Popular Posts

Thursday, November 19, 2009

ဒီမိုကရေစီစနစ်အား ဦးတည်သည့် အခြေခံဥပဒေသာလျှင် ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်


ဒီမိုကရေစီစနစ်အား ဦးတည်သည့် အခြေခံဥပဒေသာလျှင် ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်

 ညီညီချမ်း နိုဝင်ဘာ ၁၉ ၊၂၀၀၉။
နိုဝင်ဘာလ ၁၇ ရက်၊ ၂၀၀ ခုနှစ်

န အ ဖ စစ်အစိုးရ၏ လမ်းပြမြေပုံအရ ၂၀၁၀ ရွေးကောက်ပွဲ နီးလာသည်နှင့်အမျှ ရွေးကေက်ပွဲအား ထောက်ခံစေလိုသောရည်ရွယ်ချက်ဖြင့် “ အခြေခံ ဥပဒေဖြင့်သာ ဒီမိုကရေစီ ရနိုင်သည်” ဟူသော ကြေငြာစာတမ်းကိုစစ်အစိုးရပိုင်ကြေးမုံသတင်းစာတွင် ဝေေ၀ဆာဆာ ဖေါ်ပြထားပါသည်။


ထိုကြေငြာစာတမ်းကို ယနေ့ ကမ္ဘာကြီး၏ ပြောင်းလဲမှု ဖြစ်စဉ်နှင့် နှိုင်းယှဉ်အဖြေရှာ ကြည့်ရာ ဗုဒ္ဒမြတ်စွာဘုရား ဟောကြားတော်မူခဲ့သည့် အကြောင်းနှင့် အကျိုး နိယာမ သဘောတရားနှင့် ဆန့်ကျင် ခြားနား နေသည်ကို မြင်တွေ့ကြရမည် ဖြစ်သည်။ အကြောင်းကား လုပ်ဆောင် အကောင်အထည်ဖေါ်မှုဖြစ်ပြီး၊ အကျိုးကား ထိုလုပ်ဆောင် အကောင်အထည်ဖေါ်မှုနှင့် စပ်လျှဉ်းသည့် ဖြစ်ပေါ် ပြောင်းလဲမှု၏ ရလာဒ် ဖြစ်သည်။

ဒါ့အပြင် သဘာဝအလျှောက် ဖြစ်ပေါ် ပြောင်းလဲလေ့ရှိသည့် ရာသီဥတု ဖေါက်ပြန်မှု ဘေးအန္တရာယ်၊ ရောဂါအငတ်ဘေး ကဒ်ဆိုးများသည်လည်း ချို့ယွင်းချက်အရ ရှိနေတတ်ပါသည်။ သို့ရာတွင် များပြားသော သဘာဝဘေးအန္တရာယ် ကဒ်ဆိုး သည်လည်း လူတို့၏ ပြုမူခြင်းကြောင့် ဖြစ်ပေါ်ပြောင်းလဲ နေသည်ကိုလည်း မျက်ဝါးထင်ထင် မြင်တွေ့နေကြမှာပါ။

ဥပမာ --- စည်းမဲ့ကမ်းမဲ့ သစ်ပင်ခုတ်လှဲမှုကြောင့် တောပြုံး၍ ရာသီဥတု ဖေါက်ပြန်ပြီး မိုးသည်း ရေကြီးကာ သဘာဝ ဘေးအန္တရာယ်များ (natural disasters) ပျက်စီး လာစေသကဲ့သို့ လူတို့၏ လူမဆန်သည့် နိုင်ထက်စီးနင်းမှု ကြောင့် အပြစ်မဲ့ လူသားအချို့ တိမ်းရှောင်ထွက်ပြေးရကာ အစာရေစာ ငတ်ပြတ် မွဲတေနေရသော လူသားတို့ ဖန်တီး သည့် ဘေးကဒ်ဆိုးကြီး (man made disasters) ကိုလည်း ကမ္ဘာ့နေရာ အနှံ့အပြားတွင် ဖြစ်ပွားနေသည်မှာ လျှစ်လျှူရှုထား၍ မရသည့် အချက်ဖြစ်သည်။ ဤဖြစ်စဉ်ကို သုံးသပ်ကြည့်လျှင် လူသားတို့၏ အဆင်အခြင်မဲ့ လုပ်ရပ် ကြောင့်ဘဲ ဘေးဒုက္ခ ရောက်နေသည်မှာ မဟုတ်ပါလား။

ဟုတ်ပါပြီ ဒါဆိုရင် န အ ဖ ကြွေးကြော် ၀ါဒဖြန့်နေသည့် အခြေခံ ဥပဒေဖြင့်သာ ဒီမိုကရေစီ ရနိုင်သည် ဆိုသော စာတမ်းကို လေ့လာသုံးသပ်ရန် လိုလာသည်။ ထိုကြွေးကြော်သံကို အဖြေရှာကြည့်သည့်အခါ- ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးဆိုပြီး ပုဒ်မ ၄၀၇ အရ နိုင်ငံရေး ပါတီများ၏ လွတ်လပ်စွာ စည်းရုံး လှုပ်ရှားခွင့်ကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ နိုင်ငံရေးပါတီများ ခေါင်းစဉ်တွင် ကန့်သတ် ပိတ်ပင်ထားသည်ကို တွေ့ရှိရမည် ဖြစ်သည်။ ထို့အပြင် အခန်း ၁၁ ပါ အရေးပေါ်ကာလ ဆိုင်ရာ ပြဌာန်းချက်များ ပုဒ်မ ၄၁၃ အရ ကာကွယ်ရေး ဦးစီးချုပ်မှ နိုင်ငံသားများအပေါ် မည်သို့မည်ပုံ အရေးယူနိုင်သည့် လုပ်ပိုင်ခွင့် အာဏာများ လည်း ပါရှိနေသေးသည်။

စဉ်စစ်တွင်မူ ဖွဲ့စည်းအုပ်ချုပ်ပုံ၏ ဆိုလိုရင်းအဓိပ္ပါယ်မှာ နိုင်ငံသားတို့၏ လုံခြုံ လွတ်လပ်ခွင့်ကို အာမခံအကာအကွယ်ပေးရမည့် အပြင် အုပ်ချုပ်သူ အစိုးရအား အုပ်ချုပ် ပိုင်ခွင့်ကို အကန့်အသတ် အတိုင်းအတာနှင့် ဘောင်ခတ်ထားသည့် အုပ်ချုပ်သူ အစိုးရနှင့် နိုင်ငံသားများ အကြား သဘောတူညီချက် ရယူထားသည့် စာချုပ်ပင်ဖြစ်သည်။ အထက်စာပိုဒ်ပါ တွေ့ရှိချက်အရ ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံသည် အုပ်ချုပ်သူ အစိုးရမှ လုပ်ပိုင် ခွင့် အခွင့်အရေးများ ရယူထားကာ နိုင်ငံသား ပြည်သူလူထုကို ဘောင်ခတ် ထားသည်မှာ အထင်အရှားသည်။ ဤအချင်းအရာ သည် ဖွဲ့စည်းပုံ၏ မူရင်း အဓိပ္ပါယ်နှင့် ဆန့်ကျင်နေပါသည်။

ဖွဲ့စည်းပုံပါ - ပုဒ်မ ၄၁၈ (က) (ခ) နှင့် ၄၁၉ တို့အရ တပ်မတော် ကာကွယ်ရေး ဦးချုပ်အား အုပ်ချုပ်ရေး အာဏာ (Executive Power)၊ ဥပဒေပြုရေး အာဏာ (Legislative Power) နှင့် တရားစီရင်ရေးအာဏာ(JudicialPower) တို့ကို ကျင့်သုံးဆောင်ရွက်ခွင့် ပေးထားသည်။ ဒီမိုကရေစီ နိုင်ငံတွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာအလုံးစုံကို မည်သူတဦး တယောက်အား ပေးအပ်ထားခြင်း မရှိပေ။ အာဏာအလွန်အကျွံ မသုံးစွဲနိုင်ရန် စောင့်ကြည့် ထိန်းညှိ (Check and Balance) လုပ်ထားသည်။ န အ ဖ ဖွဲ့စည်းပုံတွင် စစ်တပ် (သို့မဟုတ်) ကာကွယ်ရေး ဦးစီးချုပ်အား အာဏာ (၃) ရပ်စလုံး ပေးထားသည်မှာ ဒီမိုကရေစီစနစ်နှင့် သွေဖီနေကြောင်း ထောက်ပြ လိုခြင်း ဖြစ်သည်။ တနည်းအားဖြင့် နိုင်ငံသားများကို မျက်လှည့်ထားပြီး စစ်အာဏာရှင် အုပ်ချုပ်ရေးစနစ်ကို အသက်သွင်းထားခြင်း ဖြစ်ပေသည်။

“ နိုင်ငံတော်၏ အမျိုးသားဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်နိုင် ရေး” ဆိုသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၆) အယူအဆသည် - ပုဒ်မ (၇) “နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ကျင့်သုံးသည် ” ဟူသော အဆိုကို အတိအလင်း ဆန့်ကျင်နေသည်။ အဘယ်ကြောင့်ဆိုသော် ဒီမိုကရေစီ စနစ်ကို ကျင့်သုံးသော မည်သည့်နိုင်ငံတွင်မဆို တပ်မတော်အား အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခွင့်အရေး ပေးထားသည်ကို မတွေ့ရပေ။ သို့ဖြစ်၍ စစ်တပ်အား နိုင်ငံတော်၏ အမျိုးသားဦးဆောင်မှုကို ဖွဲ့စည်းပုံ ဥပဒေတွင် ပေးထားသည်မှာ ဒီမိုကရေစီလမ်း စဉ်ကို ဦးတည်နေခြင်း မဟုတ်ကြောင်း အထင်အရှား ပြနေပါပြီ။ ဤအယူအဆသည် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ လို့ ကြွေးကြောနေသည့် န အ ဖ သည် ဒီမိုကရေစီကျင့်စဉ် စည်းကမ်းကို ဦးစွာ ချိုးဖေါက်လိုက်ပြီဟု ဆိုရမည်ပင်။

ဒါ့အပြင် န အ ဖ စစ်ခေါင်းဆောင်များ မကြာခဏ ပြောလေ့ရှိသည့် ဒီမိုကရေ စီစနစ် တည်ထောင်ရာတွင် နေ့ချင်း ညချင်း မဖြစ်နိုင်ကြောင်းလည်း ရှိသေးသည်။ ဒီမိုကရေစီသို့ တဖြည်းဖြည်း ချီတက်ရမည်၊ အချိန်ယူပြင်ဆင်ရမည်ဟု ၎င်းတို့ ဆိုလိုခြင်း ဖြစ်သည်။ ဒါဆိုရင် ဒီမိုကရေစီစနစ်၏ အခြေခံဖြစ်သော လွတ်လပ်စွာ စည်းရုံးလှုပ်ရှားခွင့်၊ လွတ်လပ် စွာ ထုတ်ဖေါ်ပြောဆိုခွင့် ရှိစေရန် နိုင်ငံရေးပါတီ အားလည်းကောင်း၊ တဦးချင်းဆီအားလည်းကောင်း အယူချိန်ယူ ပြုစု ပျိုးထောင် ပေးရမည် မဟုတ်ပါလော။ သို့သော် လက်တွေ့တွင် နိုင်ငံရေး ပါတီများ လှုပ်ရှားမှု မရှိစေရန် ၈၈ မျိုးဆက် ကျောင်းသားများ၊ တိုင်းရင်းသား အင်အားစုများနှင့် NLD ကဲ့သို့သော နိုင်ငံရေးပါတီများ၏ ခေါင်းဆောင်များနှင့် အရေး ပါသော ပုဂ္ဂိုလ်များအား ဖမ်းဆီးချုပ်နှောင်ထားခြင်းသည် န အ ဖ မှ ဒီမိုကရေစီသို့ ဦးတည်သွားမည့် အချိန်ယူ ပြင်ဆင် ခြင်းမှု မရှိကြောင်းကို အခိုင်အမာ ပြနေပေသည်။

ခြုံငုံသုံးသပ် ကြည့်မည်ဆိုလျှင် စစ်အစိုးရ၏ နိုင်ငံရေး ဦးတည်ချက်သည် လည်းကောင်၊ ကာကွယ်ရေး ဦးစီးချုပ်အား အဏာ အလွန်အကျွံပေး ပေးထား သည်ကိုလည်းကောင်း၊ နိုင်ငံရေးပါတီများနှင့် တက်ကြွလှုပ်ရှားသူများ၏ လွတ်လပ် စွာ ထုတ်ဖေါ်ပြောဆို စည်းရုံးခွင့်အားလုံး ပိတ်ပင်ထားသည်မှာ ဒီမိုကရေစီစနစ်ပေါ်ထွန်းရန် အကောင်အထည်ဖေါ်နေ ခြင်း မဟုတ်ကြောင်းနှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည်လည်း ဒီမိုကရေစီကို ဦးတည်နေသည့် ဘောင်လမ်းကြောင်း မဟုတ်ကြောင်း တွေ့ရသည်။

ဒီမိုကရေစီနိုင်ငံတွင် စစ်တပ်မှ နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍ မည်မျှ လျှော့ထားသည်ကို မီးမောင်းထိုးပြရမည် ဆိုလျှင် အမေရိကန် နိုင်ငံတွင် စစ်တပ်ကို အာဏာသိမ်းရန် စမ်းသတ်ခဲ့ပါသေးသည်ဟု စာရေးသူ၏ ရင်းနှီးသော မိတ်ဆွေတဦးမှ ပြောပြချက်အရ သိရသည်။ သို့သော် အရပ်သားပြည်သူ အုပ်ချုပ်သည့် စနစ်ကို အမေရိကန် စစ်တပ်က လေးစားလိုက်နာ၍ စစ်အာဏာ မသိမ်းခဲ့ပေ။ ထိုင်းနိုင်ငံတွင် ၀န်ကြီးချုပ်ဟောင်း တက်ဆင်၏ အာဏာ အလွဲသုံးစား ချယ်လှယ်မှု၊ အကတိလိုက်စားမှု၊ ဥပဒေ ချိုးဖေါက်မှုတို့ကို အဆုံးသတ်ရန် ၂၀၀၆ နှစ်တွင် ထိုင်းစစ်တပ်မှ အာဏာသိမ်း ခဲ့သည်ကိုပင် နိုင်ငံတကာမှ အထောက်အပံ့များ ရုပ်သိမ်းခြင်းနှင့် ရှုတ်ချမှုများကို ချက်ချင်း ဆိုသလို အလူးအလဲ ခံလိုက် ရသည်။

အချုပ်ဆိုရသော် န အ ဖ ရေးဆွဲ အတည်ပြုထားသည့် နာဂစ်ဖွဲ့စည်းပုံကို နားလည်လွယ်အောင် ပြောရမည်ဆိုလျှင် “နွားမွေးရင် ကျွဲမဖြစ်၊ အရှေ့ဘက် သွားရင် အနောက်အရပ် မရောက်” သကဲ့သို့ပင် စစ်အာဏာရှင်စနစ်ကို ဦးတည်နေသည့် ဖွဲ့စည်းပုံသည် အဘယ်ကဲ့သို့ ဒီမိုကရေစီ ရနိုင်မည်နည်း။ ဒီမိုကရေစီစနစ်ကို တည်ဆောက်မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ အဖြစ်သို့ သက်ဆိုင်သူအားလုံး ပါဝင် ပြန်လည်ပြင်ဆင် ဖြည့်စွက်မှသာလျှင် ဒီမိုကရေစီနိုင်ငံ တည်ဆောက် နိုင်မည် ဖြစ်ကြောင်း တင်ပြလိုက်ရပေသည်။

ညီညီချမ်း

http://www.kaowao.org/b/art09-nov19.php

“စစ်အစိုးရ အဘိဓာန်မှာ လုံးဝမပါသည့်စကားလုံးနှင့် အမြင်သွေလွဲခြင်း”



“စစ်အစိုးရ အဘိဓာန်မှာ လုံးဝမပါသည့်စကားလုံးနှင့် အမြင်သွေလွဲခြင်း”  

Wednesday, November 18, 2009
စိုးနေလင်း




မြန်မာနိုင်ငံအကြောင်း စဉ်းစားလိုက်တိုင်း ကိုယ်ကိုယ်တိုင် အပါအ၀င်ဖြစ်တဲ့ ပြည်သူလူထုကြီးတရပ်လုံးဟာ တခြားဒီ ထက်ပိုပြီး အခြေအနေဆိုးဝါးတဲ့ နိုင်ငံအနည်းအကျဉ်းက လွဲရင် အတော်ကြီး ကံအကြောင်းမလှခဲ့ဖြစ်ခဲ့ရ၊ ဖြစ်နေရ တယ်လို့ ပြောရမှာပါပဲ။ လွတ်လပ်ရေးဆိုတဲ့အရသာကို အ မြည်းသဘောလောက်ပဲ ခံစားခွင့်ရခဲ့ကြသူတွေ ဖြစ်ခဲ့ကြ ပါတယ်။ တကယ်တန်းပြောရရင် မြန်မာနိုင်ငံရဲ့ အင်အာ အများဆုံးလူတန်းစားဖြစ်တဲ့ လယ်သမားနဲ့ အလုပ်သမား လူတန်းစား ဆင်းရဲသားကျောမွဲ ပြည်သူလူထုအများစုဟာ ဘယ်တုံးကမှ လွတ်လပ်ရေးအရသာကို မခံစားကြရသေး ပါဘူး။ နယ်ချဲ့အင်္ဂလိပ် ဖက်ဆစ်ဂျပန် နယ်ချဲ့အင်္ဂလိပ် အုပ်စိုးမင်းမူမှုတွေက လွတ်မြောက်ပြီး ဒီမိုကရေစီအ ညှောက်ကလေး ထွက်ပေါက်လာကာစမှာပဲ စစ်အာဏာရှင်တွေရဲ့ ကျေးကျွန်ပြန်ဖြစ်ခဲ့ကြရတာပါ။ စကားလုံးရွေးချယ်သုံးနှုန်းရရင် တော့ အမျိုးသား စစ်လက်ဝါးကြီးအုပ် အရင်းရှင်စနစ်အောက်မှာ ကျွန်သဘောက်တွေ ဖြစ်ခဲ့ကြရတာပါ။ ခုချိန်မထိလည်း စစ်အာဏာ ရှင်စနစ်အောက်က ကျေးကျွန်တွေဖြစ်နေဆဲပါပဲ။ နှစ်နဲ့တွက်ချက်ရရင်တော့ ဗိုလ်နေ၀င်းရဲ့ အိမ်စောင့်အစိုးရသက်တမ်းကိုပါ ထည့်ပြီး ရေတွက်မယ်ဆိုရင် ရာစုနှစ်ဝက် အနှစ် ၅၀ ပြည့်လုလု ဖြစ်နေပါပြီ။

စစ်အာဏာရှင်စနစ်ကတော့ သူ့ရဲ့စရိုက်သဘာဝအတိုင်း ပြည်သူလူထုကိုဖိနှိပ်မယ်၊ ညှင်းပမ်းနှိပ်စက်မယ်၊ ပြည်သူလူထုတွေပိုင်ဆိုင် တဲ့ တိုင်းပြည်ရဲ့သဘာဝ သယံဇာတပစ္စည်းတွေကို ကိုယ်ကျိုးစီးပွားအဖြစ် သုံးစွဲမယ် ရယူစုဆောင်းမယ်။ သူတို့ရဲ့ အာဏာနဲ့ကိုယ် ကျိုးစီးပွားကို ထိပါးလာမယ်ဆိုရင် ဘယ်သူကိုမဆိုခြေမှုန်းနှိမ်နှင်းမယ်၊ လိုအပ်ရင် သတ်ဖြတ်အပြတ်ရှင်းပစ်မယ်။ အဲဒီသဘာဝဟာ ခု ထိလည်း မပြောင်းမလဲ ဒီအတိုင်းပါပဲ။ ပြည်သူလူထုကြီးတရပ်လုံးဟာလည်း ဆင်းရဲတွင်း ငရဲတွင်းထဲမှာ နစ်မွန်းနေဆဲပါပဲ။ ကမ္ဘာကြီး တခုလုံးရဲ့ ဖွံဖြိုးတိုးတက်လာတဲ့ သိပ္ပံနဲ့နည်းပညာ ဆက်သွယ်ရေးနည်းပညာတွေရဲ့ ဝေစုရှယ်ယာအရ အနည်းအကျဉ်းပြောင်းလဲတိုး တက်လာတာမျိုးကလွဲရင် နှိင်းယှဉ်မှုအရ အိမ်နီးချင်းနိုင်ငံ အများစုအပါအ၀င် တခြားကမ္ဘာ့နိုင်ငံတွေနဲ့ ဘာမှမဆိုင်အောင် အောက် တန်းကျနေဆဲဖြစ်ပါတယ်။ တရားခံကိုတခြားရှည်ရှည်ဝေးဝေး ရှာနေစရာမလိုဘူးဆိုတာကိုသာမန်အသိတရား အဆင့်ရှိကြသူတိုင်း နားလည်သဘောပေါက်ပြီး ဖြစ်ကြပါလိမ့်မယ်။ တိုင်းပြည်နဲ့ပြည်သူလူထုကြီးတရပ်လုံး ဆင်းရဲမွဲပြာ အဖက်ဖက်က ချွတ်ခြုံကျနေတဲ့ အ ခြေအနေကနေ လွတ်မြေက်ဖို့ဆိုရင် ကျနော်တို့တိုင်းပြည်မှာ စိုးမိုးအုပ်ချုပ်နေဆဲဖြစ်တဲ့ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားရှင်းလင်းပစ်မှ သာ ဖြစ်နိုင်မယ်ဆိုတာကို သူ့ရဲ့လုပ်ရပ်တွေကပြသခဲ့ ပြသနေဆဲဖြစ်ပါတယ်။

