တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ်တလျှောက် တည်ငြိမ်ရေးအတွက် အတူတကွပူးပေါင်းဆောင်ရွက်သွားရန် တရုတ်နိုင်ငံ၊ ကွမ်ရှီးပြည်နယ်၊ နန်နင်မြို့တွင် ရောက်ရှိနေသည့် နအဖအတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးနှင့် တရုတ်ဒု-ဝန်ကြီးချုပ် မစ္စတာ လီခဲချင်တို့အကြား ယမန်နေ့က သဘောတူညီချက်ရရှိခဲ့သည်ဟု တရုတ်အစိုးရက သတင်းထုတ်ပြန်သည်။ တရုတ်အစိုးရအနေဖြင့် တရုတ်-မြန်မာဆက်ဆံရေးကို အလေးထားပြီး မြန်မာ့စီးပွားရေးဆိုင်ရာ တည်ဆောက်မှုများနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆက်လက်ထောက်ခံကူညီသွားမည်ဟု တရုတ် ဒု-ဝန်ကြီးချုပ် မစ္စတာ လီခဲချင်က ပြောခဲ့ကြောင်း တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာန တွင် ဖော်ပြထားသည်။ တရုတ်-မြန်မာနယ်စပ်အခြေစိုက် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောကမူ တရုတ်-မြန်မာနယ်စပ်တည်ငြိမ်အေးချမ်းရေး အတွက် တရုတ်-မြန်မာ နှစ်နိုင်ငံအစိုးရချင်း လုပ်ဆောင်သွား၍မရဘဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင်သည့် သုံးဖက်ပူးပေါင်းဆောင်ရွက်သွားမှသာ အောင်မြင်မည်ဟု ပြောသည်။ ၎င်းက “တရုတ်ပြည်ကတော့ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို အမှန်တကယ်လိုလားလို့ ပြောနေတာ။ ဒါပေမယ့် နယ်စပ်မှာရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ မပါဘဲနဲ့တော့ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးဆိုတာ မဖြစ်နိုင်ပါဘူး။ ကိုးကန့်အရေးခင်းတုန်းကလည်း ဒီလိုပဲ ပြောခဲ့တာပဲ။ တကယ် သေနတ်သံထွက်တော့ ဘာမှမတတ်နိုင်ဘူး။ အခုလည်း နအဖဘက်က အတင်းအကျပ် နယ်ခြားစောင့်တပ် လုပ်ခိုင်းမယ်ဆိုရင်တော့ သေနတ်သံ ထွက်လာဦးမှာပဲ” ဟု ပြောသည်။ ကိုးကန့်အရေးအခင်းနှင့်ပတ်သက်၍ တရုတ်ဘက်က သတင်းပေးမှုအရ ဖုန်ကြားရှင်တို့အား မူးယစ်ဆေးဝါးကိစ္စဖြင့် အရေးယူရန် ဆောင်ရွက်ခဲ့ရကြောင်း နအဖက တိုက်ပွဲပြီးနောက်ပိုင်း သတင်းထုတ်ပြန်ခဲ့မှုအပေါ် တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီး မစ္စစ် ကျန်းယုက စက်တင်ဘာ (၁ဝ) ရက်တွင် ငြင်းဆိုထားပြီး တရုတ်အစိုးရအနေဖြင့် မြန်မာ့ပြည်တွင်းရေးကို မည်သည့်အခါကမျှ ဝင်ရောက်မစွက်ဖက်ကြောင်းနှင့် မြန်မာအစိုးရကိုလည်း ငြိမ်းချမ်းစွာ ဖြေရှင်းသည်ကို တွေ့မြင်လိုပါကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ပြီးခဲ့သည့် သြဂုတ်လကုန်ပိုင်းက ရှမ်းပြည်နယ်၊ အထူးဒေသ (၁) ကိုးကန့်နယ်မြေအတွင်း ကိုးကန့်တပ်ဖွဲ့နှင့် နအဖတပ်များအကြား ဖြစ်ခဲ့သည့် တိုက်ပွဲများကြောင့် ဒေသအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများ အပါအဝင် စစ်ပြေးဒုက္ခသည် (၃၇,ဝဝဝ) ကျော် တရုတ်ပြည်ဘက်သို့ ထွက်ပြေးခဲ့ရသည်။ စစ်ပွဲများကြောင့် ကိုးကန့်ဒေသတွင် တရုတ်နိုင်ငံသား (၁) ဦး သေဆုံး၍ (၁၃) ဦး ဒဏ်ရာရရှိခဲ့ပြီး တရုတ်ပြည်အတွင်း အမြောက်ကျည် (၃) လုံး ကျရောက်ပေါက်ကွဲ၍ တရုတ်နိုင်ငံသား (၁) ဦး သေဆုံးကာ (၂) ဦး ဒဏ်ရာရရှိခဲ့သည်။ ကိုးကန့်အရေးအခင်းကာလအတွင်း တရုတ်နိုင်ငံသားများ ထိခိုက်သေကျေမှု အပါအဝင် ပစ္စည်းများဆုံးရှုံးမှုအတွက် ကိုးကန့်ဒေသတဖက်ကမ်း လင်ချန်းခရိုင်အစိုးရက နစ်နာကြေး တရုတ်ငွေ သန်း (၂၈ဝ)၊ အမေရိကန်ဒေါ်လာအားဖြင့် သန်း (၄ဝ) ကျော် လျော်ကြေးပေးရန် တောင်းဆိုထားသကဲ့သို့ တရုတ်နိုင်ငံခြားရေးဌာနကလည်း တာဝန်ရှိသူများကို ဖော်ထုတ်အရေးယူပေးရန်နှင့် အရေးယူမှုအခြေအနေအား တရုတ်အစိုးရထံ ပြန်လည်တင်ပြရန် တောင်းဆိုခဲ့သည်။ |
No comments:
Post a Comment