချမ်းသာရအောင် ကူညီနေတာ ဘယ်သူလဲဆိုတဲ့ စာသားကို ထင်ထင်ရှားရှား ရေးထားတယ်” ဟု မင်္ဂလာ တောင်ညွန့် မြို့နယ်မှ သတင်းထောက် တဦးက ပြောသည်။

ရန်ကုန်မြို့ပေါ်ရှိ ခရစ်ယာန်အသိုင်းအ၀န်းက ဦးအောင်ကြည်၏ လုပ်ရပ်အပေါ် စိတ်မချမ်းမသာ ဖြစ်နေကြပြီး ဘာသာရေးကို အသုံးချမဲဆွယ်သော လုပ်ရပ်အဖြစ် ရှုမြင်ကြကြောင်း သိရသည်။

“သာသနာ့ဝန်ထမ်းတွေ နိုင်ငံရေးလုပ်ခွင့်၊ မဲပေးခွင့်မရှိဘူးလို့ ရွေးကောက်ပွဲဥပဒေမှာ တရားဝင် ပြဌာန်းထားတယ်။ သာသနာ့ဝန်ထမ်းတွေထဲမှာ ဗုဒ္ဓဘာသာဝင်၊ ခရစ်ယာန်နဲ့ ဟိန္ဒူဘာသာဝင် သာသနာ့ဝန်ထမ်းတွေ ပါတယ်လို့ ဥပေဒမှာ ရေးထားတယ်။ ဦးအောင်ကြည် မလုပ်သင့်တဲ့လုပ်ရပ်ကို လုပ်လိုက်တာပဲ ” ဟု ရန်ကုန်အခြေစိုက် ကရင်နှစ်ခြင်း သင်းအုပ်ဆရာ တဦးက ပြောသည်။

မင်္ဂလာတောင်ညွန့် မြို့နယ်တွင် ဦးအောင်ကြည်နှင့်အပြိုင် ရွေးကောက်ပွဲဝင်မည့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း တဦးဖြစ်သူ ဒီမိုကရက် တစ်ပါတီ (မြန်မာ) ၏ ဥက္ကဋ္ဌ ဦးသုဝေ ကလည်း ဦးအောင်ကြည်၏လုပ်ရပ်သည် ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးချခြင်းဖြစ် သည်ဟု ဆိုသည်။

“ဒါ မဲရဖို့ ဘာသာရေးကို အလွဲသုံးစားလုပ်တာ” ဟု ဦးသုဝေက ပြောသည်။

တခြားသော နိုင်ငံရေးသမားတဦးကမူ ဘာသာရေးနှင့် နိုင်ငံရေး ပေါင်းစပ်ယှက်နွှယ်ခြင်းသည် အန္တရာယ်ကြီးသော လုပ်ရပ်တခုဖြစ်ပြီး နိုင်ငံရေးမတည်ငြိမ်မှုများ ဖြစ်လာနိုင်ကြောင်း သုံးသပ်သည်။
2
“ဒီလမ်းပေါ်မှာ လွန်ခဲ့တဲ့ နှစ်ခြောက်ဆယ်ကတည်းက ပြည်သူလူထုနဲ့ တသားတည်းရှိခဲ့တာ ဘယ်သူလဲ” ဆိုသည့် စာသားရေးထိုးထားသော ဦးအောင်ကြည်၏ မဲဆွယ်ဆိုင်းဘုတ် (ဓာတ်ပုံ - ဧရာဝတီ)


ကြံ့ဖွံ့ပါတီ၏ တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အရွေးချယ်ခံမည့် ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းသည်လည်း ဘာသာရေးကို အသုံးချကာ မဲဆွယ်ခြင်းများ ပြုလုပ်ခဲ့သည်။

တောင်ဥက္ကလာပ ၇ ရပ်ကွက်၊ သီရိဇေယျာလမ်းရှိ ဆောက်လုပ်မှု ရပ်ဆိုင်းခံထားရသော ဗလီကြီးကို အစ္စလမ် ဘာသာဝင်များထံမှ ဆန္ဒမဲများ ရရှိရေးအတွက် ဦးအောင်သိန်းလင်းက ပြန်လည်ဆောက်ခွင့်ပေးခဲ့ရာ ဗုဒ္ဓဘာသာဝင်များနှင့် မစ္စလမ် ဘာသာဝင်များ အကြား တင်းမာမှုများဖြစ်ပေါ်ခဲ့သည်။

နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းဥပဒေ အခန်း ၂၊ ပုဒ်မ ၆ (င) တွင် ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစား မပြုလုပ်ရဆိုသော စည်းကမ်းချက်ကို ထည့်သွင်းထားပြီး ရွေးကောက်ပွဲဥပဒေ အခန်း ၁၃၊ ပုဒ်မ ၅၈ (ဂ) တွင်
လူမျိုးရေး၊ ဘာသာရေးကို အကြောင်းပြ ဆန္ဒမဲပေးရန်၊ ဆန္ဒမဲမပေးရန်လည်းကောင်း ဟောပြော၊ ပြောဆို၊ ကြေညာချက် ထုတ်ပြန်ခြင်းနှင့် လှုံ့ဆော်ခြင်းများ ပြုလုပ်လျှင် တနှစ်ထက်မပိုသော ထောင်ဒဏ်၊ တသိန်းထက် မပိုသော ငွေဒဏ်နှင့် ဒဏ်နှစ်ရပ်စလုံး ချမှတ်နိုင်ကြောင်း တရားဝင်ပြဌာန်းထားသည်။

ဦးအောင်ကြည်သည် မင်္ဂလာတောင်ညွန့် မြို့နယ် နေရာအနှံ့အပြားတွင် ၎င်း၏ ဓာတ်ပုံများကို ပုံကြီးချဲ့ ထည့်သွင်း ရိုက်နှိပ်ထားသော ကြော်ငြာ ဆိုင်းဘုတ်မြောက်မြားစွာကို ချိတ်ဆွဲထားပြီး ရပ်ကွက်တိုင်းတွင် ဦးအောင်ကြည်၏ ကြော်ငြာ ဆိုင်းဘုတ်များ ရှိနေသည်ကို တွေ့ရသည်။

အလုပ်သမားဝန်ကြီးနှင့် ဆက်ဆံရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသော ဦးအောင်ကြည်သည် ဗိုလ်ချုပ်အောင်ကြည်၊ မင်းဗထူးဟူသော ကလောင်အမည်များဖြင့် စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှုဆိုင်ရာ စာအုပ် ၆ အုပ်ရေးသားထုတ်ဝေခဲ့ပြီး တူဒေးစာအုပ်တိုက်က ထုတ်ဝေသော CEO မဂ္ဂဇင်းတွင် စီမံခန့်ခွဲမှုဆိုင်ရာ ဆောင်းပါးများ ပုံမှန် ရေးသားနေသူဖြစ်သည်။

ဦးအောင်ကြည်သည် ကြံ့ဖွံ့ပါတီပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းများ ဖြစ်ကြသည့် တခြားသော စစ်အစိုးရ ၀န်ကြီးများနှင့်မတူဘဲ မဲဆွယ်လှုပ်ရှားမှုများ ပြုလုပ်ရာတွင် အွန်လိုင်း ဝက်ဘ်ဆိုက် တခုလွှင့်တင်ထားပြီး မဲဆွယ်ဝက်ဘ်ဆိုက် ကို ၎င်း၏ ကလောင်ခွဲတခု ဖြစ်သော မင်းဗထူး အမည်ဖြင့် လွှင့်တင်ထားကြောင်း သိရသည်။
3
မင်္ဂလာတောင်ညွန့်မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ကြံ့ဖွံ့ကိုယ်စားလှယ် ဦးအောင်ကြည်၏ မဲဆွယ်ဆိုင်းဘုတ်များကို ၎င်းမြို့နယ်အတွင် နေရာအနှံ့ စိုက်ထူထားသည် (ဓာတ်ပုံ- ဧရာဝတီ)
ဦးအောင်ကြည်၏ ဝက်ဘ်ဆိုက်မှာ www.minbahtoo.com ဖြစ်ပြီး အဆိုပါ ဝက်ဘ်ဆိုက်တွင် ဦးအောင်ကြည်၏ ကိုယ်ရေးအကျဉ်း၊ ခံယူချက်၊ ရေးသားပြီးစာအုပ်များ၊ လုပ်ဆောင်ချက် ဓာတ်ပုံများ၊ ဆက်သွယ်ရန် အီးမေးလ်လိပ်စာ အပါအဝင် ဦးအောင်ကြည်နှင့် ပတ်သက်သော အကြောင်းအရာများ အားလုံးကို ထည့်သွင်းဖော်ပြထားသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ကြံ့ဖွံ့ပါတီမှ ဦးအောင်ကြည်နှင့်အတူ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ဥက္ကဋ္ဌဦးသုဝေ၊ တစ်သီးပုဂ္ဂလ ဦးလှမျိုးမြင့်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီမှ ဦးခင်မောင်လွင်၊ အမျိုးသားဖွံ့ဖြိုး တိုးတက်ရေး ဒီမိုကရက်တစ်ပါတီမှ ဦးဇော်ဝင်း စုစုပေါင်း ၅ ဦး ၀င်ရောက် အရွေးချယ်ခံကြမည် ဖြစ်ကြောင်း သိရသည်။