စစ်အစိုးရက အမေရိကန်နိုင်ငံသား ဂျွန်ယက်တော ရဲ့ လုပ်ရပ်ကိုအကြောင်းပြုပြီး ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၀ ခုနှစ်ရွေး ကောက်ပွဲလွန်ကာလအထိ အကျဉ်းချထားရေးကြိုးပမ်းအားထုတ်မှု နောက်ပိုင်းကစပြီး လိပ်ခဲတင်းတင်း ရှေ့တိုးမရဖြစ်နေတဲ့ နိုင်ငံရေး အခြေအနေဟာ မြန်မာနိုင်ငံအပါအ၀င် အရှေ့အာရှ နိုင်ငံတွေအပေါ်ထားရှိတဲ့ အမေရိကန်နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒ အပြောင်းအလဲ ကြောင့် နည်းနည်းစပြီးလှုပ်လာတာကို သတိပြုမိကြမယ်ထင်ပါတယ်။ လူထုဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ် တိုင်က မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေ ရုတ်သိမ်းပေးရေးမှာ ကိုယ်တိုင်ပါဝင်ဆောင်ရွက်ဖို့ တောင်းဆိုခဲ့ပြီးတဲ့ နောက်မှာ စစ်အစိုးရက သူမရဲ့တောင်းဆိုမှုတချို့ကို လိုက်လျှောခွင့်ပြုခဲ့လို့ စစ်အစိုးရ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ကြား ဆက်ဆံရေးဟာ အေးခဲနေရာကစပြီး အရည်ပျော်စပြုလာပုံရတယ်လို့ အကဲခတ်လာကြတာ ကိုလည်း သတိပြုမိကြပြီးဖြစ်ပါလိမ့်မယ်။

ကျနော်တို့သတိထားရမှာကတော့ ဘယ်သူတွေဘာပြောပြော အပြောထက် အလုပ်ကိုကြည့်တတ်ဖို့ပါပဲ။ အမေရိကန်အစိုးရက မြန်မာ နိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုလုပ်တဲ့နည်းဟာ အလုပ်မဖြစ်ဘူးလို့ ယုံကြည်တဲ့အတွက် ပြန်လည်သုံးသပ်ပြောင်းလဲခဲ့တယ်လို့ ဆိုပါ တယ်။ ဒါပေမယ့် မြန်မာနိင်ငံအစိုးရက ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် ဘာမှတိုးတက်အောင်လုပ်မပြပဲ အရေးယူပိတ်ဆို့ မှုတွေကို ရုတ်သိမ်းမပေးနိုင်သေးဘူး။ ဒေါ်အောင်ဆန်းစုကြည် နဲ့နိုင်ငံရေးအကျဉ်းသားတွေ အားလုံးလွှတ်ပေးဖို့၊ တွေ့ဆုံဆွေးနွေးဖို့၊ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှာ အားလုံးပါဝင်ဆောင်ရွက်ခွင့်ရရှိအောင် အခြေအနေကောင်းတွေ ဖန်တည်းပေးဖို့တွေကိုတောင်းဆိုထား ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တခြားပါတီတွေနဲ့ တွေ့ဆုံပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွှေဂုံတိုင်ကြေငြာချက်မှာ တောင်းဆိုထားတဲ့အချက်တွေအတိုင်း တွေ့ဆုံဆွေးနွေးရေး၊ ၂၀၀၈ ဖွဲ့စည်း ပုံ အခြေခံဥပဒေကို ပြန်လည်သုံးသပ်ပြင်ဆင်ရေး၊ ၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို တနည်းနည်းနဲ့ အသိအမှတ်ပြုရေး၊ ဒေါ်အောင် ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးကို အမြန်ဆုံးလွှတ်ပေးရေး၊ တပြည်လုံးမှာ အပိတ်ခံထားရဆဲဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွေကို ပြန်လည်ဖွင့်လှစ်ဖို့ ခွင့်ပြုဖို့ဆက်လက်တောင်းဆိုနေပါတယ်။ နောက်ဆုံးအမေရိကန်အစိုးရရဲ့ ကိုယ်စ လှယ်တွေကိုလည်း အဲဒီတောင်းဆိုချက်တွေ ရရှိရေးအတွက်ပဲ အဓိကထားဆွေးနွေးခဲ့ပါတယ်။

စစ်အစိုးရကထုံးစံအတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တောင်းဆိုချက်တွေနဲ့ပတ်သက်ပြီး ဘာတခုမှတုန့်ပြန်ပြောကြားမလုပ်ခဲ့ပါ ဘူး၊ မသိချင်ယောင်အဖက်မတန်သယောင် လုပ်ထားခဲ့ပါတယ်။ အမေရိကန်အစိုးရကိုတော့ နိုင်ငံရေးအကျဉ်းသားအနည်းစုလေးနဲ့ တ ခြားရာဇ၀တ်အကျဉ်းသားအများစုကြီးကို လွှတ်ပြပြီးသူတို့ရဲ့ နည်းဟောင်းကြီးဖြစ်တဲ့ ဖမ်းလွှတ်ဖမ်းကစားနည်းကို ကစားပြလိုက်ပါ တယ်။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် တခြားအရေးပါတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ လှုပ်ရှားသူတွေကိုလွှတ်မပေးဘဲ ဆက် လက်ထိမ်းသိမ်းထားဆဲ ဖြစ်ပါတယ်။ သူတို့အာဏာတည်မြဲရေးကို ထိပါးမလာနိုင်လောက်သေးတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တချို့ တောင်းဆိုချက်တွေကို လိုက်လျှောခွင့်ပြုပေးခဲ့ပါတယ်။ တခြားဘာတောင်းဆိုချက်ကိုမှ ခုချိန်ထိ လိုက်လျှောခွင့်ပြုတာမရှိခဲ့သေးပါ ဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တက်ကြွလှုပ်ရှားသူ လူကြီးလူငယ်တွေ တခြားဒီမိုကရေစီရေးလှုပ်ရှားသူတွေ၊ ရဟန်းသံဃာတွေ ကို မျက်ခြေမပြတ်စောင့်ကြည့်ပြီး နည်းနည်းမသင်ကာတာနဲ့ ဖမ်းဆီးစစ်ဆေး အရေးယူအပြစ်ပေးမှုတွေကို ဆက်တိုက်ပြုလုပ်နေပါ တယ်။ သူတို့မွေးမြူထားတဲ့ လူထုသစ္စာဖောက်တွေကို လူထုအုံကြွမှုခြေမှုန်းတိုက်ဖျက်ရေးသင်တန်းတွေ လက်သိပ်ထိုး ပေးလာတာ မျိုးတွေတွေ့လာရပါတယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ရှေ့ရှုတဲ့ ခြေခြေမြစ်မြစ် လမ်းဖွင့်ပြုပြင်ပြောင်းလဲပေးတာမျိုးတွေကိုလုံး ၀မတွေ့ရသေးပါဘူး။ ဒါဟာလောလောဆယ် အမေရိကန်နဲ့နိုင်ငံတကာက ဖိအားပေးတောင်းဆိုနေတာတွေ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကတောင်းဆို လုပ်ဆောင်နေတာတွေနဲ့ စစ်အစိုးရရဲ့အပြော၊ အပြ၊ အလုပ်တွေပဲဖြစ်ပါတယ်။

အဲဒီအခြေအနေမှာ အမေရိကန် ကုလသမဂ္ဂနဲ့ နိုင်ငံတကာကတောင်းဆိုနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားလုံး လွှတ်ပေးရေးနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောင်းဆိုနေတဲ့ ရွှေဂုံတိုင်ကြေငြာချက်ပါတောင်းဆိုချက်တွေကို စစ်အစိုးရက လိုက် လျှောခွင့်ပြုလာနိုင်ခြေ ရှိပါသလား။ စစ်အစိုးရဖက်က အခြေအနေအ၀န်းအ၀ိုင်းအားလုံးကို အသာစီးအခြေအနေနဲ့ စီးနင်းပြီး ဒေါ် အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို လှုပ်လို့မရအောင်လုပ်၊ နိုင်ငံတကာကိုလည်း ၂၀၁၀ ရွေးကောက်ပွဲမှာ လွတ် လပ်တရားမျှတအောင် ဘယ်လိုစီစဉ်ဆောင်ရွက်ထားပါတယ်လို့ ဟန်ပြသဘောလုပ်ထားတွေနဲ့ လှည့်စားအယုံသွင်းပြီးတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လွှတ်ပေးလိုက်နိုင်တယ်လို့ပဲထား။ မြန်မာနိုင်ငံ ပြည်သူလူထုကြီးတ ရပ်လုံး လိုလားတောင့်တနေတဲ့ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာအာမခံတဲ့ ဒီမိုကရေစီနိုင်ငံတခု တည်ဆောက်နိုင်ဖို့ကို တ ကယ်တန်းလိုက်လျှောခွင့်ပြုနိုင်ခြေ ရှိပါ့မလား။

အဲဒီစဉ်းစားချက်တွေကို ကြောင်းကျိုးယုတ္တိရှိရှိ ချဉ်းကပ်စဉ်းစားသုံးသပ်မယ်ဆိုရင်တော့ ဖြစ်နိုင်ခြေအလွန့်အလွန်နည်းပါးတယ်လို့ ယူ ဆရပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံတွေ့ကြုံရင်ဆိုင်နေရတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကျပ်အတည်းတွေအားလုံးဟာ လုံးဝ အောင်အောင်မြင်မြင် ဖြတ်သန်းကျော်လွှားလို့မရနိုင်စရာ မရှိပါဘူး။ အားလုံးကိုအောင်အောင်မြင်မြင် ဖြတ်သန်းကျော်လွှားနိုင်ပါတယ်။

အဲဒီအတွက် အရေးအကြီးဆုံးလိုအပ်ချက်ကတော့ စစ်အစိုးရရဲ့ တိုင်းပြည်နဲ့ပြည်သူလူထုအပေါ်ထားတဲ့ စေတနာပါပဲ။ အဲဒီ စေတနာ သာ စစ်အစိုးရမှာတကယ်တန်းရှိခဲ့ရင် ဘယ်ကုလသမဂ္ဂ ရဲ့အထူးကိုယ်စလှယ် ဘယ်နိုင်ငံရဲ့ကိုယ်စလှယ်တွေမှ ကြားဝင်ဆွေးနွေး ပေးစရာ၊ ကိုယ့်ဘာသာစကားနဲ့ကိုယ် လွတ်လွတ်လပ်လပ် တိုက်ရိုက်တွေ့ဆုံပြောဆိုလို့ရရဲ့နဲ့ ဆက်ဆံရေးဝန်ကြီးဆိုတဲ့ ဘာလုပ်ပိုင် ခွင့်မှမရှိတဲ့ ၀န်ကြီးတယောက်ကိုလည်း ရုပ်ပြခန့်ထားဖို့မလိုပါဘူး။ ကျနော်တို့ တိုင်းပြည်ကို ဖွံဖြိုးတိုးတက်တဲ့ဒီမိုကရေစီ နိုင်ငံတခု အဖြစ် အချိန်မရွေးပြောင်းလဲသွားအောင် လုပ်လို့ရပါတယ်။ ဒါပေမယ့် အဲဒီအဓိက အရေးအကြီးဆုံးလိုအပ်ချက်ဖြစ်တဲ့ “တိုင်းပြည်နဲ့ ပြည်သူလူထုအပေါ်ထားတဲ့ စေတနာ” ဆိုတာ စစ်အစိုးရဆီမှာ စကတည်းကိုက လုံးဝမရှိခဲ့တဲ့အရာတခု ဖြစ်ပါတယ်။ ဒါကိုကြောင်း ကျိုးမဲ့ အခြေအမြစ်မဲ့ ပြောနေတာမဟုတ်ပါဘူး။ စစ်အစိုးရအဆက်ဆက် လုပ်ခဲ့တဲ့လုပ်ရပ်တွေဟာ စာမျက်နှာအထပ်ထပ်ပေါ်မှာ အ ထင်အရှားမြင်သာထင်ရှား ရှိနေခဲ့ပြီးဖြစ်ပါတယ်။ အထူးသက်သေပြနေစရာ မလိုအောင်ကိုအခိုင်အမာရှိနေပါတယ်။

မရှိတဲ့အရာတခုကိုတောင်းနေရင် ရဖို့မျှော်လင့်နေတယ်ဆိုရင် မှန်၏ မမှန်၏ ဖြစ်သင့်၏ မဖြစ်သင့်၏ ဆိုတာကတော့ ကလေးတ ယောက်ကိုမေးခွန်းထုတ်ရင်တောင် အလွယ်တကူအဖြေပေးနိုင်ပါလိမ့်မယ်။

စစ်အစိုးရကတော့ သူ့မှာရှိတဲ့ ဥာဏ်နီ ဥာဏ်နက်မျိုးစုံ ကောက်ကျစ်စဉ်းလဲမှု ကလိန်ကညစ်ကျမှု ယုတ်မာရိုင်းစိုင်းမှု ရက်စက်မှုတွေ အားလုံးကို အရှက်မဲ့ အသုံးချပြီး နိုင်ငံတကာကို အယုံသွင်းမျက်လှည့်ပြနေအုံးမှာဖြစ်သလို မြန်မာနိုင်ငံက ပြည်သူလူထုကိုလည်း လူ သားတွေအဖြစ်သဘောမထားပဲ ဆက်ပြီးဖိနှိပ်ညှင်းပမ်း ကျွန်ပြုအုပ်ချုပ်သွားဖို့ ကြိုးစားနေအုံးမှာပဲဖြစ်ပါတယ်။

ကျနော်တို့က ကျနော်တို့ပြည်သူလူထုကြီးရဲ့ လိုလားတောင့်တမှုကို ရယူပေးဖို့ကိုပဲ အလေးဂရုပြုကြရပါလိမ့်မယ်။ မဝေးတော့တဲ့အ ချိန်မှာ အဓမ္မစစ်ဝါဒီတွေကို ကျနော်တို့ ခြေမှုန်းအနိုင်ယူနိုင်တော့မှာပါ။

ဒေးဗစ်နဲ့ ဂေါလိယက် ကို ပြန်အမှတ်ရကြည့်လိုက်ပါ။ ။




စိုးနေလင်း

http://www.naytthit.com/articals/nov09/snl-nov18.html

အမေရိကန်အစိုးရပိုင်းက ပြောနေတဲ့ “ဒီမိုကရေစီရေး ရှေ့ရှုတဲ့ စစ်မှန်သောတိုးတက်မှု” ဆိုတာ ဘာတွေလဲ

အမေရိကန်အစိုးရပိုင်းက ပြောနေတဲ့ “ဒီမိုကရေစီရေး ရှေ့ရှုတဲ့ စစ်မှန်သောတိုးတက်မှု” ဆိုတာ ဘာတွေလဲ


ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေနဲ့ နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့တဲ့ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေရော၊ တချို့နိုင်ငံတွေရဲ့ အပြုသဘော ဆက်ဆံရေးတွေကြောင့်ပါ မြန်မာပြည်သူတွေရဲ့ဘ၀ တိုးတက်အောင် မလုပ်နိုင်ခဲ့ပါဘူး။

ဒါကြောင့် ကျနော်တို့ဟာ မြန်မာနိုင်ငံခေါင်းဆောင်တွေနဲ့ တိုက်ရိုက်ဆက်ဆံနေပါတယ်။ ဒီမိုကရေစီရေးရှေ့ရှုတဲ့ စစ်မှန်သော တိုးတက်မှု မရှိသေးသမျှ အရေးယူပိတ်ဆို့မှုတွေ ဆက်လက်လုပ်နေဦးမှာပဲလို့ ရှင်းရှင်းလင်းလင်း သတိပေးထားပါတယ်။


US policy on Myanmarကျနော်တို့ဟာ ညီညွတ်သော၊ ငြိမ်းချမ်းသော၊ ချမ်းသာကြွဝသော၊ ဒီမိုကရေစီထွန်းကားတဲ့ မြန်မာနိုင်ငံ ဖြစ်လာရေးကို ထောက်ပံ့အားပေးပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဒီလမ်းကြောင်းကို ဦးတည်လာခဲ့ရင် အမရိကန်ပြည်ထောင်စုနဲ့ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေး ဖြစ်ထွန်းလာနိုင်ပါတယ်။ (အိုဘားမား၏ အာရှ ၄ နိုင်ငံခရီးစဉ် ဂျပန်နိုင်ငံတွင် ပြောကြားချက်)

အမေရိကန် အစိုးရပိုင်းက ပြောနေတဲ့ “ဒီမိုကရေစီရေး ရှေ့ရှုတဲ့ စစ်မှန်သော တိုးတက်မှု” ဆိုတာ ဘာတွေလဲ။

“ဒီမိုကရေစီရေး ရှေ့ရှုတဲ့ စစ်မှန်သောတိုးတက်မှု” များကို အောက်ပါအချက်များဖြင့် သတ်မှတ်တိုင်းတာနိုင်ပါသလော။

(က) ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) သည် စတင် အာဏာတည်ခြင်း မရှိသေးသောကြောင့် ပြန်လည်သုံးသပ်နိုင်ရေးအတွက် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက မိမိတို့ကိုယ်တိုင် ပြဌာန်းထားသည့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ ထုတ်ပြန်ထားသည့် ကြေညာချက်များနှင့်အညီ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်သည့်အနေဖြင့် ပြည်သူ့လွှတ်တော်ကို အမြန်ဆုံး ခေါ်ယူဖွဲ့စည်းပေးရန်၊

(ခ) မိမိနိုင်ငံတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးရရှိရန် အစဉ်တစိုက် ကြိုးပမ်းအားထုတ်မှုကြောင့် နေအိမ်များတွင် ထိန်းသိမ်းခြင်းခံနေကြရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးတင်ဦးနှင့် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့အား နိုင်ငံတော်၏ လိုအပ်ချက်အရ ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန်၊

(ဂ) တိုင်းရင်းသားလူမျိုးစုများ မပါဝင်ဘဲ စစ်မှန်သော ဒီမိုကရေစီပြည်ထောင်စု မြန်မာနိုင်ငံတော်ကို တည်ဆောက်နိုင်မည်မဟုတ်သောကြောင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ခွန်ထွန်းဦး၊ အတွင်းရေးမှူး စိုင်းညွန့်လွင်နှင့် အခြားတိုင်းရင်းသားခေါင်းဆောင်များအား နှစ်ရှည်လများ ပြစ်ဒဏ်ကျခံနေရခြင်းမ ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန်၊ 

(ဃ) မိမိတို့၏ နိုင်ငံရေးယုံကြည်ချက်ကြောင့် ဖမ်းဆီးထိန်းသိမ်းထားခြင်း၊ ပြစ်ဒဏ်ချမှတ်ခြင်းများ ခံနေကြရသော ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ဒီမိုကရေစီအင်အားစုများ စသည့် နိုင်ငံရေးအကျဉ်းသား အားလုံးတို့ကို ကန့်သတ်ချက်များမရှိဘဲ ခြွင်းချက် မရှိ အမြန်ဆုံး လွှတ်ပေးရန်၊

(င) မိမိတို့၏ နိုင်ငံရေးယုံကြည်ချက်ကြောင့် ပြစ်ဒဏ်ကျခြင်းခံနေကြရသော မင်းကိုနိုင်၊ ကိုကိုကြီး စသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန်၊

(စ) နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ တရားဝင် ရပ်တည်နေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အဆင့်ဆင့်သော စည်းရုံးရေးအဖွဲ့ရုံးများကို ဥပဒေနှင့်ညီညွတ်ခြင်းမရှိဘဲ ခေတ္တဟုဆိုပြီး ယနေ့အထိ ငါးနှစ်ကျော်သည့်တိုင် ကာလရှည်ကြာစွာ ချိတ်ပိတ်ထားခြင်းမှ အမြန်ဆုံး ပြန်လည်ဖွင့်လှစ်ပေးရန်နှင့် လွတ်လပ်စွာ စည်းရုံးလှုပ်ရှားခွင့်ပေးရန်၊

(ဆ) ၁၉၉၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့ပြီး ဖျက်သိမ်းခြင်းခံထားကြရသော တိုင်းရင်းသားနိုင်ငံရေးပါတီများအပါအဝင် နိုင်ငံရေးပါတီများကို ပြန်လည် မှတ်ပုံတင်ခွင့်ပေး၍ လွတ်လပ်စွာ စည်းရုံးလှုပ်ရှားခွင့်များ ပေးရန်။

Tuesday, October 27, 2009

မြန်မာအဖွဲ့အစည်းများ၏ နေအိမ်များကို ရှောင်တခင်စစ်ဆေး




မြန်မာအဖွဲ့အစည်းများ၏ နေအိမ်များကို ရှောင်တခင်စစ်ဆေး
ရဲရင့် / ၂၇ အောက်တိုဘာ ၂၀၀၉

line

 
ထိုင်း-မြန်မာနယ်စပ် မဲဆောက်တွင် အခြေချသည့် စစ်ရေး၊ နိုင်ငံရေး လှုပ်ရှားနေသော မြန်မာအဖွဲ့အစည်းများ၏ နေအိမ်များကို နယ်မြေခံစစ်တပ်မှ ယနေ့နံနက်ပိုင်းတွင် ရှောင်တခွင် ၀င်ရောက်စစ်ဆေးရာ ခဲယမ်းမီးကျောက်အချို့ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးမှုတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) မှ ဗိုလ်မှူးကြီး နယ်ဒါးမြ၏အိမ်တွင် မိုင်းလုပ်ရာ၌ အသုံးပြုသည့် ယမ်းနှင့်ဆက်စပ်ပစ္စည်းအချို့ ဖမ်းဆီးရမိခဲ့သည်။

ဗိုလ်မှူးကြီးနယ်ဒါးမြမှာ ခရီးလွန်နေသည့်အတွက် ဇနီးဖြစ်သူ နန်းဟိလာကို စစ်ဆေးမေးမြန်းရန် ထိုင်းစစ်တပ်မှ ဖမ်းဆီးခေါ်ဆောင်သွားသည်။

ဖမ်းဆီးမှုနှင့်ပတ်သက်၍ အမှတ် (၄) ဒေသဆိုင်ရာ ကွပ်ကဲရေးတပ်မှတပ်မှူး ဗိုလ်မှူးကြီးပဒုံရင့် ဖိုင်းဘွန်းစို့က “နယ်မြေလုံခြုံရေးအတွက် ရှင်းလင်းရေးလုပ်တာ။ မြန်မာဘက်က စစ်ရေးနဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေရဲ့အိမ် (၈) နေရာကို သွားရှာတာ။ နယ်ဒါးမြရဲ့မိန်းမအိမ်မှာ မိုင်းလုပ်နိုင်တဲ့ ဆက်စပ်ပစ္စည်းတွေ့လို့ ခေါ်ပြီး စစ်ဆေးနေတယ်” ဟု ဒေသခံသတင်းထောက်များကို ပြောကြားသည်။

အဖွဲ့အစည်းတခုကိုသာ အဓိကပစ်မှတ်ထား စစ်ဆေးခြင်းမျိုးမဟုတ်ဘဲ မြန်မာအဖွဲ့အစည်းများ အားလုံးကို ၀င်ရောက်စစ်ဆေးခြင်းဖြစ်သည်ဟု အဆိုပါတပ်မှူးက ပြောသည်။

ဖမ်းဆီးခံရသည့်ကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာအဖွဲ့အစည်း၏ တာဝန်ရှိသူများက လိုက်လံဆောင်ရွက်ပေးနေသည်ဟု ကေအန်အယ်လ်အေမှ တပ်မှူးတဦးက ပြောသည်။

ယခုကဲ့သို့ ထိုင်းစစ်တပ်မှ မြန်မာ့အရေးလှုပ်ရှားဆောင်ရွက်နေကြသည့် စစ်ရေးနိုင်ငံရေးဆိုင်ရာ အဖွဲ့များနေထိုင်ရာ နေအိမ် အများအပြားကို ၀င်ရောက်ရှာဖွေစစ်ဆေးခြင်းသည် ဒေသတွင်း ပထမဆုံးအကြိမ်ဖြစ်သည်ဟု သိရသည်။

တောင်ကိုရီးယားတွင် တရားမဝင်လုပ်သား ဖမ်းဆီးမှုကြမ်း

တောင်ကိုရီးယားတွင် တရားမဝင်လုပ်သား ဖမ်းဆီးမှုကြမ်း

ကျော်ခ
သောကြာနေ့၊ အောက်တိုဘာလ 23 ရက် 2009 ခုနှစ် 16 နာရီ 10 မိနစ်

တောင်ကိုရီးယားနိုင်ငံတွင် တရားမဝင် နိုင်ငံခြားသား အလုပ်သမား ဖမ်းဆီးမှုမှာ ယခင် နှစ်များထက် သိသာစွာ ပိုများလာနေသည်။

ရဲနှင့် လူဝင်မှု ကြီးကြပ်ရေးများက ရထားဘူတာနှင့် လူစည်ကားရာ နေရာများတွင် သာမက စက်ရုံထဲအထိပါ ရှောင်တခင် ဝင်ရောက်ပြီး နိုင်ငံကူး လက်မှတ်ပါ ဗီဇာသက်တမ်း ကုန်ဆုံးသူများကို ဖမ်းဆီးမှုများ ရှိသည်။

“အခုဟာက စက်ရုံနယ်မြေတွေနဲ့ စက်ရုံတွေထဲထိ ဝင်ဖမ်းနေတယ်။ အဖမ်းအဆီးက ကြမ်းတယ်။ ဖမ်းဆီးဝင်တဲ့ အချိန်မှာ ထွက်ပြေးတာတွေ ဘာတွေရှိရင် ထိုးနှက်တာတို့၊ ရိုက်နှက်တာတို့ ဖြစ်လာတယ် ဆိုတော့ ရှောင်ပုန်းဖို့ ဆိုတာက မလွယ်ပါဘူး” ပူချွန်းမြို့တွင် အခြေစိုက်သော Burma Action Korea မှ အလုပ်သမားရေးရာမှူး ကိုအောင်တင်ထွန်းက မဇ္ဈိမကို ပြောသည်။

တရားမဝင် အလုပ်လုပ်နေသူများကို ဖမ်းဆီးပြီး နေရပ်ရင်းသို့ ပြန်ပို့မည် ဖြစ်ကြောင်း ပြီးခဲ့သည့်လက ကြေညာ ထားခဲ့သည်။

ဖမ်းဆီးထားသူများမှ ငွေရှိသူများကို လေယာဉ်လက်မှတ် ဝယ်ခိုင်း၍ ချက်ချင်းပြန်ပို့မည် ဖြစ်ပြီး ငွေမရှိသူနှင့် ငွေ မပါလာသူများကိုမူ အလုပ်ရှင်ထံ လေယာဉ်လက်မှတ်ခ တောင်းယူကာ ပြန်ပို့မည် ဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယားတွင် မြန်မာနိုင်ငံသား အလုပ်သမားဦးရေ ၄ ထောင်ကျော် ရှိနေပြီး၊ လေးပုံတပုံခန့်က တရားမဝင် လုပ်သားများဖြစ်သည်ဟု အလုပ်သမားရေးရာ အန်ဂျီအိုများက ခန့်မှန်းကြသည်။

ဆိုးလ်၊ အန်ဆန်း၊ ယူကျုံဘူ၊ ပူချွန်းနှင့် ပူဖျောင်းမြို့တို့တွင် မြန်မာအများဆုံး နေထိုင်ကြပြီး၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားနှင့် တရုတ်နိုင်ငံတို့မှလည်း လာရောက် အလုပ်လုပ်နေသူများ ရှိနေသည်။

“ကျနော့် အသိမိတ်ဆွေတွေလည်း အဖမ်းမခံရအောင် တော်တော်လေးကို ပုန်းအောင်းနေကြရတာပေါ့ဗျာ။ မြန်မာပြည်မှာက စားဝတ်နေရေး ခက်ခဲတော့ သူတို့အနေနဲ့ ပြန်ပို့မခံရအောင် ကျီးလန့်စာစားဘဝနဲ့ ပုန်းအောင်းပြီး အလုပ်လုပ်နေကြရတယ်” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနမှ ဆလိုင်းကျော်ကျော်က ပြောသည်။

အာရှကျားစာရင်းဝင်နိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမား ပျမ်းမျှ ၂ သိန်း ၂ သောင်းကျော်ရှိကြောင်း ဗြိတိန်အခြေစိုက် လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး AI ၏ ယမန်နေ့ထုတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

နိုင်ငံတွင်းသို့ တရားဝင် ဝင်ရောက်လာပြီးမှ ဗီဇာသက်တမ်းလွန် နေထိုင်ခြင်းဖြင့် တရားမဝင် လုပ်သားများ ဖြစ်ကုန်တော့သည်။ သူတို့ထဲမှ အများစုသည် အန္တရာယ်ရှိသော အလုပ်များ လုပ်ကြရပြီး အချိန်ကြာမြင့်ခြင်း၊ လုပ်ခလျှော့ပေးခြင်းတို့ ကြုံရသည်ဟု AI က ပြောသည်။

မြန်မာနိုင်ငံတွင် “ရွှေအင်းဝ” ဝန်ဆောင်မှု အေဂျင်စီ ကုမ္ပဏီတခုတည်းက တောင်ကိုရီးယားသို့ အလုပ်သမား စေလွှတ်မှု လုပ်ဆောင်နေသည်။ ကိုရီးယား ဘာသာစကား စာမေးပွဲ အောင်မြင်သူ အသက် ၃၀ နှစ်အောက် လူငယ်ကို ရွေးချယ် စေလွှတ်ပေးပြီး၊ တဦးလျှင် ကျပ်သိန်း ၅၀ ခန့် ကုန်ကျသည်။ လုပ်သားတဦးသည် ပျမ်းမျှအားဖြင့် တလလျှင် ဒေါ်လာ ၇၀၀ ခန့် ရရှိကြသည်။

တောင်ကိုရီးယားသို့ သွားလိုသူ နှစ်စဉ် သိန်းချီလာရောက် စုံစမ်း မေးမြန်းကြသည်ဟု အေဂျင်စီ သတင်းရပ်ကွက်များက ပြောသည်။ တောင်ကိုရီးယားသို့ လေကြောင်းခရီးဖြင့် သွားရောက်မည်ဆိုပါက အသွားအတွက်ပင်လျှင် အမေရိကန်ဒေါ်လာ ၈၅၀ ခန့် ကုန်ကျမည် ဖြစ်သည်။

ဂျပန်နှင့် တရုတ်ပြီးလျှင် အာရှ၏ စီးပွားရေး အင်အားအကြီးဆုံး တောင်ကိုရီးယားသည် မြန်မာနိုင်ငံ၏ နံပါတ် ၈ မြောက် ကုန်သွယ်ဘက် အကြီးဆုံး နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံ ကုန်သွယ်ရေးပမာဏသည် ၂၀၀၈-၀၉ တွင် အမေရိကန်ဒေါ်လာ ၂၅၂ သန်း ရှိသည်။

Chin Student Union of North America (CSUNA) announces New Executive Committee and Central Committee Leaderships

Chin Student Union of North America (CSUNA) announces New Executive Committee and Central Committee Leaderships

October 23rd, 2009- Chin Student Union of North America (CSUNA), in its endeavor to uplift educational development of chin people; to preserve and promote social, cultural heritages and ethnic identity of the Chin; to promote trust, understanding, solidarity and cooperative spirits among Chin people and to assist, cooperate in, and contribute efforts towards the development and rebuilding of Chinland, gladly announces it new leaderships for the next two years term.

“I am greatly humbled to be elected as the President of the Chin Student Union of North America. I promise, to the best of my limited ability, to carry out the missions of this great Union laid out during the historic 2006 Chin Student Conference. This Union has come this far since its formation in 2006, yet much still needs to be done. Therefore, let me invite not only my colleagues of this Union but the whole chin populace to join hands together for the betterment of our peoples and motherland. The time of division is over, and it is time we came together as one. Otherwise, division will put an end to our very existence,” says the newly elected President, Salai Shing Ki Gei.
Reflecting on the past CSUNA’s movement, Former President Salai Za Ceu Lian says, “I am so encouraged and thrilled personally to see, witness, and feel the growing level of closeness, solidarity, and sense of national unity that we have collectively achieved among our Chin students. May this unity and our sense of oneness in Chin as peoples with a shared history and common destiny be continuously nurtured, guarded, and strengthened by the successive CSUNA’s leaders and our next generations to come”.

The new leaderships for the next two years, with memberships opened for new demographics, are as followed:

1.Salai Shing Ki Gei (President)
2. Tg. Thomas Onsian Mung (Vice-President)
3. Salai Tial Lian Thang (General Secretary)
4. Salai Bawi Ming (Assistant.General. Secretary)
5. Mai Monica Ngun (Treasurer)
6. Salai Siang Bawi (Secretary of Information and Publication)
7. Salai Paw Aung Aung (Detroit)
8. Salai Thawng Lian Cung Thui (Dallas)
9. Mai. Za Hniang Za (Florida)
10. Salai Gideon Lian (Indiana)
11. Salai T.T Lian Thawng (Canada)
12. Tg. Kap Suan Lian (Okalahoma)

Board of Consultants:
Salai Za Ceu Lian
Salai Za Uk Ling


Chin Student Union of North America (CSUNA)

For Further information, please contact

President Salai Shing Ki Gei – 317 287 4126
Tg. Vice-President Thomas Onsian Mung – 443 854 8905

ရန်ကုန်မြို့တွင်း ကြွပ်ကြွပ်အိတ် စက်ရုံများ ပိတ်ရမည်

ရန်ကုန်မြို့တွင်း ကြွပ်ကြွပ်အိတ် စက်ရုံများ ပိတ်ရမည်


ရန်ကုန်မြို့ရှိ ကြွပ်ကြွပ်အိတ် (ပလတ်စတစ် အိတ်ပါး) ထုတ်လုပ်နေသည့် စက်ရုံများကို ပိတ်ရန် အစိုးရ အာဏာပိုင်များက ညွန်ကြားထားကြောင်း သိရှိရသည်။

အဆိုပါ ကြွပ်ကြွပ်အိတ် ထုတ်လုပ်နေသည့် စက်ရုံများပိတ်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက အောက်တိုဘာလဆန်းပိုင်းမှစတင် ညွန်ကြားထားခြင်းဖြစ်သည်ဟု ပြည်တွင်း သတင်းထောက်တဦးက ဧရာဝတီ သို့ ပြောသည်။

“ဒီနှစ်ကုန်ရင် ကြွပ်ကြွပ်အိတ်တွေ လုံးဝ အသုံးရပ်မယ်လို့ပြောထားတယ်”ဟု ၎င်းက ပြောသည်။

၎င်းအိတ်ထုတ်လုပ်နေသည့် စက်ရုံနှင့် စက်မှုလုပ်ငန်းများကို ၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံး ထားပြီး ပိတ်ရန် အာဏာပိုင်များက ညွန်ကြားထားကြောင်းလည်း သိရသည်။

“စုစုပေါင်း စက်ရုံ ၁၄၆ ရုံပါ၊ သူတို့ကို ပိတ်တာတော့ မဟုတ်ဘူး၊ မီးဖြတ်လိုက်မှာပါ ပလတ်စတစ် စက်ရုံအားလုံး မပါပါဘူး၊ ကြွပ်ကြွပ်အိတ်တခုတည်းပါ။ စည်ပင်ကသိမ်းထားတဲ့ ကြွပ်ကြွပ်အိတ်တွေကိုလည်း Recycle (ပြန်လည် အသုံးပြုခြင်း)ပြုလုပ်မယ့် အစီအစဉ်ရှိပါတယ်”ဟု လှိုင်သာယာ စက်မှုဇုန် ဥက္ကဌ ဦးမြတ်သင်းအောင်၏ ပြောကြားချက်ကို ၀ိကလီး အလဲဗင်း ဂျာနယ်က ကိုးကားဖော်ပြထားသည်။

ကြွပ်ကြွပ်အိတ်များသည် ဈေးသက်သာ၍ ထုတ်ပိုးရန် လွယ်ကူပြီး အသုံးတည့်သောကြောင့် လူအများက အလွယ်တကူ အသုံးပြုလျက်ရှိကြသည်။

သို့သော် ၎င်း ပလတ်စတစ်အိတ်ပါးများသည် ကျန်းမာရေးနှင့် သဘာဝပတ်ဝန်ကျင်းကို ထိခိုက်ပျက်စီးစေနိုင် ကြောင်း လေ့လာတွေ့ရှိရသည်ဟုလည်း ၀ိကလီး အလဲဗင်း ဂျာနယ်တွင် ဖော်ပြထားသည်။

ရန်ကုန်မြို့၌ လက်ရှိဈေးကွက်ထဲတွင် ရှိသော ပလတ်စတစ်အိတ်များကိုမှု ရောင်းခွင့်ပေးထားသေးကြောင်း သိရှိ ရသည်။ ၎င်းအိတ်များ၏ အရောင်းအ၀ယ် တစုံတရာ ထိခိုက်မှုမရှိသေးကြောင်းလည်း ပလတ်စတစ် ပစ္စည်းမျိုးစုံ ရောင်းဝယ်ရေး ဆိုင်ပိုင်ရှင်တဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ကြွပ်ကြွပ်အိတ်များ သုံးစွဲမှု ကန့်သတ်ချက်ကို မန္တလေးမြို့တွင် လွန်ခဲ့သည့် ဇွန်လ၂၂ရက်နေ့တွင် စတင်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ကြွပ်ကြွပ်အိတ် သုံးစွဲသူများအား အရေးယူမည်ဟူသည့် ကြေညာချက်ကို မန္တလေးမြို့တော်ဝန် ဗိုလ်မှူးကြီး ဖုန်းဇော်ဟန်၏ အမိန့်ဖြင့် ထုတ်ပြန်ခဲ့သည်။ ကြွပ်ကြွပ်အိတ် အသုံးပြုသူများကို အရေးယူမည်ဟု ဆိုထား
သော်လည်း မည်သို့ အရေးယူမည်ကို ဖော်ပြထားခြင်းမရှိကြောင်းလည်း သိရသည်။

မန္တလေးမြို့သည် ကြွပ်ကြွပ်အိတ် ကင်းစင်မြို့တော်အဖြစ် မြန်မာပြည်တွင် ပထမဆုံး စတင်ဆောင်ရွက်ရန် ကြိုး စားသည့် မြို့ဖြစ်သည်။ သို့သော် လွန်ခဲ့သည့် ၃ နှစ်ခန့်ကပင် မန္တလေးမြို့တွင် ကြွပ်ကြွပ်အိတ် စက်ရုံများကို ပိတ်ပင် ခိုင်းမှုများလည်း ရှိခဲ့ကြောင်း သတင်းဂျာနယ်များတွင် ဖော်ပြခဲ့ကြသည်။

ရန်ကုန်မြို့တွင် ယခုကဲ့သို့ ကြွပ်ကြွပ်အိတ်များကို မထုတ်လုပ်ရန် ပိတ်ပင်လိုက်ခြင်း မည်မျှအောင်မြင်မည်ဆို သည်မှာ အစားထိုးသုံးစွဲမည့် ပစ္စည်းအပေါ်တွင် မူတည်ကြောင်း သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်သည့် ကာတွန်းများကို ရေးဆွဲနေသော ကာတွန်း အော်ပီကျယ်က သုံးသပ်ပြောဆိုသည်။

“အစားထိုးပစ္စည်းတွေကို ဘယ်လိုလုပ်ပေးမလဲ မသိသေးဘူး၊ အစားထိုးပစ္စည်အပေါ်မှာ မူတည်ပြီး အောင်မြင်နိုင် မှာပဲ၊ အစားထိုးပစ္စည်းက လူတွေ အသုံးလည်းတည့်မယ် ပတ်ဝန်းကျင်လည် မညစ်ညမ်းဘူးဆိုရင် အောင်မြင် မှာပါ” ဟု ၎င်းက ဆိုသည်။

ကာတွန်း ဆရာ အော်ပီကျယ်သည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များနှင့် ပူးပေါင်း၍ ဆွေးနွေးပွဲ များတွင် ပါဝင်ခြင်းနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကာတွန်းများကိုလည်း ပညာပေးရေးအတွက် ရေးဆွဲ နေသူတဦးလည်းဖြစ်သည်။

အလားတူပင် နေပြည်တော်တွင်လည်း ကြွပ်ကြွပ်အိတ်သုံးစွဲမှုမျကို ကန့်သတ်ပြီး သဘာဝ ပစ္စည်းများဖြင့် အစားထိုး သုံးစွဲရန် အာဏာပိုင်များက ညွန်ကြားထားကြောင်း သိရသည်။

မဲဆောက်ရှိ ကရင်ခေါင်းဆောင် နေအိမ်များကို ထိုင်းက ဝင်စစ်

မဲဆောက်ရှိ ကရင်ခေါင်းဆောင် နေအိမ်များကို ထိုင်းက ဝင်စစ်


ယနေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ ကရင် အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင်များ၏ နေအိမ်သို့ ထိုင်းစစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ ဝင်ရောက် ရှာဖွေရာ KNU ဗိုလ်မှူးကြီး နာဒါးမြ၏ ဇနီး နေအိမ်၌ မိုင်းဗုံးနှင့် ပတ်သက်သည့် ခဲယမ်းမီးကျောက် တချို့ တွေ့ရသဖြင့် သူ၏ဇနီးကို ဖမ်းဆီးထားကြောင်း KNU သတင်းရပ်ကွက်က ပြောသည်။

ထိုင်း-မြန်မာ နယ်စပ်တွင် ကေအန်ယူ စစ်သားတယောက်ကို တွေ့ရစဉ် (ဓာတ်ပုံ - Yuzo / The Irrawaddy)
“KNU ခေါင်းဆောင် အိမ်တွေကို မနက် ၆ နာရီမှာ ဝင်တယ်၊ အဓိက လက်နက်ခဲယမ်းမီးကျောက် ရှာတာ၊ ထိုင်းစစ်တပ်က အတိုက်အခံ ရုံးတွေပါ ဝင်စစ်မယ်လို့ ပြောတယ်” ဟု KNU အဖွဲ့ဝင်တဦးက ပြောသည်။

ဗိုလ်ချုပ် တာမလာဘော၊ ဒုဥက္ကဋ္ဌ စောဒေးဗစ် သာကပေါ၊ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန် နှင့် KNU စစ်ရေး၊ နိုင်ငံရေး ခေါင်းဆောင်များ၏ နေအိမ် ၁၀ အိမ်ခန့် ရှာဖွေခံရသည်ဟု ဆိုသည်။

KNU ခေါင်းဆောင်ဟောင်း ကွယ်လွန်သူ ဗိုလ်ချုပ်ကြီး စောဘိုမြ၏ သားဖြစ်သူ ဗိုလ်မှူးကြီး နာဒါးမြသည် ယခုနှစ်ဆန်းပိုင်းတွင် ထိုင်းနိုင်ငံအတွင်း လက်နက် တရားမဝင် ကိုင်ဆောင်မှုဖြင့် ထိုင်းအာဏာပိုင်များက တရားစွဲဆိုခဲ့ဖူးသည်။

ဝင်ရောက် စစ်ဆေးမည့် သတင်းကို ကြိုတင် ကြားသိ ထားသဖြင့် ယမန်နေ့က ကရင်ပြည်နယ်၊ မြ၀တီမြို့ တဘက်ကမ်းရှိ မဲဆောက်မြို့မှ စာသင်ကျောင်းတချို့ နှင့် မြန်မာာပြည်အရေး လှုပ်ရှားနေသော အဖွဲ့အစည်းတို့ ရုံးခန်းများ၊ ပိတ်ထားကြောင်း သိရသည်။

ယခုနှစ် အစောပိုင်းမှစ၍ ထိုင်းအာဏာပိုင်များက KNU စစ်ဘက် ထိပ်ပိုင်းခေါင်းဆောင်များကို မြန်မာပြည်ရှိ ၎င်းတို့ ထိန်းချုပ်ထားသည့် နယ်မြေသို့ ပြန်ရန် ဖိအားပေးခဲ့သည်။

မြန်မာစစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခြင်း မရှိသေးသော KNU သည် ၁၉၉၅ ခုနှစ်တွင် ၎င်း၏ မာနယ်ပလော ဌာနချုပ် တိုက်ခိုက်ခံခဲ့ရပြီး နောက်ပိုင်း တဖြည်းဖြည်း အင်အား လျော့နည်းလာသည်။

ပြီးခဲ့သည့် နှစ်များ အတွင်း KNU ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောဘိုမြ ကွယ်လွန်ခြင်း၊ အထွေထွေ အတွင်းရေးမှူး ဖဒိုမန်းရှာ ထိုင်းနိုင်ငံတွင် လုပ်ကြံခံရခြင်း၊ KNU ထိန်းချုပ်သည့် နယ်မြေ အများအပြား ဆုံးရှုံးခြင်း၊ အောက်ခြေတပ် တချို့ စစ်အစိုးရနှင့် သွားရောက် ပူးပေါင်းခြင်းတို့ ဆက်တိုက် ဖြစ်ပွားခဲ့သည်။

မြန်မာနိုင်ငံတွင် ဘာသာရေးလွတ်လပ်ခွင့် လိုအပ်ဟု အစီရင်ခံစာတစောင်က ဆို

မြန်မာနိုင်ငံတွင် ဘာသာရေးလွတ်လပ်ခွင့် လိုအပ်ဟု အစီရင်ခံစာတစောင်က ဆို


အင်္ဂါနေ့၊ အောက်တိုဘာလ 27 ရက် 2009 ခုနှစ် 20 နာရီ 50 မိနစ်
နယူးဒေလီ။      ။ မြန်မာနိုင်ငံတွင် ဘာသာရေး လွတ်လပ်ခွင့်နှင့် စပ်လျဉ်းပြီး ဝေဖန်ထားသည့် အစီရင်ခံစာ တစောင်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန် ကြေညာလိုက်သည်။

စစ်အစိုးရသည် နိုင်ငံတော်က ထောက်ပံ့ ပျိုးထောင်သော ဗုဒ္ဓဘာသာကို မျက်နှာသာပေးခြင်း၊ ထွန်းကား ပြန့်ပွားအောင် ပြုလုပ်ခြင်း စသည်တို့ကို လုပ်ဆောင်နေပြီး တချိန်တည်းတွင် ဗုဒ္ဓဘာသာဝင်နှင့် အခြား ဘာသာဝင်တို့၏ နိုင်ငံရေး ဆောင်ရွက်ချက်များကိုလည်း စနစ်တကျ ပိတ်ပင် တားဆီးမှုများ ပြုလုပ်နေသည်ဟု တနင်္လာနေ့က ထုတ်ပြန်လိုက်သော ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားအရေး ဗျူရို၏ ၂၀၀၉ ခုနှစ် နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် အစီရင်ခံစာတွင် စွပ်စွဲရေးသားထားခြင်း ဖြစ်သည်။

''စစ်အစိုးရသည် ဘာသာရေးနှင့် နိုင်ငံရေး လှုပ်ရှားမှုများကို ပစ်မှတ်ထား တိုက်ခိုက်ရန် အလို့ငှာ အီလက်ထရောနစ် ဥပဒေ၊ လူဝင်မှုကြီးကြပ်ရေး ဥပဒေ၊ မတရားအသင်း ဥပဒေများ အပါအဝင် ဘာသာရေးနှင့် မပတ်သက်သည့် ဥပဒေများကို အသုံးပြု ဖိနှိပ်နေသည်'' ဟု အစီရင်ခံစာက ဆိုသည်။

''အစိုးရသည် အဖွဲ့အစည်း အားလုံးနီးပါးအတွင်း ထိုးဖောက် ဝင်ရောက်ထားပြီး၊ ဘာသာရေး ပွဲလမ်းများကို စောင့်ကြည့်နေကာ တဦးချင်းသော် လည်းကောင်း၊ စုပေါင်း၍သော်လည်းကောင်း ဝတ်ပြု ကိုးကွယ်ခြင်းများကို သူတို့၏ နေရာအနှံ့ ပျံ့နှံ့နေသော ပြည်တွင်းလုံခြုံရေး ယန္တရားကို အသုံးပြု၍ ချုပ်ချယ် ကန့်သတ်မှုများ ပြုလုပ်နေသည်'' ဟု အစီရင်ခံစာတွင် ဆက်လက် ရေးသားထားသည်။

သံဃာတော်များ ဦးဆောင်သည့် ၂၀၀၇ ခုနှစ် ဆန္ဒပြပွဲများကို အထူးသဖြင့် ရည်ညွှန်းကာ ဗိုလ်ချုပ်ကြီးများသည် `ဗုဒ္ဓဘာသာ ရဟန်းတော်များ၏ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် နိုင်ငံရေး လွတ်လပ်ခွင့် မြှင့်တင်ရေး ဆောင်ရွက်ချက်တို့ကို စနစ်တကျ ပိတ်ပင်ကန့်သတ်မှုများ ပြုလုပ်ရန်´ ကြိုးပမ်းခဲ့သည်ဟု အစီရင်ခံစာက ရေးထားသည်။

အမေရိကန် အာဏာပိုင်များက တိုင်ပင် ဆွေးနွေးခဲ့သူများ အပြောအရ မြန်မာနိုင်ငံတွင် အကျဉ်းချခံနေရသူ သံဃာတော်များ ၂၀၀ ခန့်ရှိပြီး၊ ထိုအထဲမှ လေးပုံသုံးပုံမှာ ရွှေဝါရောင် တော်လှန်ရေးအပြီး ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်ဟု ဆိုသည်။

ထိုအတောအတွင်း စစ်အစိုးရ၏ အကျိုးစီးပွားနှင့်အညီ ဗုဒ္ဓဘာသာကို ထွန်းကားအောင် ပြုလုပ်ရေးသည် စစ်အစိုးရအတွက် ရည်မှန်းချက် ပန်းတိုင်တရပ် ဖြစ်မြဲဖြစ်နေကာ ပုဂ္ဂိုလ်ရေးအရ အဆင့်မြင့်ရာထူး တိုးရေးအတွက် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခြင်း နည်းလမ်းလည်း ဖြစ်နေသည်။

`လက်တွေ့အားဖြင့် အစိုးရ ဝါဒဖြန့်ချိရေးကိုသုံးပြီး ထေရဝါဒ ဗုဒ္ဓသာသနာကိုသာ သူတို့ လိုလားကြောင်း အစိုးရက ဆက်လက်ပြသခဲ့သည်။ ဘုန်းကြီးကျောင်းများနှင့် ဘုရားကျောင်းကန်များကို လှူဒါန်းခြင်း၊ ကျေးလက်ဒေသများရှိ ဘုန်းကြီးကျောင်း ပညာရေးလုပ်ငန်းများကို အားပေး အားမြှောက် ပြုခြင်း၊ သာသာနာပြု လုပ်ငန်းများကို ထောက်ပံ့ခြင်း စသည်တို့ အပါအဝင် နိုင်ငံတော်က ကြီးမှူးကျင်းပသော ပွဲလမ်းများကို ကျင်းပ ပေးခဲ့သည်။

စစ်အစိုးရ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ ဥပဒေကို သဘောမကျကြောင်း ထိုအစီရင်ခံစာတွင် ရေးသားထားသေးသည်။ ထိုဖွဲ့စည်းပုံအရ သာသနာ့ ဝန်ထမ်းများကို မဲပေးခွင့် ပေးမထားဘဲ ဘာသာရေးကို ဖိနှိပ်သည့်အနေနှင့် ဖွဲ့စည်းပုံတွင် ပြည်သူ့ ငြိမ်ဝပ်ပိပြားရေး၊ အကျင့်သိက္ခာ၊ ကျန်းမာရေး နှင့် အခြား ပြဋ္ဌာန်းချက်မျာကို ထည့်သွင်း ပြဋ္ဌာန်းထားသည်။

မြန်မာနိုင်ငံရှိ မည်သည့် ဖွဲ့စည်းပုံတွင်မျှ သာသနာ့ ဝန်ထမ်းများကို မဲပေးခွင့် ပေးမထားခဲ့ပါ။

အစီရင်ခံစာတွင် အစိုးရက အတင်းအကျပ် ဘာသာပြောင်းလဲ သွတ်သွင်းခြင်းများ မရှိဟု ရေးသားထားသော်လည်း စစ်အစိုးရသည် ဗုဒ္ဓဘာသာဝင် မဟုတ်သူများကို ဗုဒ္ဓဘာသာဝင်များ အဖြစ်သို့ သွတ်သွင်းရန် နည်းလမ်း ပေါင်းစုံသုံးကာ ကြိုးပမ်းမှုများ ရှိခဲ့ကြောင်း ဖော်ထုတ် ရေးသားထားသည်။

ဗုဒ္ဓဘာသာကို အခြားလူနည်းစု ဘာသာများထက်ပို၍ ထွန်းကားအောင် အစိုးရက လုပ်ပေးခြင်းသည် မြန်မာ့ခေတ်သစ် သမိုင်းတွင် အခိုင်အမာ အမြစ်တွယ်နေသော အချက်သာ ဖြစ်သည်ဟု အစီရင်ခံစာက ထုတ်ဖော်ထားသည်။

`အရပ်သားနှင့် စစ်အစိုးရ အဆက်ဆက်သည် ဘာသာရေး လွတ်လပ်ခွင့် ဆိုသည်ကို သူတို့၏ ဗဟိုအာဏာနှင့် အမျိုးသား ညီညွတ်ရေးကို ခြိမ်းခြောက်နေသော အရာများဖြစ်သည်ဟု ယူဆခဲ့ကြသည်´ ဟု ရေးထားသည်။

မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မူဆလင်များသည် စစ်အစိုးရ၏ ရွေးချယ် ပစ်မှတ်ထား တိုက်ခိုက်ခြင်းကို ခံနေရသူများ ဖြစ်သည်။ သူတို့သည် ယခုထိလည်း မြန်မာ့လူ့အဖွဲ့အစည်း၏ အစိတ်အပိုင်းတရပ် ဖြစ်ကြောင်း ဖော်ပြသည့် အမျိုးသား မှတ်ပုံတင်ကဒ်ကိုလည်း မရရှိပါ။

၂၀၁၀ နှစ်ဆန်းတွင် ထွက်ရှိလာမည်ဟု မျှော်လင့်ထားသည့် ကမ္ဘာတလွှား ဘာသာရေး လွတ်လပ်ခွင့် အဆင့်အတန်းကို ဖော်ပြသည့် ဝါရှင်တန်၏ နှစ်စဉ် တရားဝင် အစီရင်ခံစာတွင် မြန်မာနိုင်ငံသည် အထူးစိုးရိမ်ရသော နိုင်ငံ (Country of Particular Concern – CPC) အဖြစ် သတ်မှတ်ခံ ရနိုင်သည်ဟု အများက မျှော်လင့်နေကြသည်။

ဤအဖွဲ့ကို ၁၉၉၉ ခုနှစ်တွင် ဖွဲ့စည်းထူထောင်ပြီး ကတည်းက မြန်မာနိုင်ငံသည် ဤစာရင်းတွင် နှစ်စဉ် ပါရှိခဲ့သည်။

ဘာသာရေး လွတ်လပ်ခွင့်ကို ကမ်းကုန်အောင် ဆက်လက် ချိုးဖောက်နေသော နိုင်ငံများ၏ အစိုးရများကို ထိုသို့ CPC အဆင့်အတန်းဖြင့် သတ်မှတ် ဖော်ပြလေ့ ရှိသည်။ ဤသို့ သတ်မှတ်ခံရခြင်းကြောင့် ပိတ်ဆို့အရေးယူ ဒဏ်ခတ်မှုများ ခံရနိုင်သည်။ သို့သော် မြန်မာနိုင်ငံသည် ၂၀၀၈ ခုနှစ် နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် ဥပဒေ မပြဋ္ဌာန်းမီကပင် ထိုသို့ ပိတ်ဆို့အရေးယူ ဒဏ်ခတ်မှုများ ခံခဲ့ရပြီး ဖြစ်သည်။

အိန္ဒိယနိုင်ငံလုံးဆိုင်ရာ လူငယ်များအဖွဲ့ချုပ်ညီလာခံတွင် မြန်မာ့အရေးဆွေးနွေး

အိန္ဒိယနိုင်ငံလုံးဆိုင်ရာ လူငယ်များအဖွဲ့ချုပ်ညီလာခံတွင် မြန်မာ့အရေးဆွေးနွေး

အိန္ဒိယနိုင်ငံလုံးဆိုင်ရာ လူငယ်များ အဖွဲ့ချုပ် (AIYF) တည်ထောင်ခြင်း နှစ် ၅ဝ ပြည့် အထိမ်းအမှတ်ပွဲနှင့် ကမ္ဘာ့ဒီမိုကရက်တစ် လူငယ်များအဖွဲ့ချုပ် (WFDY) တို့၏ အာရှပစိဖိတ်ဆိုင်ရာ ညီလာခံတွင် လက်ရှိဖြစ်ပေါ်နေသော မြန်မာ့အရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ကျင်းပနေသော ၎င်းညီလာခံသို့ တက်ရောက်ရန် ဖိတ်ကြားခံခဲ့ရသည့် WFDY အဖွဲ့ဝင်၊ ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ABSFU မှ ကိုကျော်ဝင်း နှင့် အိန္ဒိယ အခြေစိုက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ် ABSL မှ ကိုကျော်သန်းတို့က လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေများ၊ မြန်မာလူငယ်ကျောင်းသားများ၏ ဒီမိုကရေစီရေး လှုပ်ရှားမှုများကို တင်ပြ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

“မြန်မာ စစ်အစိုးရအနေနဲ့ ပြည်သူလူထုက ရွေးချယ်ထားပြီးသားဖြစ်တဲ့ အဖွဲ့အစည်းကိုပဲ အာဏာ လွှဲပေးသင့်နေပါပြီ။ အခုလို နိုင်ငံတော်အာဏာကို အကြာကြီးယူထားတာကို ရပ်သင့်ပါပြီ” ဟု ကမ္ဘာ့ဒီမိုကရက်တစ် လူငယ်များအဖွဲ့ချုပ် ဒုဥက္ကဌ မစ္စတာ ယိုဂျန်ဒြာဆာဟိက ဧရာဝတီသို့ပြောသည်။

ကမ္ဘာ့ဒီမိုကရက်တစ် လူငယ်များအဖွဲ့ချုပ်အနေဖြင့် အိန္ဒိယနှင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေရသော ကျောင်းသားများ၊ ပြည်တွင်းမှ ဒီမိုကရေစီရေး လှုပ်ရှားသူများ၏ လုပ်ရပ်များကို အမြဲ ထောက်ခံကူညီနေမည်ဟု လည်း သူကဆိုသည်။

ထို့အပြင် သူက စစ်အစိုးရ ဖမ်းဆီး ထိန်းသိမ်းထားသော နိုင်ငံရေးအကျဉ်းသားများအပါအ၀င် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုလိုက်ကြောင်း ပြောကြားသည်။

ABSL မှ ကိုကျော်သန်းက “တရုတ်တို့ အိန္ဒိယတို့လိုနိုင်ငံတွေအပါအဝင် နိုင်ငံတကာက ၂၀၁၀ ဒီရွေးကောက်ပွဲကို လုပ်သင့်သလိုလို ဝင်ပြိုင်သင့်သလိုလို ပြောနေတာတွေက အဓိပ္ပာယ်မရှိဘူး။ ဒါက အတုအယောင်ပဲဖြစ်တယ်၊ စစ်အာဏာရှင် စနစ်ကို တရားဝင်အောင်လုပ်တဲ့ ရွေးကောက်ပွဲပဲဖြစ်လို့ ဒီရွေးကောက်ပွဲကို ကျနော်တို့ ဝင်မှာမဟုတ်ဘူး ဆိုတာတွေကို တင်ပြဆွေးနွေးခဲ့တယ်” ဟု ပြောသည်။

အာရှပစိဖိတ်ဆိုင်ရာ အဖွဲ့ဝင် ၁ဝ နိုင်ငံဖြစ်သည့် အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ တရုတ်၊ ဗီယက်နန်၊ ဂရိ၊ ဟန်ဂေရီ နှင့် လက်ဘနွန် စသည်တို့မှ ကျောင်းသားအဖွဲ့ ကိုယ်စားလှယ်များ၊ အိန္ဒိယ ဒေသတွင်းမှ အဖွဲ့ဝင် ၄ဝဝ ကျော်တို့ ညီလာခံ တက်ရောက်ခဲ့ကြပြီး  အိန္ဒိယရောက် မြန်မာရဟန်းတော်များ၊ မြန်မာဒီမိုကရေစီ လူငယ်များလည်း ညီလာခံတွင် တက်ရောက်လေ့လာခဲ့ကြသည်။

ABSFU မှ ကိုကျော်ဝင်း ကလည်း “ကျနော်တို့အနေနဲ့ သူတို့ရဲ့ထောက်ခံမှု အကူအညီတွေ အများကြီး လိုအပ်တယ်ဆိုတာကို တင်ပြတယ်။ သူတို့ဆီကရတဲ့ တုံ့ပြန်မှုတွေကလည်း အားရကျေနပ်စရာကောင်းပါတယ်” ဟု ဆိုသည်။

ထို့အတူ WFDY အဖွဲ့ဝင်ဖြစ်သည့် ABSFU အနေနှင့် ၁၉၆၂ ခုနှစ် နောက်ပိုင်းကာလများတွင် နိုင်ငံခြားရေးရာ လုပ်ငန်းများကို ဆက်လက်လုပ်ကိုင်နိုင်ခဲ့ခြင်း မရှိ၍ နိုင်ငံတကာတွင် အဖွဲ့အနေဖြင့် အသက်မ၀င်သကဲ့သို့ ဖြစ်နေကြောင်း၊ နိုင်ငံခြားရေးရာများတွင် ရှေ့ဆက်လုပ်ဆောင်နိုင်ရန် ပြန်လည်လျှောက်ထားရာ ယခု ဆွေးနွေးပွဲ နောက်ပိုင်း ကျင်းပမည့် WFDY စည်းဝေးတွင် ထည့်သွင်း စဉ်းစားဆုံးဖြတ်ရန် ပြင်ဆင်ထားကြောင်း ကိုကျော်ဝင်းက ဆက်ပြောသည်။

ထိုညီလာခံကို နယူးဒေလီမြို့လယ်ရှိ Babu Sader Kendra ခန်းမတွင် အောက်တိုဘာ ၂၆ ရက်မှ ၂၉ ရက်နေ့ထိ ကျင်းပလျက်ရှိရာ ဖွင့်ပွဲနေ့က ကမ္ဘာအရပ်ရပ်တွင် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများကို အိန္ဒိယ ခေါင်းဆောင်များက ဟောပြောခဲ့ကြပြီး မြန်မာ့နိုင်ငံရေးအပါအဝင် ပါလက်စတိုင်းနှင့် ကျူးဘားနိုင်ငံမှ အာဏာရှင်များ၊ ထိုအာဏာရှင်များကို တော်လှန်နေသည့် တော်လှန်ရေးသမားများ၏ အရေး များကို အထူးတလည် ဆွေးနွေးဖလှယ်သွားကြောင်း သိရသည်။

Monday, October 26, 2009

ဒေါ်အောင်ဆန်းစုကြည်ကို သက်ဆင်နှင့် နှိုင်းသဖြင့် မြန်မာကျောင်းသားများ မကျေနပ်


ဒေါ်အောင်ဆန်းစုကြည်ကို သက်ဆင်နှင့် နှိုင်းသဖြင့် မြန်မာကျောင်းသားများ မကျေနပ်


ကမ္ဘောဒီးယား ၀န်ကြီးချုပ် မစ္စတာ ဟွန်ဆန်က ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်း ၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်နှင့် တူသည်ဟု ခိုင်းနှိုင်းပြောဆို လိုက်သဖြင့် ထိုင်းနိုင်ငံရောက် မြန်မာ တက္ကသိုလ် ကျောင်းသားများ မကျေမနပ် ဖြစ်နေကြသည်။

ကမ္ဘောဒီးယား ၀န်ကြီးချုပ် မစ္စတာ ဟွန်ဆန် (ဓာတ်ပုံ - ရိုက်တာ)

ဖြုတ်ချခံရသည့် ထိုင်း ၀န်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင်သည် ဖိနှိပ်မှု ခံနေရသော နိုင်ငံရေးသားကောင် ဖြစ်သောကြောင့် အထိန်းသိမ်းခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဘ၀တူဖြစ်ကြောင်း ၁၅ ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သော မစ္စတာ ဟွန်ဆန်က ဟွာအင်မြို့ လေဆိပ်တွင် သတင်းထောက်များကို ပြောကြားခဲ့ခြင်း ဖြစ်သည်။

“လာဘ်စားမှုကြောင့် ပေးလိုက်တဲ့ ထောင်ဒဏ် ၂ နှစ်ကိုတောင်မှ မခံယူရဲဘဲ တိုင်းပြည်ကနေ ထွက်ပြေးပြီး ဘယ်မှာ ရောက်နေမှန်း မသိတဲ့လူနဲ့ ဒေါ်စုနဲ့ နှိုင်းယှဉ်ဖို့က အတော်လေး ခက်ခဲတယ်။ ဒေါ်စုကတော့ စစ်အစိုးရ ချမှတ်တဲ့ ထောင်ဒဏ်တွေကို ကြံ့ကြံ့ခံပြီး တွန်းလှန် နေတဲ့သူတယောက် ဖြစ်တော့ ဘယ်လိုမှ နှိုင်းလို့ မရပါဘူး” ဟု ဘန်ကောက်မြို့ ရမ်ကမ်ဟန် တက္ကသိုလ်တွင် နိုင်ငံရေးသိပ္ပံ အထူးပြုဖြင့် မဟာဘွဲ့ ယူရန် ပညာသင်ကြား နေသော ကိုကျော်လင်းဦးက ပြောသည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ပင် လူအများ၏ ထောက်ခံမှု ရနေသည်ဟု ဟွန်ဆန်က ဆိုလိုချင်ပုံရသော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီအတွက် အနစ်နာခံမှု၊ လုပ်ရဲ ကိုင်ရဲသည့် စိတ်ဓာတ်များက မစ္စတာ သက်ဆင်နှင့် နှိုင်းယှဉ်၍ မရကြောင်း ၎င်းက ဆက်ပြောသည်။

ဘန်ကောက်မြို့မှ တက္ကသိုလ်ကျောင်းသားတဦး ဖြစ်သူ ကဗျာဆရာ ကောင်းကင်ကိုကလည်း မစ္စတာ ဟွန်ဆန်၏ နှိုင်းယှဉ်ချက်က လုံးဝ မှားယွင်းနေသည်ဟု ဆိုသည်။

“အသိသာကြီးပါ၊ ဒေါ်စုက တော်လှန်ရေးသမား၊ သက်ဆင်က လာဘ်စားတဲ့ အမှုတွေလည်း လုပ်ထားတယ်၊ အဲဒီကနေ သူ့ဟာသူ ထွက်ပြေးနေရတယ်။ ဒေါ်စုက အကြမ်းမဖက်ဘူး၊ သက်ဆင်ကို ထောက်ခံတဲ့သူတွေက အကြမ်းဖက်တယ်။ ဟွန်ဆန်က မတူတဲ့ ပုဂ္ဂိုလ် ၂ ယောက်ကို တွဲပြီးတော့မှ နှိုင်းမိတာ” ဟု ကောင်းကင်ကိုက ပြောသည်။

ယမန်နေ့က ထိုင်းနိုင်ငံတွင် ကျင်းပ ပြီးစီးသွားသည့် အာဆီယံ ထိပ်သီးညီလာခံ၏ ကြေညာချက်တွင် မြန်မာ့အရေးနှင့် ပတ်သက်၍ စာပိုဒ် တပိုဒ် ပါဝင်ရာ ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေး အကျဉ်းသားများ အကြောင်း တစုံတရာ ရေးသားထားခြင်း မရှိဘဲ ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပရေး အကြောင်းအရာကိုသာ ဖော်ပြထားသည်။

ယခင်က အာဆီယံ ထိပ်သီးဆွေးနွေးပွဲ နှင့် ဒေသတွင်း ဆွေးနွေးပွဲများတွင် အာဆီယံက ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်ပေးရန် တောင်းဆို ခဲ့သည်။

မြန်မာပြည် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်သည် တစိတ်တဒေသ အဖြစ် ပါဝင်ကြောင်း ယမန်နေ့က ပြီးဆုံးသွားသည့် အာဆီယံ ထိပ်သီး အစည်းအဝေးတွင် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က ပြောသည်ဟု ထိုင်းဝန်ကြီးချုပ် မစ္စတာ အဖိဆစ် ဝေ့ချာချီဝက ဆိုသည်။

မြန်မာစစ်အစိုးရက အာဆီယံ ထိပ်သီးဆွေးနွေးပွဲများတွင် ဒေါ်အောင်ဆန်းစုကြည် အရေးကို ပထမဆုံး အကြိမ် အဖြစ် ထုတ်ဖော် ပြောကြားခြင်းဖြစ်သည်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချမှတ်ထားသည့် ထောင်ဒဏ်ကို လျှော့ပေါ့ပေးရန် စဉ်းစားမည်ဟု ၀န်ကြီးချုပ် သိန်းစိန်က ယင်းအစည်း အဝေးတွင် ပြောကြားလိုက်သည်ဟု သိရသည်။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ် အကျယ်ချုပ် ကျခံနေစဉ်အတွင်း ချမှတ် ထားသည့် စည်းမျဉ်းများအတိုင်း ကောင်းမွန်စွာနေထိုင်မှသာ ထိုသို့ လျှော့ပေါ့ပေးရန် စဉ်းစားမည်ဟု သူက ဆိုသည်။

Tuesday, October 20, 2009

မြန်မာအလုပ်သမားများအတွက် အစီအစဉ်သစ် ထိုင်းနှင့်မြန်မာ သဘောတူညီ

မြန်မာအလုပ်သမားများအတွက် အစီအစဉ်သစ်
ထိုင်းနှင့်မြန်မာ သဘောတူညီ

ရဲရင့် / ၂၀ အောက်တိုဘာ ၂၀၀၉

line

ထိုင်းနိုင်ငံသို့ မြန်မာအလုပ်သမားများ တရားဝင်စေလွှတ်ရေး အစီအစဉ်သစ်အရ အလုပ်ခန့်အပ်မှုစာချုပ် ချုပ်ဆိုခြင်းနှင့် ဆေးစစ်ခြင်းများကို မြန်မာနိုင်ငံဘက်တွင် ဆောင်ရွက်သွားမည်ဟု သိရသည်။

အဆိုပါအစီအစဉ်သစ်ကို ယခုလ (၁၁-၁၂) ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ပြုလုပ်သည့် မြန်မာအလုပ်သမားများ စိစစ်မှတ်ပုံတင်ရေးနှင့် အလုပ်သမားအသစ်များ တရားဝင်စေလွှတ်နိုင်ရေးအတွက် (၇) ကြိမ်မြောက် ထိုင်း-မြန်မာ နှစ်နိုင်ငံခေါင်းဆောင်များ ဆွေးနွေးပွဲတွင် နှစ်ဖက်ခေါင်းဆောင်များ သဘောတူညီခဲ့ကြခြင်းဖြစ်သည်။

ပြည်တွင်းအပတ်စဉ်ထုတ် သတင်းဂျာနယ်တစောင်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းနိုင်ထွန်းက ထိုင်းအလုပ်ရှင်များအနေဖြင့် မြန်မာအလုပ်သမားအသစ်များ ခေါ်ယူရာတွင် လုပ်သားလိုအပ်ချက်ခေါ်စာကို မြန်မာဘက်သို့ ပေးပို့ရမည်ဖြစ်ပြီး အလုပ်သမားရပိုင်ခွင့်၊ ခံစားခွင့်နှင့် နှစ်ဖက်လိုက်နာရမည့် စည်းကမ်းချက်များ ပါရှိရမည်ဖြစ်ပြီး ဆေးစစ်မှုကိုလည်း မြန်မာနိုင်ငံတွင် စစ်ဆေးမည်ဖြစ်သည်ဟု ပြောသည်။

ထို့အပြင် အလုပ်ခန့်အပ်မှုစာချုပ်ကို မြန်မာဘက်သို့ ပေးပို့ရမည်ဖြစ်ပြီး မြန်မာနယ်စပ်ရှိ ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးများတွင် အလုပ်ရှင်ကိုယ်စားလှယ်နှင့် အလုပ်သမားများ စာချုပ်ချုပ်ဆိုရမည်ဖြစ်ကာ အလုပ်ခန့်အပ်ပြီး တလအတွင်း အလုပ်သမားများကို ယာယီနိုင်ငံကူးလက်မှတ်များ ထုတ်ပေးမည်ဟုလည်း ပြောသည်။

အဆိုပါ အစီအစဉ်သစ်များနှင့်ပတ်သက်၍ ထိုင်းဘက်မှလည်း အများပြည်သူများ သိရှိစေရန် မီဒီယာများမှတဆင့် သတင်းထုတ်လွှင့်ခဲ့သည်။

ထိုင်းနိုင်ငံအခြေစိုက် ရောင်ခြည်ဦးအလုပ်သမားအဖွဲ့ကမူ မြန်မာအလုပ်သမားများအတွက် လက်ရှိထက် ပိုမိုဆိုးရွားမည့် အခက်အခဲများနှင့် အသစ်တဖန်ကြုံတွေ့ရမည့် လုပ်ငန်းစဉ်ဟု ပြောသည်။

အဖွဲ့တာဝန်ခံ ဦးမိုးဆွေက “ဒီသဘောတူညီချက်အတိုင်းပဲ အလုပ်သမားတွေကို တရားဝင်လွှတ်ကြရမှာဖြစ်တယ်။ ဒါပေမယ့် ဖြစ်နေတဲ့ပြဿနာက အလုပ်သမားတွေကို အစိုးရဘက်က အကာအကွယ်ပေးမယ်လို့ပြောပြီး ပြောတာနဲ့ လက်တွေ့က အမြဲကွာတယ်၊ ကတိလည်းမတည်ဘူး။ လက်မှတ်သွားလုပ်ရင် တကယ်ကုန်ကျတာက မြန်မာဘက် ကျပ် (၃,၀၀၀)၊ ထိုင်းဘက် ဘတ် (၂,၀၀၀)။ လက်တွေ့မှာက အဲလိုမဟုတ်ဘူး။ ထိုင်းမှာ မြန်မာအစိုးရကနေပြီး အသိအမှတ်ပြုထားတဲ့ အလုပ်သမားအေးဂျင့် (၃) ခုရှိတယ်၊ ဘန်ကောက်မှာအခြေချတယ်။ ဒီကုမ္ပဏီတွေက လက်မှတ်သွားလုပ်တဲ့လူတဦးကို ဘတ် (၆,၀၀၀) ကနေ (၁၀,၀၀၀) အထိယူတယ်။ ဒီကိစ္စကို အစိုးရကနေပြီး တနည်းတဖုံနဲ့ ကိုင်တွယ်သင့်တယ်” ဟု ပြောသည်။

“ဆေးပြန်စစ်ရင် ဘယ်လောက်ကုန်မှာလဲ၊ ဒါလဲ မေးခွန်းတခု။ မြန်မာဘက်ကျပ် (၃) ထောင် ဆိုပေမယ့် ကျပ်သိန်းချီ ကုန်တာတွေရှိတယ်။ ထိုင်းဘက်ပြန်ရောက်ရင် ဘတ် (၂) ထောင် ပေးရအုံးမယ်။ ထိုင်းမှာ အလုပ်သမားလက်မှတ် ပြန်လျှောက်ရင် ကျန်းမာရေးဆေးစစ်ခ (၁,၉၀၀) ထပ်ပေးရအုံးမယ်။ အခု မြန်မာနဲ့ထိုင်း နှစ်ဖက်အစိုးရကိုပေးနေရပြီ။ အဲလို ပေးရတာထက် ဆိုးတာက သတ်မှတ်တာထက် အဆမတန်များတဲ့ငွေကို ပေးနေရတယ်။ မြန်မာအစိုးရအနေနဲ့ မြန်မာအလုပ်သမားတွေကို နိုင်ငံအတွက် ၀င်ငွေရှာပေးနေတဲ့လူတွေလို့ သဘောထားပြီး ဒီကိစ္စကို မှန်မှန်ကန်ကန် ဖြေ ရှင်းပေးဖို့လိုတယ်” ဟုလည်း ဆက်ပြောသည်။

အဆိုပါမြန်မာအလုပ်သမားများ စိစစ်မှတ်ပုံတင်ရေးနှင့် တရားဝင်အလုပ်သမား စေလွှတ်နိုင်ရေးဆိုင်ရာ ထိုင်း-မြန်မာ နှစ်နိုင်ငံခေါင်းဆောင်များ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် မြန်မာဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့်က “အလုပ်သမားတွေအတွက် အခွန်မကောက်ဘူးဆိုတာကို ကျနော်ရောက်တဲ့နေရာတိုင်းမှာ အာမခံပြီးသား ဖြစ်ပါတယ်” ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။

လက်ရှိထိုင်းနိုင်ငံတွင် ထိုင်းအလုပ်သမား မှတ်ပုံတင်ထားသည့် မြန်မာအလုပ်သမား (၁၀) သိန်းခန့်ရှိပြီး မြန်မာနိုင်ငံဘက်မှ ထုတ်ပေးသည့် (၂) နှစ်သက်တမ်းရှိ ယာယီနိုင်ငံကူးလက်မှတ်များကို ပြီးခဲ့သည့် ဇူလိုင်လလယ်မှစပြီး နယ်စပ်မြို့များဖြစ်သည့် ကော့သောင်း၊ မြ၀တီ၊ တာချီလိတ် စသည့်မြို့တို့တွင် စတင်ထုတ်ပေးနေရာ ယခုလ (၁၃) ရက်အထိ လာရောက်ထုတ်ယူသူ မြန်မာအလုပ်သမား (၂,၁၀၀) ဦးရှိသည်ဟု သိရသည်။

နယ်စပ်ဒေသ တည်ငြိမ်ရေး ပူးပေါင်းဆောင်ရွက်ရန် တရုတ်-မြန်မာ နှစ်နိုင်ငံသဘောတူ

နယ်စပ်ဒေသ တည်ငြိမ်ရေး ပူးပေါင်းဆောင်ရွက်ရန်
တရုတ်-မြန်မာ နှစ်နိုင်ငံသဘောတူ

ပေါက်ပေါက် / ၂၀ အောက်တိုဘာ ၂၀၀၉

line

တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ်တလျှောက် တည်ငြိမ်ရေးအတွက် အတူတကွပူးပေါင်းဆောင်ရွက်သွားရန် တရုတ်နိုင်ငံ၊ ကွမ်ရှီးပြည်နယ်၊ နန်နင်မြို့တွင် ရောက်ရှိနေသည့် နအဖအတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးနှင့် တရုတ်ဒု-ဝန်ကြီးချုပ် မစ္စတာ လီခဲချင်တို့အကြား ယမန်နေ့က သဘောတူညီချက်ရရှိခဲ့သည်ဟု တရုတ်အစိုးရက သတင်းထုတ်ပြန်သည်။

တရုတ်အစိုးရအနေဖြင့် တရုတ်-မြန်မာဆက်ဆံရေးကို အလေးထားပြီး မြန်မာ့စီးပွားရေးဆိုင်ရာ တည်ဆောက်မှုများနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆက်လက်ထောက်ခံကူညီသွားမည်ဟု တရုတ် ဒု-ဝန်ကြီးချုပ် မစ္စတာ လီခဲချင်က ပြောခဲ့ကြောင်း တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာန တွင် ဖော်ပြထားသည်။

တရုတ်-မြန်မာနယ်စပ်အခြေစိုက် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောကမူ တရုတ်-မြန်မာနယ်စပ်တည်ငြိမ်အေးချမ်းရေး အတွက် တရုတ်-မြန်မာ နှစ်နိုင်ငံအစိုးရချင်း လုပ်ဆောင်သွား၍မရဘဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင်သည့် သုံးဖက်ပူးပေါင်းဆောင်ရွက်သွားမှသာ အောင်မြင်မည်ဟု ပြောသည်။

၎င်းက “တရုတ်ပြည်ကတော့ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို အမှန်တကယ်လိုလားလို့ ပြောနေတာ။ ဒါပေမယ့် နယ်စပ်မှာရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ မပါဘဲနဲ့တော့ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးဆိုတာ မဖြစ်နိုင်ပါဘူး။ ကိုးကန့်အရေးခင်းတုန်းကလည်း ဒီလိုပဲ ပြောခဲ့တာပဲ။ တကယ် သေနတ်သံထွက်တော့ ဘာမှမတတ်နိုင်ဘူး။ အခုလည်း နအဖဘက်က အတင်းအကျပ် နယ်ခြားစောင့်တပ် လုပ်ခိုင်းမယ်ဆိုရင်တော့ သေနတ်သံ ထွက်လာဦးမှာပဲ” ဟု ပြောသည်။

ကိုးကန့်အရေးအခင်းနှင့်ပတ်သက်၍ တရုတ်ဘက်က သတင်းပေးမှုအရ ဖုန်ကြားရှင်တို့အား မူးယစ်ဆေးဝါးကိစ္စဖြင့် အရေးယူရန် ဆောင်ရွက်ခဲ့ရကြောင်း နအဖက တိုက်ပွဲပြီးနောက်ပိုင်း သတင်းထုတ်ပြန်ခဲ့မှုအပေါ် တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီး မစ္စစ် ကျန်းယုက စက်တင်ဘာ (၁ဝ) ရက်တွင် ငြင်းဆိုထားပြီး တရုတ်အစိုးရအနေဖြင့် မြန်မာ့ပြည်တွင်းရေးကို မည်သည့်အခါကမျှ ဝင်ရောက်မစွက်ဖက်ကြောင်းနှင့် မြန်မာအစိုးရကိုလည်း ငြိမ်းချမ်းစွာ ဖြေရှင်းသည်ကို တွေ့မြင်လိုပါကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် သြဂုတ်လကုန်ပိုင်းက ရှမ်းပြည်နယ်၊ အထူးဒေသ (၁) ကိုးကန့်နယ်မြေအတွင်း ကိုးကန့်တပ်ဖွဲ့နှင့် နအဖတပ်များအကြား ဖြစ်ခဲ့သည့် တိုက်ပွဲများကြောင့် ဒေသအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများ အပါအဝင် စစ်ပြေးဒုက္ခသည် (၃၇,ဝဝဝ) ကျော် တရုတ်ပြည်ဘက်သို့ ထွက်ပြေးခဲ့ရသည်။

စစ်ပွဲများကြောင့် ကိုးကန့်ဒေသတွင် တရုတ်နိုင်ငံသား (၁) ဦး သေဆုံး၍ (၁၃) ဦး ဒဏ်ရာရရှိခဲ့ပြီး တရုတ်ပြည်အတွင်း အမြောက်ကျည် (၃) လုံး ကျရောက်ပေါက်ကွဲ၍ တရုတ်နိုင်ငံသား (၁) ဦး သေဆုံးကာ (၂) ဦး ဒဏ်ရာရရှိခဲ့သည်။

ကိုးကန့်အရေးအခင်းကာလအတွင်း တရုတ်နိုင်ငံသားများ ထိခိုက်သေကျေမှု အပါအဝင် ပစ္စည်းများဆုံးရှုံးမှုအတွက် ကိုးကန့်ဒေသတဖက်ကမ်း လင်ချန်းခရိုင်အစိုးရက နစ်နာကြေး တရုတ်ငွေ သန်း (၂၈ဝ)၊ အမေရိကန်ဒေါ်လာအားဖြင့် သန်း (၄ဝ) ကျော် လျော်ကြေးပေးရန် တောင်းဆိုထားသကဲ့သို့ တရုတ်နိုင်ငံခြားရေးဌာနကလည်း တာဝန်ရှိသူများကို ဖော်ထုတ်အရေးယူပေးရန်နှင့် အရေးယူမှုအခြေအနေအား တရုတ်အစိုးရထံ ပြန်လည်တင်ပြရန် တောင်းဆိုခဲ့သည်။

ဒု-ဗိုလ်ချုပ်ကြီး အုန်းမြင့် ကျန်းမာရေးမကောင်းသဖြင့် တာဝန်မှ အနားပေးထား

ဒု-ဗိုလ်ချုပ်ကြီး အုန်းမြင့် ကျန်းမာရေးမကောင်းသဖြင့်
တာဝန်မှ အနားပေးထား

ခိုင်လင်း / ၂၀ အောက်တိုဘာ ၂၀၀၉

line

ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူး တဦးဖြစ်သည့် ဒု-ဗိုလ်ချုပ်ကြီး အုန်းမြင့်သည် ပြီးခဲ့သည့် သြဂုတ်လလယ်ပိုင်းမှစ၍ စိတ်ဖောက်ပြန်ကာ မင်္ဂလာဒုံစစ်ဆေးရုံတွင် ကုသနေရပြီး ယခင်လ တိုင်းမှူးများအစည်းဝေးတွင် ကစထမှူးတာဝန်မှ အနားပေးလိုက်ကြောင်း သိရသည်။

စစ်တက္ကသိုလ် အပတ်စဉ် (၁၇) ဆင်း ဒု-ဗိုလ်ချုပ်ကြီး အုန်းမြင့်သည် ပြင်ဦးလွင် စစ်တက္ကသိုလ်ကျောင်းအုပ် တာဝန်ဖြင့် ၂ဝဝ၂ ခု၊ ဇူလိုင်မှ ၂ဝဝ၃ ခု၊ သြဂုတ်အထိ ဆောင်ရွက်ခဲ့ပြီးနောက် မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) သို့ ပြောင်းရွှေ့တာဝန်ယူခဲ့သည်။

မပခတိုင်းမှူးဘဝနှင့်ရှိနေစဉ်အတွင်း သူ့မိန်းမ၏ဆွေမျိုးများက စီးပွားရေးအခွင့်အလမ်းများရယူကာ ကြီးပွားချမ်းသာလာခဲ့ပြီး ဒု-ဗိုလ်ချုပ်ကြီး အုန်းမြင့် ကချင်ပြည်နယ်မှ ပြောင်းရွှေ့ခံရပြီးနောက်ပိုင်း သူ့ဆွေမျိုးများ၏ လုပ်ငန်းများကို စစ်ဆေးခံရမှုများ ရှိလာပြီး အရက်အလွန်အကျွံသောက်ရာမှ စိတ်ဖောက်ပြန်သွားခြင်းဖြစ်သည်ဟု သူ့ဆွေမျိုးများနှင့်နီးစပ်သူ မြစ်ကြီးနားမြို့ခံတဦးက ပြောသည်။

၎င်းက “သူ့မိန်းမက မြစ်ကြီးနား၊ ခတ်ချိုကျေးရွာသူ။ သူက မပခတိုင်းမှူးဘဝနဲ့ (၅) နှစ်လောက် နေသွားရတယ်။ နဂိုကတည်းက အရက်ကို သောက်နေတဲ့သူ။ အဲဒီမှာ မြစ်ကြီးနားလေယာဉ်ကွင်း ပြုပြင်မွမ်းမံဖို့ ချပေးထားတဲ့ ကန်ထရိုက်ကို သူ့သားက ရထားတာ။ ဗိုလ်ချုပ်သာအေးက ကစထမှူးတာဝန်နဲ့ ဒီဘက်လည်းရောက်လာရော စစ်ဆေးတာတွေ ရှိလာတော့ ပြဿနာတွေ ပေါ်ကုန်တာ။ အဲဒီမှာ ရူးချင်ဟန်ဆောင်သွားတာလား၊ တကယ်ပဲ ရူးသွားသလားတော့ မပြောတတ်ဘူး။ စိတ်ဖောက် သွားတယ်ဆိုပြီး သူ့အမျိုးတွေဆီက ပြန်ကြားရတာ” ဟု ပြောသည်။

မပခတိုင်းမှူး တာဝန်ယူနေစဉ်ကာလအတွင်း ဆွေမျိုးများက သစ်လုပ်ငန်းများကို အောင်မိုင်ကုမ္ပဏီခံ၍ လုပ်ကိုင်ခဲ့ကြပြီး အလွန်ချမ်းသာကြွယ်ဝနေကြသည်ဟု အဆိုပါမြို့ခံက ပြောသည်။

၎င်းက “သူ့ယောက်ဖတွေပေါ့။ ဘိုဘိုတို့၊ ဂူဂူးတို့၊ သူ့မိန်းမ မောင်တွေက သံမလန်းသစ်တွေ၊ ကျွန်းတွေကို ပါမစ်ရသွားတာ။ အောင်မိုင်ကုမ္ပဏီဆိုတာက တရုတ်သူဌေးက ပိုင်တာ။ သူတို့က နာမည်ခံပေးတာ။ ဟို သူဌေးက ဘာမှစားလိုက်ရတာ မဟုတ်ဘူး။ အဲဒီ ဂူဂူး၊ ဘိုဘို ညီအစ်ကိုတွေရဲ့ မိန်းမဘက်က အမျိုးတွေကော သူဌေးဖြစ်သွားတာ” ဟု ပြောသည်။

၂ဝဝ၃ ခုမှ ၂ဝဝ၈ ခု ဇွန်လအထိ မပခတိုင်းမှူး တာဝန်ယူခဲ့ရာတွင် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတို့အား တာဝန်ယူကွပ်ကဲရသည့် ကစထမှူးဖြစ်လာခဲ့ပြီး ယခုနှစ် မေလတွင် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် မကွေးတိုင်းတို့အား ကွပ်ကဲရသည့် ကစမှူးအဖြစ် ပြောင်းရွှေ့ခံခဲ့ရသည်။

ဒု-ဗိုလ်ချုပ်ကြီး အုန်းမြင့်အား ပြီးခဲ့သည့်လ (၂၂) ရက်မှ (၂၅) ရက်အထိ နေပြည်တော်တွင် ပြုလုပ်သည့် တိုင်းမှူးများ၊ တပ်မမှူးများ အစည်းဝေးအတွင်း တာဝန်မှ အနားပေးထားခဲ့သည်ဟု စစ်ဘက်နှင့်နီးစပ်သည့် သတင်းရပ်ကွက်မှ သိရသည်။

Tuesday, October 13, 2009

မြန်မာကုန်သည်များ အသင်းရုံးခွဲ တရုတ်နိုင်ငံတွင်ဖွင့်မည်

မြန်မာကုန်သည်များ အသင်းရုံးခွဲ
တရုတ်နိုင်ငံတွင်ဖွင့်မည်

NEJ / ၁၃ အောက်တိုဘာ ၂၀၀၉

line

ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ရုံးခွဲကို တရုတ်နိုင်ငံ ကွမ်စီးပြည်နယ် နန်နင်း၌ ယခုလအတွင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း ယမန်နေ့ထုတ် ဆင်ဟွာသတင်းတွင် ဖော်ပြသည်။

အဆိုပါရုံးခွဲ၏အမည်မှာ Myanmar Liaison Office ဖြစ်ပြီး ယခုလ (၂၀) ရက်တွင် စတင်မည့် (၆) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့်အတူ ဖွင့်လှစ်မည်ဟု သိရသည်။

တရုတ်-မြန်မာနှစ်နိုင်ငံ အပြန်အလှန်ကုန်သွယ်မှုပမာဏသည် ၂၀၀၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၂.၆၂၆) ဘီလီယံရှိပြီး မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံမှ ပို့ကုန်စုစုပေါင်းမှာ (၁.၉၇၈) ဘီလီယံဒေါ်လာရှိကြောင်း တရုတ်အစိုးရ စာရင်းဇယားများကို ကိုးကားပြီး သတင်းတွင်ဖော်ပြသည်။

ယခုကဲ့သို့ UMFCCI ရုံးခွဲကို တရုတ်နိုင်ငံတွင် ဖွင့်လှစ်ခြင်းမှာ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးနှင့် ပုံမှန်ကုန်သွယ်ရေးကဏ္ဍများတွင် အားထားရသည့်ဈေးကွက်အဖြစ် ရောက်နေခြင်းကြောင့်ဖြစ်ပြီး တရုတ်နိုင်ငံနှင့်ကုန်သွယ်မှု ပြုလုပ်ရာတွင် ပိုမိုလွယ်ကူ လျင်မြန်စေရန်အတွက် ရည်ရွယ်ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း UMFCCI မှ အထွေထွေအတွင်းရေးမှူး ဒေါက်တာမောင်မောင်လေးက ၀ီးကလီးအလဲဗင်းဂျာနယ်သို့ ပြောကြားသည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသည့်နိုင်ငံများအနက် တရုတ်နိုင်ငံသည် စတုတ္ထမြောက်အဆင့်တွင် ရှိသည်။

မြန်မာနိုင်ငံ နယ်စပ်ကုန်သွယ်ရေး၏ (၇၄) ရာခိုင်နှုန်းကို မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးက နေရာယူထားကြောင်း UMFCCI မှ ဒု-ဥက္ကဋ္ဌ ဦးဝင်းအောင်က မြန်မာတိုင်းမ်သို့ ပြောကြားချက်အရ သိရသည်။

Monday, October 12, 2009

သြစတြေးလျား ဖက်ရှင်ကုမ္ပဏီအုပ်စု မြန်မာနိုင်ငံနှင့် ကုန်သွယ်မှု ရပ်ဆိုင်းမည်

သြစတြေးလျား ဖက်ရှင်ကုမ္ပဏီအုပ်စု မြန်မာနိုင်ငံနှင့် ကုန်သွယ်မှု ရပ်ဆိုင်းမည်

ဆလိုင်းပီပီ
တနင်္လာနေ့၊ အောက်တိုဘာလ 12 ရက် 2009 ခုနှစ် 20 နာရီ 43 မိနစ်


နယူးဒေလီ (မဇ္ဈိမ) ။ ။ Millers, Katies တို့ အပါအဝင် နာမည်ကြီး ဖက်ရှင်ကုမ္ပဏီ ၄ ခု ပါဝင်သော သြစတြေးလျား ဖက်ရှင်အုပ်စုသည် မြန်မာနိုင်ငံတွင်း ကြောက်မယ်ဘွယ် ကောင်းလှသည့် လူ့အခွင့်အရေး မှတ်တမ်းများကြောင့် မြန်မာနိုင်ငံရှိ ကုမ္ပဏီများနှင့် ကုန်သွယ်မှု ရပ်ဆိုင်းတော့မည်ဟု ကြေညာ လိုက်သည်။

Specialty Fashion Group – SFG သည် Burma Campaign Australia က ယခင်လတွင် ထုတ်ပြန်ခဲ့သော စီးပွားရေးလုပ်ငန်း ၈ ခုတွင် အပါအဝင် ဖြစ်သည်။ အဆိုပါ ကုမ္ပဏီများသည် မြန်မာနိုင်ငံကို ဒေါ်လာသန်းပေါင်းများစွာ ပေးအပ်နေသည့် ကုမ္ပဏီများ ဖြစ်သည်ဟု သြစတြေးလျား ကန်ပိန်းအဖွဲ့က ဆိုသည်။

သူတို့ ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံတွင် ထုတ်လုပ်သော ကုန်ပစ္စည်းများကို ဝယ်ယူခြင်း၊ မြန်မာနိုင်ငံနှင့် ကုန်သွယ်မှု ပြုလုပ်နေသော ကုမ္ပဏီများနှင့် ဆက်ဆံခြင်း ပြုလုပ်တော့မည် မဟုတ်ကြောင်း SFG က အောက်တိုဘာလ အစောပိုင်းက မိမိတို့ကို အသိပေး အကြောင်းကြားခဲ့သည်ဟု Burma Campaign Australia (BCA) အဖွဲ့၏ ပြောရေး ဆိုခွင့်ရှိသူ ဇက်တီဘရိတ် Zetty Brake က ပြောသည်။

''မြန်မာနိုင်ငံမှာ စစ်အစိုးရ ဆက်လက် အုပ်ချုပ်နေတာနဲ့ မြန်မာပြည်သူတွေကို ဆက်လက် ဖိနှိပ်နေတာကြောင့် မြန်မာနိုင်ငံနဲ့ ကုန်သွယ်မှုတွေကို ရပ်ဆိုင်းလိုက်ဖို့ ကျနော်တို့ အုပ်စုလိုက် ဆုံးဖြတ်ခဲ့ပါတယ်'' ဟု BCA မှတဆင့် ထုတ်ပြန်သော ကြေညာချက်တွင် SFG အတွင်းရေးမှူး ဟိုးဝပ်ဟားမင်း Howard Herman က ပြောသည်။

SFG သည် သြစတြေးလျားတွင် ဆိုင်ခွဲပေါင်း ၈၄၃ ခုရှိပြီး တနှစ် ရောင်းရငွေ အမေရိကန်ဒေါ်လာ သန်းပေါင်း ၅၆၀.၆ သန်းရှိကာ နာမည်ကြီး အမှတ်တံဆိပ်များ ဖြစ်သော Millers, Crossroads, Katies, Autograph, City Chic, Queenspark တို့ ပါဝင်သည်။

ဤဖက်ရှင်အုပ်စုသည် မြန်မာနိုင်ငံမှ အမျိုးသမီး အဝတ်အထည်များကို အဓိက ဝယ်ယူတင်သွင်းသည်ဟု Zetty က ပြောသည်။

မြန်မာနိုင်ငံတွင် စီးပွားရေး အကျိုးစီးပွားရှိသော သြစတြေးလျား ကုမ္ပဏီများကို BCA က ပြီးခဲ့သည့်လတွင် စာရင်း ပြုစုထုတ်ပြန်ခဲ့ရာ Jetstar Airline, Twinza Oil Company တို့လည်း ပါဝင်သည်။ ယင်းတို့၏ စီးပွားရေးနှင့် ကုန်သွယ်ရေး လုပ်ငန်းများသည် စစ်အစိုးရကို ငွေကြေး ထောက်ပံ့ပေးရာ ရောက်နေသဖြင့် အဆိုပါ ကုန်သွယ်မှု လုပ်ငန်းများကို ရပ်ဆိုင်းပါရန် BCA က တောင်းဆို ထားသည်။

သြစတြေးလျား ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုကြောင့် စစ်အစိုးရအတွက် နှစ်စဉ် အမေရိကန်ဒေါ် လာ ၂.၈ ဘီလျံ ရရှိနေသည်ဟု ခန့်မှန်းရကြောင်း Zetty က ပြောသည်။ ထိုငွေဖြင့် စစ်သား ၇၂၇ ဦးကို နှစ်စဉ် ထောက်ပံ့ ထားနိုင်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံနှင့် ကုန်သွယ်မှု လုပ်ငန်းများ ရပ်ဆိုင်းရန် ဆုံးဖြတ်ခြင်းကို သြစတြေးလျား ဖက်ရှင်အုပ်စုက ကြိုဆိုလိုက်ပြီး အခြား သြစတြေးလျား ကုမ္ပဏီများကိုလည်း ဤသို့ ရင်းနှီးမြှုပ်နှံမှုများ ရပ်ဆိုင်းကြပါရန် BCA က တိုက်တွန်း တောင်းဆိုလိုက်သည်။

''ဤသို့ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာလာခြင်းကို ကျနော်တို့ ကြိုဆိုပါတယ်။ တခြား သြစတြေးလျား ကုမ္ပဏီများကိုလည်း အလားတူ စစ်အစိုးရကိုကူညီပေးနေတာ၊ မြန်မာနိုင်ငံမှာ ပါဝင် လုပ်ဆောင်နေတာတွေ အတွက် တာဝန်ယူဖို့ ကျနော်တို့ အားပေးပါတယ်'' ဟု Zetty က မဇ္ဈိမကို ယနေ့ ပြောသည်။

ဤသို့ Specialty ဖက်ရှင်အုပ်စုသည် မြန်မာနိုင်ငံမှ စီးပွါးရေးလုပ်ငန်းများကို ရပ်ဆိုင်းလိုက်သော်လည်း အခြားသော သြစတြေးလျား ကုမ္ပဏီ ၈ ခုမှာ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံ နေဆဲဖြစ်ပြီး စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်နေဆဲ ဖြစ်သည်ဟု Zetty က ပြောသည်။

သြစတြေးလျား ကုမ္ပဏီများဖြစ်သော Andaman Teak Supplies Pty Ltd., Chevron, Gecko’s Adventure, Jetstar, Lonely Planet, Millers, Sri Asia Tourism, Twinza Oil တို့သည် မြန်မာနိုင်ငံတွင် စီးပွားရေး အကျိုး စီးပွားများရှိပြီး စစ်အစိုးရကို ထောက်ကူပေးနေသည်ဟု BCA ၏ ယခင်လတွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာ၌ ဖော်ပြ ထားသည်။

မြန်မာအစိုးရပိုင် Myanmar Airways International (MAI) နှင့် ပူးတွဲပြီး စင်္ကာပူ-ရန်ကုန် ခရီးစဉ်ကို တပတ်လျှင် ၄ ကြိမ် ပျံသန်းနေသော Jetstar လေကြောင်းလိုင်းကိုလည်း မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာရန် ဤကန်ပိန်းအဖွဲ့က ပြီးခဲ့သည့် လအတွင်းက တိုက်တွန်းခဲ့သည်။

မြန်မာနိုင်ငံ သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာန လက်အောက်ရှိ လေကြောင်းဦးစီးဌာနသို့ ပေးနေသော Jetstar လေကြောင်းလိုင်း၏ အခွန်ငွေသည် နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၇၀၀၀၀(၁ သိန်း ၇ သောင်း) မျှရှိသည်ဟု BCA က ပြောသည်။

Thursday, October 8, 2009

မျိုးဆက်သစ်လူငယ်တို့၏ ဒေါ်စုအတွက် ဂုဏ်ပြုတေး လူငယ်များအကြား ထိရောက်မှုရှိ

မျိုးဆက်သစ်လူငယ်တို့၏ ဒေါ်စုအတွက် ဂုဏ်ပြုတေး
လူငယ်များအကြား ထိရောက်မှုရှိ

ဝီရ / ၈ အောက်တိုဘာ ၂၀၀၉

line

မျိုးဆက်သစ်လူငယ်များအစည်းအရုံး (GW) က ဖြန့်ချိလိုက်သည့် ဟစ်ပ်ဟော့ပ်သီချင်း အယ်လ်ဘမ်တွင် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုစပ်ဆိုထားသည့် ‘အမေ ၆၄’ ဟူသည့် သီချင်းမှာ ပြည်တွင်းလူငယ်များ အကြား ရေပန်းစားနေပြီး ထိုအယ်လ်ဘမ်သည် အတိုင်းအတာတခုအထိ ထိရောက်မှုရှိကြောင်း အဖွဲ့ဝင်များနှင့် လူငယ်များက ပြောသည်။

မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်ဖြစ်ပျက်နေသည့် လတ်တလောအခြေအနေများကို လူငယ်အမြင်မှ ဖွဲ့သီစပ်ဆိုထားသော ထိုအယ်လ်ဘမ်ကို လူငယ်တို့၏ နိုင်ငံရေးစိတ်ဓာတ် နိုးကြားတက်ကြွလာအောင် ပထမဦးဆုံး ထုတ်ဝေလိုက်ခြင်းဖြစ်ကြောင်း GW အဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ် မင်းရန်နိုင်က ပြောကြားသည်။

ပြည်တွင်းဖြန့်ချိမှုနှင့် ပတ်သက်၍ ၎င်းက “လူငယ်တွေကို ဦးတည်ဖြန့်ပါတယ်။ ပြည်တွင်းက အားပေးတဲ့အသံတွေ၊ ဂုဏ်ယူတဲ့ အသံတွေ ကျနော်တို့ပြန်ကြားရတယ်။ နည်းမျိုးစုံနဲ့ဖြန့်တာ၊ ကိုယ့်အချင်းချင်း လက်ဆင့်ကမ်းပြီး ဖြန့်တယ်။ တက္ကသိုလ်ကျောင်းတွေမှာ၊ လက်ဖက်ရည်ဆိုင်တွေမှာ ချထားပေးတယ်။ ဘတ်စ်ကားပေါ်မှာ ချထားတယ်။ အိမ်ဆွဲခေါင်းလောင်းမှာ ချိတ်ထားပေးတယ်။ တနိုင်ငံလုံး အတိုင်းအတာအထိ ဖြန့်နိုင်အောင်လည်း ကျနော်တို့ စီစဉ်ထားပါတယ်” ဟု ပြောသည်။

မျိုးဆက်သစ်လူငယ်များအစည်းအရုံးသည် လှုံ့ဆော်စာများ ဖြန့်ဝေခြင်း၊ စစ်အစိုးရဆန့်ကျင်ရေး ဆေးဖြန်းခြင်း စသည့် စစ်အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုတို့ကြောင့် အနုပညာရပ်ဝန်းမှ နာမည်ကြီး ဟစ်ပ်ဟော့ပ်အဆိုတော် ဇေယျာသော် အပါအဝင် အဖွဲ့ဝင် (၃၀) ဦးခန့် စစ်အစိုးရ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံနေရသည့် မြေအောက်တော်လှန်ရေးအဖွဲ့အစည်းတရပ်ဖြစ်သည်။

“မျိုးဆက်လှိုင်း” ဟု အမည်ရသည့် ယခု အယ်လ်ဘမ်ကို ရွှေဝါရောင်တော်လှန်ရေး (၂) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဖြန့်ချိလိုက်ခြင်းဖြစ်ပြီး ၂၀၀၇ ခု စက်တင်ဘာအရေးအခင်းအတွက် ဆိုထားသည့် ‘နိုးထကြလော့’၊ ၂၀၁၀ ရွေးကောက်ပွဲကို သရော်ထားသည့် ‘တစ်ဆယ်’၊ ‘အမေ ၆၄’၊ ‘အခြေအနေများ’၊ ‘မာရ်နတ်အိမ်’၊ ‘တိုက်’ နှင့် တော်လှန်ရေးသားသမီးတို့အတွက် ရည်ရွယ်သည့် ‘ခွင့်ပြုတော့ မေမေ’ အစရှိသည့် သီချင်း (၇) ပုဒ် ပါဝင်သည်။

ပြည်တွင်းမှ နိုင်ငံရေးလှုပ်ရှားတတ်ကြွသူ လူငယ်တဦးက “ဒီသီချင်း (၇) ပုဒ်ထဲမှာ ‘အမေ ၆၄’ သီချင်းက လူငယ်တွေ တော်တော်သိကြတယ်။ သီချင်းက ဟစ်ပ်ဟော့ပ် အေးအေးလေးတပုဒ်လည်းဖြစ်တော့ မိန်းကလေးတွေပါ အီမေးလ်တွေက တဆင့်၊ နီးစပ်သူတွေဆီကတဆင့် တောင်းပြီး နားထောင်ကြတယ်။ ဒီလိုသီချင်းတွေ များများထုတ်စေချင်တယ်။ ခိုးပြီး နားထောင်ရတော့ ပိုအရသာရှိတာပေါ့” ဟု ပြောသည်။

‘အမေ ၆၄’ သီချင်းတွင် “အမြဲတမ်း အပြုံးမပျက် ဦးဆောင်သူ၊ အားလုံးအရေးအတွက် ဘဝကို မမှု၊ ပန်းတိုင်အရောက်သွားဖို့ ရှေ့သို့ အားမလျှော့ဘူး။ အမေ..... အာဏာရှင်တွေ လက်ထဲမှာ ရင်နင့်စွာ နေ့ပေါင်းများစွာ မှေးစက်လို့ ....၊ ဂုဏ်ယူမယ့်နေ့ ဒီမိုကရေစီတိုက်ပွဲမှာ ဒို့သမိုင်းမှာ ကျနော့်သီချင်းများဟာ အမေအတွက်မို့.......” စသည့် စာသားများဖြင့် ဖွဲ့ဆိုထားသည်။

ဟစ်ပ်ဟော့ပ် အဆိုတော်များ၏ တဖွဲ့နှင့်တဖွဲ့ ရန်စောင်တိုက်ခိုက်သည့် သီချင်းများကို ပြည်တွင်းလူငယ်တို့က စိတ်ဝင်စားမှု လျော့ကျနေချိန်တွင် ယခုကဲ့သို့ တစုံတရာအတွက် အဓိပ္ပာယ်ရှိစေသည့် သီချင်းအယ်လ်ဘမ်မျိုး အများအပြား လိုအပ်နေကြောင်း ပြည်တွင်းမှ အဆိုပါလူငယ်က ပြောသည်။

မျိုးဆက်လှိုင်းသီချင်းများကို GW အဖွဲ့၏ http://www.generation-wave.co.cc/

နာဂစ်မုန်တိုင်းတွင် အသက်ဆုံးရှုံးခဲ့ရသူများအတွက် အောက်မေ့ဖွယ် အထိမ်းအမှတ်အဖြစ် “ကမ္ဘာမကြေဘူး” နှင့် “နာဂစ်အတွက်” ဟူသည့် သီချင်း (၂) ပုဒ်ကို ၂၀၀၈ ခုနှစ်တွင် GW အဖွဲ့က သီဆိုထုတ်ဝေခဲ့ဖူးသည်။

GW အဖွဲ့ကို မြန်မာနိုင်ငံ၏ ပထမဆုံး ဟစ်ပ်ဟော့ပ်အဖွဲ့ဖြစ်သည့် ACID အဖွဲ့မှ ဇေယျာသော်က ရွှေဝါရောင်တော်လှန်းရေး နောက်ပိုင်း ဖွဲ့စည်းခဲ့ပြီး GW ၏ သီချင်းများကို GW အဖွဲ့ဝင်တို့က ရေးသားသီဆိုထားကြသည်။
အင်တာနက်စာမျက်နှာတွင် အခမဲ့ ရယူနိုင်သည်။

တောင်ကိုရီးယားအစိုးရက မြန်မာ့ဒီမိုကရေစီလှုပ်ရှားသူ မြန်မာနိုင်ငံသား(၁၂)ဦးအားနိုင်ငံရေးခိုလှုံခွင့်ပေး

တောင်ကိုရီးယားအစိုးရက မြန်မာ့ဒီမိုကရေစီလှုပ်ရှားသူ မြန်မာနိုင်ငံသား(၁၂)ဦးအားနိုင်ငံရေးခိုလှုံခွင့်ပေး

2009/10/08
Thu day
တောင်ကိုရီးယားနိုင်ငံအစိုးရ တရားရေးဌာနမှနေ၍ ယနေ့ ဒေသ
စံတော်ချိန်နေ့လည်၂နာရီအချိန်တွင်တောင်ကိုရီးယားနိုင်ငံအတွင်း
ရှိ မြန်မာ့ဒီမိုကရေစီအရေးကို ဆောင်ရွက်လှုပ်ရှားနေကြသူမြန်မာ
နိုင်ငံသား(၁၂)ဦးအား နိုင်ငံရေးခိုလှုံခွင့်ကိုပေးလိုက်ကြောင်းသိရှိ
ရပါသည်။

ထိုကဲ့သို့ နိုင်ငံရေးခိုလှုံခွင့်ရရှိသူမြန်မာနိုင်ငံသား(၁၂)ဦးမှာအမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ကိုရီးယားဌာနခွဲမှအဖွဲ့ဝင်
(၈)ဦးနှင့်ချင်းတိုင်းရင်းသားအဖွဲ့အစည်း-ကိုရီးယား(CNC-Korea)
အဖွဲ့ဝင်(၄)ဦးများဖြစ်ကြပါသည်။CNC-Korea တွဲဘက်အတွင်းရေးမှူး၊
ဘဏ္ဍရေးမှူးနှင့်အဖွဲ့ဝင်များဖြစ်သည်။၎င်းအဖွဲ့အစည်းသည်တောင်ကို
ိုရီးယားနိုင်ငံတွင်နိုင်ငံရေးလှုပ်ရှားနေသောချင်းတိုင်းရင်းသားအဖွဲ့အ
စည်းဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံသည် ကုလသမဂ္ဂ ဆိုင်ရာ အထွေထွေ
ညီလာခံကြီးမှ ချမှတ်ထားသောဒုက္ခသည်များ လက်ခံရေးဆိုင်
ရာမူဝါဒများကို ၁၉၉၂ ခုနှစ်ကတည်းကလက်ခံသဘောတူလက်
မှတ်ရေးထိုးထားခဲ့သော် လည်း၂၀၀၁ခုနှစ်ဖေဖော်ဝါရီလတွင်မှ
အသက်(၂၆)နှစ်အရွယ်ရှိ အီသီယိုးပီးယားနိုင်ငံသားတဦးကိုတရား
ဝင်ပထမဆုံးနိုင်ငံရေးဆိုင်ရာခိုလုံခွင့်ပေးခဲ့ပြီး၊၂၀၀၂ခုနှစ်ဒီဇင်ဘာ
လတွင်ဒုတိယအကြိမ်အနေဖြင့်အသက်(၅၀) ကျော်အရွယ်ရှိကွန်ဂို
နိုင်ငံသားတဦးအားထပ်မံ၍ခွင့်ပြုခဲ့ကာ၂၀၀၃ခုနှစ်ဇန်န၀ါရီလတွင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ကိုရီးယား
ဌာနခွဲမှမြန်မာနိုင်ငံသား(၃)ဦးကို တတိယအကြိမ်အနေဖြင့်ခွင့်ပြုခြင်း
ကိုခံခဲ့ရပြီးနောက် ယနေ့အထိဆိုလျှင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(လွတ်မြောက်နယ်မြေ)ကိုရီးယားဌာနခွဲမှ အဖွဲ့ဝင်(၃၂)ဦးအနက်
(၂၂)ဦးမှာနိုင်ငံရေးဆိုင်ရာခိုလုံခွင့်ကိုရရှိထားပြီးဖြစ်ပါသည်။

တောင်ကိုရီးယားနိုင်ငံအတွင်း နိုင်ငံတကာမှနေ၍ ၁၉၉၄ ခုနှစ်မှ၂၀၀၉
ခုနှစ် မေလအထိ ဒုက္ခသည်အဖြစ် ခိုလှုံခွင့်ရရှိရန်လျှောက်ထားသူ
(၂၃၀၇)ယောက်ရှိခဲ့ပြီး စာရင်းအရ နီပေါ(၃၇၇)ဦး၊တရုပ်(၃၃၄)ဦး၊
မြန်မာ(၂၁၇)ဦး၊ပါကစ္စတန်(၁၁၈)ဦး ၊ဘင်္ဂလားဒေ့(ရှ်)(၁၀၆)ဦး၊
ယူဂန်ဒါ (၁၅၃)၊နိုက်ဂျီးရီးယား(၁၇၈)ဦး၊သီရိလင်္ကာ (၁၉၁)ဦးနှင့်
အခြား(၆၃၃)ဦးတို့ဖြစ်ကြပြီး ယနေ့အထိခိုလှုံခွင့်ရှိခဲ့သူ စုစုပေါင်း
(၁၅၀)ခန့် ရှိပြီး မြန်မာနိုင်ငံသားခိုလှုံခွင့်ရရှိသူပေါင်း(၄၀)ကျော်ရှိပြီဖြစ်
ကြောင်းသိရှိရပါသည်။

လှိုင်သာယာစက်မှုဇုန် ပဲသန့်စင်စက်ရုံများ လုပ်ငန်းရပ်ဆိုင်း

လှိုင်သာယာစက်မှုဇုန် ပဲသန့်စင်စက်ရုံများ လုပ်ငန်းရပ်ဆိုင်း
အောင်ထက်/ ၈ အောက်တိုဘာ ၂၀၀၉

line

ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုန်အတွင်းရှိ ပဲသန့်စင်စက်ရုံများအနက် အချို့စက်ရုံများသည် လုပ်ငန်းအင်အား လျှော့ချနေသကဲ့သို့ အချို့က ပဲဂိုဒေါင်များ ပိတ်သိမ်းနေကြသည်။

အထူးသဖြင့် ပြည်ပပို့ ပဲအမျိုးအစားများဖြစ်သည့် ပဲတီစိမ်း၊ မတ်ပဲ၊ မြေထောက်ပဲများ သန့်စင်သည့် စက်ရုံတို့ အများဆုံး ပါဝင်သည်။

ပဲသိုလှောင်ရုံကြီးများဖြစ်သည့် စက်မှုဇုန် (၄) ဂိုဒေါင်အမှတ် (၃၉) နှင့် အမှတ် (၄၄) တို့သည် ပြည်ပပို့ပဲများ သိုလှောင်ခြင်း၊ သန့်စင်ခြင်း လုပ်ငန်းများကို ရပ်ဆိုင်းလိုက်ကြပြီး ဇုန် (၂) ရှိ ဘောဂကြီး၊ Great Lucky နှင့် ဇုန် (၃) မှ မောင်ဝိတ် စသည့်ဂိုဒေါင်များတွင် မတ်ပဲအစား အခြားကုန်စည်များကိုသာ သိုလှောင်လာကြသည်။

ပဲစက်ရုံနှင့် ဂိုဒေါင်များ ပိတ်ကြရခြင်းမှာ ပြည်ပပို့ကုန် ပဲဈေးကွက် ကျဆင်းနေသောကြောင့်ဖြစ်ပြီး ထိုသို့ကျဆင်းရခြင်းမှာ တောင်သူတို့၏ ရောင်းလိုအားမရှိခြင်း၊ ပြည်ပ၀ယ်လိုအား သိသာစွာ ကျဆင်းခြင်းတို့ကြောင့်ဖြစ်ကြောင်း ပဲကုန်သည်များက ပြောသည်။

စီးပွားရေးပညာရှင်တဦးကမူ အထက်ပါအချက် နှစ်ချက်အပြင် အခြားအချက်များလည်း ပါဝင်ကြောင်း ပြောဆိုသည်။

၎င်းက “ပြည်ပကုန်သည်တွေရဲ့ အသာစီးယူအကျပ်ကိုင်မှုတွေ၊ ဈေးကစားမှုကို တားမြစ်နိုင်မှု အားနည်းတာတွေနဲ့ ပြည်တွင်းနိုင်ငံရေးမငြိမ်သက်မှု၊ နိုင်ငံတော်ရဲ့ကုန်သွယ်ရေး လျစ်လျူရှုမှုတွေအပြင် စွမ်းဆောင်ရည်မပြည့်ဝတဲ့ လုပ်ထုံးလုပ်နည်းတွေအပေါ်မှာလည်း အခြေခံတယ်” ဟု ထောက်ပြသည်။

ပဲလက်ကျန်နည်းနေပြီး အရောင်းအ၀ယ်ပါးနေသောကြောင့် ယခုရက်ပိုင်းတွင် မတ်ပဲ ဈေးမြင့်နေသည်ဟု မီးဖိုချောင်သီးနှံစိုက်ပျိုးရေး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း တာဝန်ရှိသူတဦးက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ (၃၀) ရက်နေ့က မတ်ပဲတတန် အမြင့်ဆုံးဈေး (၇၇၀,၀၀၀) ကျပ်၊ အောက်တိုဘာ (၁) ၇က်နေ့တွင် (၈၀၀,၀၀၀) ကျပ်၊ အောက်တိုဘာ (၂) ရက်နေ့တွင် (၈၄၀,၀၀၀) ကျပ်နှင့် အောက်တိုဘာ (၇) ရက်နေ့တွင် တတန် (၈၃၅,၀၀၀) ကျပ်အထိ ဈေးမြင့်ခဲ့သည်။

“ရောင်းလိုအားနည်းနေတဲ့ လက်ရှိအခြေအနေမှာ မတ်ပဲ ဈေးမြင့်တာ မဆန်းပါဘူး။ မကြာခင်လပိုင်းမှာ မိုးစပါးပြီးလို့ မတ်ပဲရာသီရောက်ရင် ဈေးအဆမတန် ပြုတ်ကျသွားမှာပဲ။ ပြည်ပ Offer အားနည်းတာတော့ (၂) နှစ်လောက်ရှိနေပြီ” ဟု မတ်ပဲဈေးကွက် ကျွမ်းကျင်သူတဦးက ပြောသည်။

မတ်ပဲအများဆုံးမှာယူသော အိန္ဒိယနိုင်ငံသည် ရာသီဥတုဖောက်ပြန်မှုကြောင့် သီးနှံစိုက်ခင်းတို့ ပျက်စီးခဲ့ရသည့်အတွက် ပြည်ပပို့ကုန် မြန်မာမတ်ပဲ အလားအလာကောင်းနိုင်သည်ဟု ယူဆစရာရှိသော်လည်း အိန္ဒိယပြည်တွင်းရေးဂယက်ကြောင့် အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ လတ်တလော အေးနေသည်။

လှိုင်သာယာစက်မှုဇုန်မှ ပဲသန့်စင်စက်ရုံများ ရပ်ဆိုင်းလိုက်သောကြောင့် ပဲပိုးပေါက်၊ အခြမ်းကွဲ၊ အဖျင်းအမှော်၊ မျိုးကွဲများကို ဦးစွာ စိစစ်ခွဲခြားရသည့် ထောင်နှင့်ချီသော နေ့စားအလုပ်သမားတို့သည် အလုပ်လက်မဲ့ဖြစ်နေကြပြီး New Way ဖိနပ်စက်ရုံ၊ အိုပယ်၊ ချားလ်မင်း အထည်ချုပ်စက်ရုံတို့၌ အလုပ်လျှောက်နေကြသည်။

မြန်မာပြည်အထက်ပိုင်းမှ ကျွဲ၊ နွားများ တရုတ်ပြည်သို့ မှောင်ခိုတင်ပို့မှု တိုးလာ

မြန်မာပြည်အထက်ပိုင်းမှ ကျွဲ၊ နွားများ
တရုတ်ပြည်သို့ မှောင်ခိုတင်ပို့မှု တိုးလာ

ပေါက်ပေါက် / ၇ အောက်တိုဘာ ၂၀၀၉

line

မြန်မာပြည်အထက်ပိုင်းမှ ကျွဲ၊ နွားများကို နယ်စပ်တောလမ်းမှတဆင့် တရုတ်ပြည်သို့ မှောင်ခိုတင်ပို့မှု ယခုအခါ ပိုမိုများပြားလာသည်။

အစောပိုင်းကာလများက တလလျှင် (၁) ကြိမ်၊ (၂) ကြိမ်မျှသာ နွားများ မြန်မာပြည်ဘက်မှ မောင်းသွင်းလာသည်ကို တွေ့ရသော်လည်း မကြာသေးမီလပိုင်းမှစ၍ နွားများသာမက ကျွဲများကိုပါ အနည်းဆုံး တပတ် (၁) ကြိမ်ခန့် တွေ့လာရသည်ဟု ကျယ်ဂေါင်ဒေသခံတဦးက ပြောသည်။

၎င်းက “ကျွဲဖြစ်ဖြစ်၊ နွားဖြစ်ဖြစ် လာတယ်ဆိုရင် တအုပ် တအုပ်ကို သုံးလေးဆယ်လောက်ပါလာတယ်။ ရွှေလီမြစ်ကမ်းဘေး မြက်ခင်းပြင်မှာ လှန်ထားတယ်၊ နောက်မှ ကားလမ်းမကြီးအတိုင်း ရွှေလီဘက်ကို မောင်းသွားကြတာ။ အဲဒါကို ကုန်သည်က တဦး၊ နှစ်ဦး ပါမယ်၊ လမ်းမှာ ကျွဲ၊ နွားအုပ်ကို ထိန်းဖို့ လူ သုံးလေးယောက် ငှားပြီး ခေါ်လာတယ်” ဟု ပြောသည်။

နွားများကို ရွှေဘို၊ ခင်ဦး၊ ဝက်လက် နယ်တဝိုက်မှ သယ်လာခြင်းဖြစ်ပြီး ကျွဲများကိုမူ ကချင်ပြည်နယ်ဘက်မှ သယ်လာသည်က များကြောင်း နွားကုန်သည်များနှင့် နီးစပ်သူ ကျယ်ဂေါင်ဒေသခံတဦးက ပြောသည်။

၎င်းက “အတွင်းထဲမှာက နွားတကောင်ကို လေး-ငါးသိန်းလောက်နဲ့ ကောက်တာတဲ့။ သယ်တာကတော့ လမ်းခရီးပေါ်မှာ မူတည်တာ။ လမ်းမှာ စစ်တပ်တို့၊ ရဲတို့ပေးရတာများရင် တကောင်ကို (၁) သိန်းနီးပါးလောက် ကုန်ကျတယ်တဲ့။ ဒီမှာ တကောင်ကို အနည်းဆုံး (၇) သိန်း၊ (၈) သိန်းရောင်းရတယ်။ ပုံမှန်းဈေးတော့ မရှိဘူး။ အကောင်ပေါ် မူတည်တာပေါ့။ နွားကတော့ အဝယ်လိုက်တယ်။ ကျွဲကတော့ ဝယ်လက်နည်းနည်းရှားတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် လအစောပိုင်းကလည်း ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်အတွင်း ကျွဲများ ရောဂါဖြစ်ပွားကာ သေဆုံးနေ၍ ဒေသခံ တောင်သူများက ရသည့်ဈေးဖြင့် တရုတ်-မြန်မာနယ်စပ် လိုင်ဇာဒေသတွင် ထုတ်ရောင်းခဲ့၍ ကျွဲ၊ နွားဈေးများ ကျဆင်းခဲ့ပြီး ယခုအခါ ဈေးပုံမှန် ပြန်ဖြစ်လာသည်ဟု နယ်စပ်ဒေသခံတဦးက ပြောသည်။

၎င်းက “အခုဆယ်လပိုင်း၊ ဆယ့်တစ်လပိုင်းကစလို့ တရုတ်နှစ်သစ်ကူးမတိုင်ခင်အထိ တောက်လျှောက်ပဲ အဝယ်လိုက်ပြီ။ သူတို့တွေက ဟင်းလုပ်မှာဆိုတော့ အခုကတည်းက စပြီးဝယ်ကြတာ။ ပါလာသလောက် အရောင်းထွက်တယ်” ဟု ပြောသည်။

တရုတ်ပြည်တွင် လယ်ယာလုပ်ငန်းများ၌ စက်ယန္တရားများဖြင့် အဓိကအသုံးပြုနေကြပြီး ကျွဲ၊ နွားများကို သားထုတ်လုပ်ရန် အတွက်သာ မွေးမြူကြပြီး မြန်မာပြည်မှလည်း ယခုကဲ့သို့ ဝယ်ယူနေကြသည်။

ဆန်ဈေးတက်၍ အိတ်စ်ပို့ ဆန်ကုန်သည်များ အရှုံးပေါ်နေ

ဆန်ဈေးတက်၍ အိတ်စ်ပို့ ဆန်ကုန်သည်များ အရှုံးပေါ်နေ


ဆန်ဈေးကွက်တွင် ဈေးနှုန်းများ မြင့်တက်လာနေ သောကြောင့် နိုင်ငံခြားသို့ ဆန်တင်ပို့သည့် ကုန်သည်များ အရှုံးပေါ် နေကြောင်း သိရသည်။

ဈေးကွက်သို့ ဆန်ဝင်ရောက်မှု နည်းပါးလာခြင်း၊ ၅၀၀၀ ကျပ်တန် ငွေစက္ကူသစ်များ ထုတ်ခြင်းတို့ကြောင့် လက်ရှိဆန်ဈေး နှုန်း ပိုမို မြင့်တက်သွားသော်လည်း စာချုပ် ချုပ်ဆိုထားသည့်အတွက် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်(UMEHL)ကို ဆန်ကုန်သည်များက အရှုံးခံကာ ဆန်များဝယ်ယူ၍ အပ်နှံနေရကြောင်း ဘုရင့်နောင်ပွဲရုံတန်းမှ ဆန်လုပ်ငန်းရှင် တဦးက ဧရာဝတီသို့ ပြောသည်။

“ဆန်ဈေးတွေက တက်သွားတော့ စာချုပ်သမားတွေက ဦးပိုင်ကို အရှုံးခံဝယ်ပြီးတော့ အပ်နေရတယ်”ဟု၎င်းက ဆိုသည်။

စီးပွားရေးဦပိုင်လီမိတက်မှ ဆန်ကုန်သည်များအား စာချုပ်ချုပ်ဆိုပြီး ၀ယ်ယူနေရာတွင် စာချုပ်ပါဈေးနှုန်းမှာ ဆန်တတင်းခွဲ တအိတ်လျှင် ၁၃၅၀၀ ကျပ် ၀န်းကျင် ဖြစ်ပြီး ယနေ့ ပေါက်ဈေးမှာ ၁၄၅၀၀ ကျပ်ဖြစ်နေကြောင်း၊ စာချုပ်အတိုင်း မအပ်နိုင် လျှင် ဦးပိုင်အဖွဲ့၏ တရားစွဲဆိုခြင်းကို ခံရမည်ဖြစ်ကြောင်း ဆန်လုပ်ငန်းရှင်များက ပြောဆို သည်။

လက်ရှိအခြေအနေတွင် ဆန်အသစ်ထွက်မည့် အချိန်သည်လည်း တလခန့်လိုသေး၍ ဆန်အသစ်မပေါ်သေးသောကြောင့် ဆန်ထွက်ရာဒေသဖြစ်သည့် ဧရာဝတီတိုင်းမှ ရေကြည်မြို့၊ အသုတ်မြို့နှင့် ဟသာင်္တမြို့များမှလည်း ရန်ကုန်ဈေးကွက် တွင် လာရောက်ဝယ်ယူနေကြသည်ဟု သိရသည်။

ဆန်အသစ်မထွက်ပေါ်သေး သောကြောင့် ဈေးနှုန်းများ တက်ခြင်းမှာ ပုံမှန် ဖြစ်သော်လည်း ၅၀၀၀တန် ငွေစက္ကူ အသစ် များထုတ်လုပ်သုံးစွဲမည်ဟု ကြေညာလိုက်သည့်နေ့မှ စတင်ပြီး ဈေးကွက်တွင် ဆန်ဈေးနှုန်းလည်း ပိုမိုမြင့်တက်လာသည် ဟု ဧရာဝတီတိုင်းမှ ဆန်ကုန်သည်တဦးကလည်း ဆိုသည်။

“ဈေးကတော့ အခါတိုင်းနှစ်တွေလည်း ဒီလိုအချိန်ဆိုတက်တာပဲ၊ ဒါပေမယ့် အခုငွေစက္ကူကိစ္စမှာ လူတွေက လန့်သွားတော့ ပိုဆိုးတယ်”ဟု ၎င်းကပြောသည်။

စစ်အစိုးရက ယင်း ၅၀၀၀ ကျပ်တန် ငွေစက္ကူများကို ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက်နေ့ ထွက်ရှိမည်ဟု ကြေညာခဲ့ပြီး အောက်တိုဘာ ၂ ရက်နေ့တွင် စတင်သုံးစွဲခဲ့သည်။

ယခုကဲ့သို့ ၅၀၀၀ ကျပ်တန် ထုတ်ဝေမှုသည် ပြည်တွင်း စီးပွားရေးလောကကို ဂယက်ရိုက်မှု ရှိကြောင်း ရန်ကုန်မြို့ရှိ စီးပွားရေး ပညာရှင်တဦးက ပြောဆိုသည်။

“ဂယက်လုံးဝ မရှိဘူးဆိုတာတော့ မဟုတ်ဘူး၊ ၅၀၀၀ တန် မှာ ရိုက်နှိပ်ထားတဲ့ နံပါတ် ၇ လုံးကို ကြည့်လိုက်ရင် ထွက်လာ မယ့် အရွက်ရေမနည်းဘူး ဆိုတာခန့်မှန်းလို့ရတယ်၊ နောက်ပိုင်းမှာလည်း ငွေကြေးဖောင်းပွမှု မလွဲမသွေဖြစ်လာနိုင်တယ်” ဟု ၎င်းကပြောသည်။

ထိုသို့ ငွေကြေးနှင့် ဈေးကွက် မငြိမ်သက်မှုကြောင့် ဆန်ကုန်သည်များအနေဖြင့် ငွေကြေးအရ များစွာနစ်နာမှုဖြစ်နေ ကြောင်း ဘုရင့်နောင်ပွဲရုံတန်းမှ ဆန်ကုန်သည်ကပြောသည်။

“ကုန်သည်တဦးကို အနည်းဆုံး အိတ်ရေ ၂သောင်း၊ ၃သောင်းချုပ်ထားတာလေ၊ အခုဆို တအိတ်ကို ၁၀၀၀ကျပ် လောက် ဈေးဟနေပြီ”ဟု ၎င်းကဆိုသည်။

ဆန်ဈေးကွက်တွင် လက်ရှိ ဖြစ်ပေါ်နေသော ဆန်ဈေးမှာ ဖျာပုံပေါ်ဆန်းမွှေးရှယ် တတင်းခွဲ တအိတ်လျှင် ၂၉၀၀၀ ကျပ်၊ အလယ်အလတ်တန်းစား ပေါ်ကျွဲ အမျိုးအစား ဆန်မှာ ၂၀၀၀၀ ကျပ် နှင့် နိုင်ငံခြားသို့ တင်ပို့သည် အကျိုးအကျေ ၂၅ ရာ ခိုင်နှုန်း ပါဝင်သည့် ဧည့်မထဆန်ကြမ်းမှာ တတင်းခွဲ တအိတ်လျှင် ၁၄၅၀၀ ကျပ် နှင့် လက်ရှိလူအများစားသုံးနေသည့် ဆန် ကြမ်းမှာ ၁၈၀၀၀ ကျပ် ပေါက်ဈေးရှိသည်။ ယခင်ဈေးနှုန်းများထက် ပျမ်းမျ အားဖြင့် တတင်းခွဲတအိတ်လျှင် ၁၅၀၀ ကျပ် ၀န်းကျင် တက်ရောက်သွားသည်ဟု သိရသည်။

Monday, October 5, 2009

တရုတ်အလုပ်သမား အဆောက်အဦအတွက် သစ်များ ခုတ်လှဲမည်

တရုတ်အလုပ်သမား အဆောက်အဦအတွက်
သစ်များ ခုတ်လှဲမည်

ခိုင်လင်း / ၅ အောက်တိုဘာ ၂၀၀၉

line

ဧရာဝတီမြစ်ဆုံရေကာတာ တည်ဆောက်မည့် တရုတ်အလုပ်သမားများ နေထိုင်ရန် အဆောက်အဦအတွက် လိုအပ်သည့်သစ်များ ထုတ်ယူနိုင်ရန် ခုတ်လှဲမည့်သစ်ပင်များကို စတင်သတ်မှတ်နေသည်။

မလိခမြစ်အနောက်ဘက်ခြမ်းနှင့် တန်ဖဲကျေးရွာဝန်းကျင်ရှိ သစ်တောများသို့ မြစ်ကြီးနားမြို့နယ် သစ်တောဌာနအရာရှိများနှင့် အေးရှားဝေါလ်ကုမ္ပဏီမှ တာဝန်ရှိသူ စုစုပေါင်း (၇) ဦးတို့သည် ဒေသခံလမ်းပြများ ခေါ်ဆောင်ပြီး ညအိပ်သွားရောက်ကာ ခုတ်ယူရမည့် သစ်များကို အောက်တိုဘာ (၁) ရက်မှစ၍ ရွေးချယ်သတ်မှတ်ပေးနေသည်ဟု တန်ဖဲကျေးရွာသားတဦးက ပြောသည်။

၎င်းက “တောအုပ်တို့၊ တောခေါင်းတို့ ပါတယ်။ သူတို့တွေက ဘယ်သစ်ပင်၊ ဘယ်သစ်ပင် ခုတ်ရမယ်ဆိုပြီး တောတွေထဲမှာ လိုက်ကြည့်နေတာ။ ခုတ်ရမယ့်အပင် သတ်မှတ်ပေးနေတာပေါ့။ အားလုံးက တန် (၅) ထောင် ခုတ်မယ်လို့ ကြားရတယ်။ အလုပ်သမားက သောင်းချီရှိတယ်။ သူတို့နေဖို့ အိမ်တွေ၊ တန်းလျားတွေ ဆောက်ရမယ်။ အဲဒီအတွက် သစ်ရှာနေတာ” ဟု ပြောသည်။

မြစ်ကြီးနားနှင့် တန်ဖဲရွာအကြား၊ မြစ်ကြီးနားမြို့မှ မြောက်ဘက် (၁၈) မိုင်အကွာရှိ မုံကာဆွတ်ကျေးရွာတွင် တရုတ်အလုပ်သမားများကို နေရာချထားရန် အစီစဉ်ရှိပြီး အဆောက်အဦ ဆောက်လုပ်ပြီးစီးသွားလျှင် ၎င်းတို့ရောက်လာရန် ရှိကြောင်း ရေကာတာဆောက်လုပ်ရေးစီမံကိန်းမှ တာဝန်ရှိသူများနှင့် နီးစပ်သည့် တန်ဖဲကျေးရွာသားတဦးက ပြောသည်။

၎င်းက “ပထမတသုတ် အရင်လာသွားပြီးပြီ။ အဲဒီတုန်းကတော့ ထောင်ပိုင်းပေါ့။ မေခမြစ်ဘက်မှာ ရေကာတာဆောက်ဖို့ ပြင်တာတွေ၊ ရေလွှဲမြောင်း ဥမင်လိုဏ်ခေါင်း ဖောက်တာတွေ လုပ်သွားကြတာ။ အခု လာမှာက (၂) သောင်း လောက်ရှိမယ်လို့ သိရတယ်။ သူတို့လာရင် ဒေသခံတိုင်းရင်းသူတွေအတွက်လည်း အန္တရာယ်ရှိတယ်။ အကျင့်စာရိတ္တပျက်ပြားတာတွေ ဖြစ်လာတယ်။ တန်ဖဲက ဆယ်ကျော်သက်အရွယ် မိန်းကလေး (၃) ယောက်ကို တရုတ်တွေက တရုတ်ပြည်မှာ အလုပ်ပေးမယ်ဆိုပြီး ဒီနှစ်အစောပိုင်းကပဲ ခေါ်သွားသေးတယ်။ အဲဒါ လမ်းတပိုင်းမှာ ပြန်ဖမ်းမိခဲ့တယ်” ဟု
ပြောသည်။

မေခမြစ်နှင့် မလိခမြစ်တို့ဆုံရာ ဧရာဝတီမြစ်ဆုံတွင် ရေကာတာ တည်ဆောက်ပြီး ရေအားလျှပ်စစ်ထုတ်ယူကာ တရုတ်ပြည်သို့ ရောင်းချမည့် စီမံကိန်းကြောင့် ကျေးရွာ (၆ဝ) ခန့် ရွှေ့ပြောင်းရမည်ဖြစ်သကဲ့သို့ လယ်ယာ မြေများ၊ ဥယျာဉ်ခြံများ၊ သစ်၊ ဝါးခြံများ ဆုံးရှုံးရမည်ဖြစ်ပြီး ဒေသအတွင်းမှ သစ်တောများပါ ပျက်စီးရမည်ဖြစ်ကြောင်း၊ ရေသတ္တဝါများ မျိုးသုဉ်းပျောက်ကွယ်နိုင်ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေနိုင်သည့်အတွက် ဒေသခံ လူထုအပါအဝင် ကချင်ပြည်လုံးဆိုင်ရာကျောင်းသားသမဂ္ဂ၊ ကချင်ပြည်ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက် စသည့်အဖွဲ့များကလည်း ဧရာဝတီမြစ်ဆုံရေကာတာစီမံကိန်းအား ရှုတ်ချကန့်ကွက်နေကြသည်။

ရဲချုပ်မပါသော မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ကျင်းပ

ရဲချုပ်မပါသော မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ကျင်းပ
မင်းနိုင်သူ / ၅ အောက်တိုဘာ ၂၀၀၉

line

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ (၄၅) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို အောက်တိုဘာ (၃) ရက်တွင် နေပြည်တော်၌ ကျင်းပရာ အခမ်းအနားကို ရဲချုပ်မပါဘဲ ကျင်းပသွားကြောင်း ပြည်တွင်းသတင်းထောက်များက ပြောသည်။

“ရဲမှူးကြီးဝင်းနိုင်နဲ့ ပတ်သက်တဲ့အမှုနဲ့ ရဲချုပ်ခင်ရီကိုပါ စုံစမ်းစစ်ဆေးမှုတွေပြုနေတယ်ဆိုတဲ့ သတင်းတွေပေါ်ထွက်နေတာဟာ အမှန်ပါပဲလို့ အတည်ပြုလို့ ရသွားတဲ့သဘောပါပဲ။ ဒီနှစ်ရဲတပ်ဖွဲ့နေ့ကတော့ ရဲချုပ်မပါဘဲ အခမ်းအနားလုပ်သွားတာ” ဟု ပြည်တွင်းသတင်းထောက်တဦးက ပြောသည်။

အဆိုပါအခမ်းအနားသို့ ရဲချုပ်ခင်ရီတက်ရောက်ခဲ့ခြင်းမရှိဘဲ ပြည်ထဲရေးဝန်ကြီးမောင်ဦး တက်ရောက်အမှာစကားပြောကြားပြီး ဒုတိယရဲချုပ် ရဲမှူးချုပ်ဇော်ဝင်း၊ ရဲဦးစီးအရာရှိချုပ် ရဲမှူးချုပ် ခင်မောင်စီ၊ ရဲရေးချုပ် ရဲမှူးချုပ် စိုးဝင်းမြင့်နှင့် ရဲထောက်ချုပ် ရဲမှူးချုပ် ၀င်းစိုးတို့သာ တက်ရောက်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့နေ့အခမ်းအနားတွင် ပြည်ထဲရေးဝန်ကြီးက သူတပါးကို အရေးယူနိုင်ရန် ဖမ်းဆီးစစ်ဆေးတရားစွဲတင်ရသော ဌာနဖြစ်၍ မိမိကိုယ်တိုင်ပုံရိပ်မှန်မှ တပ်ဖွဲ့၊ ဌာန ဂုဏ်တတ်မည်ဖြစ်ကြောင်း ထည့်သွင်းပြောဆိုသွားကာ ရဲမှူးချုပ်တဦးက ရဲချုပ်မှ ပေးပို့သည်ဆိုသော သ၀ဏ်လွှာကို ဖတ်ကြားခဲ့သည်။

“၀န်ကြီးပြောသွားတာတွေက သတင်းစာထဲမှာတော့ ဖတ်လို့ကောင်းပါတယ်။ ဒါပေမယ့် သူကိုယ်တိုင်ကရော အဂတိလိုက်စားမှု ကင်းရဲ့လားလို့ မေးရမှာပဲ။ ခက်တာက မြန်မာနိုင်ငံမှာ လစာနဲ့မလုံလောက်ကြတော့ ၀န်ထမ်းအားလုံးက နှစ်မူးတပဲနဲ့လည်း လာဘ်စားကြတာ။ လုပ်ပိုင်ခွင့်ရှိတဲ့ ရဲဆိုတာ အဆိုးဆုံးပေါ့။ နိုင်ငံရေးကလွဲရင် လိုင်းကြေးပေးရင် ကြိုက်တာလုပ်ဆိုတဲ့ သဘောတွေ ရဲတိုင်းမှာရှိတယ်။ သူတို့အထဲမှာကို ခြစားမှုတွေကလည်း အများကြီး။ ရဲမှူးကြီးဝင်းနိုင်ကိစ္စကိုပဲကြည့်” ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။

လွန်ခဲ့သည့် သြဂုတ်လအတွင်းက ရန်ကုန်တိုင်းရဲမှူးကြီးဝင်းနိုင်အား အဂတိလိုက်စားမှု၊ အမိန့်မနာခံမှုတို့ဖြင့် ဖမ်းဆီးစစ်ဆေး နေသည်ဆိုသော သတင်းများပေါ်ထွက်လာပြီးနောက် ရဲမှူးကြီးဝင်းနိုင် တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးလွတ်မြောက် သွားသည်ဆိုသော သတင်းထပ်မံထွက်ပေါ်ခဲ့သည်။

ထို့နောက် ရဲမှူးကြီးဝင်းနိုင်အား စစ်ဆေးစဉ် ရဲချုပ်ခင်ရီ၏ အဂတိလိုက်စားမှုများလည်း ပေါ်ပေါက်လာကာ ရဲချုပ်ခင်ရီပါ ဖမ်းဆီးစစ်ဆေးခံနေရသည်ဟု သတင်းထွက်ပေါ်နေခဲ့သည်။

ရဲမှူးကြီးဝင်းနိုင်နှင့် ရဲချုပ်ခင်ရီတို့မှာ စစ်ဘက်မှ ရဲဘက်သို့ပြောင်းလာကြသူများဖြစ်ကာ အကြီးမားဆုံးသော အဂတိလိုက်စားမှုများပြုလုပ်ခဲ့ကြသည်ဟု ရန်ကုန်တိုင်းရဲများကဆိုကြောင်း ပြည်တွင်းသတင်းထောက်များက ပြောသည်။

Thursday, October 1, 2009

မြို့တော်ခန်းမကြီးတ၀ိုက်နှင့် ရန်ကုန်မြို့အနှံ့ ရေကြီးရေလျှံဖြစ်

မို့တော်ခန်းမကြီးတ၀ိုက်နှင့် ရန်ကုန်မြို့အနှံ့
ရေကြီးရေလျှံဖြစ်

မျိုးချစ်သူ / ၃၀ စက်တင်ဘာ ၂၀၀၉

line


ယမန်နေ့ညနေက သည်းထန်စွာရွာသွန်းခဲ့သောမိုးကြောင့် ရန်ကုန်မြို့အနှံ့ ရေကြီးရေလျှံဖြစ်ကာ ပြည်သူအများ သွားရေးလာရေး အဆင်မပြေဖြစ်ကြရကြောင်း မြို့ခံများက ပြောသည်။

မိုးရွာသွန်းပြီး ရေကြီးခဲ့သဖြင့် မင်္ဂလာတောင်ညွန့်၊ တာမွေ၊ အင်းစိန်၊ ကမာရွတ်၊ ဗဟန်းနှင့် အခြားမြို့နယ်တို့တွင် လိုင်းကားများ ရပ်သွားခဲ့သည်ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။

“ကားတွေ ရေထဲနစ်သွားတယ်၊ စက်တွေရပ်သွားတဲ့အတွက် ကားစီးရေလျော့သွားတယ်။ ဒါကြောင့် ခရီးသည်တွေ စုပုံသွားတာ။ မနေ့က ညနေမှာ တက္ကစီငှားပြန်ရတဲ့သူတွေချည်း တွေ့ရတယ်ဗျ၊ လိုင်းကားတွေက ရပ်သွားတာကိုး” ဟု ၎င်းက ပြောသည်။

ယမန်နေ့ကရွာသည့် မိုးရေချိန်သည် (၇) လက္မကျော်ရှိကြောင်း မိုးလေ၀သစခန်းမှသိရသည်ဟု စည်ပင်အရာရှိတဦးက ပြောသည်။

မကြာသေးမီက ထုတ်ဝေသည့် The Voice ပြည်တွင်းသတင်းဂျာနယ်တွင် ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းက ရန်ကုန်မြို့ ရေကြီးရေလျှံဖြစ်ခြင်းကို ရေစုပ်စက် (၁၄) လုံးဖြင့် ကာကွယ်မည်ဟု ပြောဆိုခဲ့သော်လည်း လက်တွေ့တွင် မြို့နယ်တိုင်းလို ရေလျှံခဲ့ကြောင်း တာမွေမြို့နယ်တွင် နေထိုင်သူတဦးက ပြောသည်။

ရေကြီးရေလျှံခြင်း မဖြစ်စေရန်အတွက် ယခုနှစ်တွင် ရေမြောင်းများ ထပ်မံတိုးချဲ့ဆောင်ရွက်ခြင်းလုပ်ငန်းများကို မြို့တောင်စည်ပင်က ယခင်နှစ်ထက် ပိုမိုဆောင်ရွက်လျက်ရှိကြောင်းလည်း ပြည်တွင်းထုတ်သတင်းဂျာနယ်များက ရေးသားကြသည်။

အငြိမ်းစားစည်ပင်အရာရှိတဦးကမူ ရန်ကုန်မြို့ကို စနစ်တကျပြုပြင်ရန်အတွက် ငွေအင်အား၊ လုပ်သားအင်အားနှင့် စေတနာအင်အားများလိုအပ်ကြောင်း၊ စည်ပင်အရာရှိများသည် မြို့တော်ဝန်ချပေးသည့် project တခုရပါက ကိုယ့်အတွက် မည်မျှကျန်မည်ဆိုသည်ကို တွက်၍ လုပ်နေကြသည်ဟု ပြောဆိုသည်။

၎င်းက “ရန်ကုန်က လူတွေက စည်ပင်အကြောင်းကို သိပြီးသားဖြစ်နေကြပြီ။ သူတို့လုပ်တာကိုသာ မြင်တာ၊ လူတွေအတွက် အကျိုးခံစားရတာ နည်းတယ်” ဟု ပြောသည်။

ယမန်နေ့က ရွာခဲ့သောမိုးကြောင့် ရန်ကုန်မြို့တွင်း မြို့နယ်များနှင့် ရန်ကုန် စည်ပင်သာယာရေး ကော်မတီရှိရာ မြို့တော်ခန်းမကြီးဘေး ပတ်ဝန်းကျင်တွင်လည်း ရေကြီးရေလျှံခဲ့သည်။