Popular Posts

Thursday, July 9, 2009

Phakan ah, tui khanghangin lei kicim mitampi si!

ဖားကန့် ရေကြီး မြေပြို လူအများအပြား သေဆုံး

Thursday, 09 July 2009 17:38
ကချင်ပြည်နယ် ဖားကန့်ဒေသတွင် ဇူလိုင်လ ၅ ရက်နေ့မှစတင်၍ ၃ ရက်ခန့် မိုးသည်းထန်စွာ ရွာသွန်းရာမှ ဥရုချောင်းရေလျှံကာ မြေပြိုမှု ဖြစ်ပွားသောကြောင့် လူ ၂၀ ကျော် သေဆုံး ကြောင်း တာဝန်ရှိသူများက အတည် ပြုသော်လည်း အိမ်ခြေ ၆၀ ကျော်ပျက်စီးပြီး လူ ၇၀ကျော် သေဆုံးမှုရှိသည်ဟု ဒေသခံများက ပြောဆိုသည်။

ဖားကန့်ရှိ ကျောက်စိမ်းတွင်း တခုတွင် အလုပ်လုပ်နေသည့် အလုပ်သမားများကို တွေ့ရစဉ် (ဓာတ်ပုံ - Kachin Development Networking Group)

ယင်းသို့ မြေပြိုမှုများကြောင့် သေဆုံးသူအများစုမှာ ဥရုချောင်းဘေးရှိ ဖားကန့် အမှတ် ၁ ရပ်ကွက်၊ ၂ ရပ် ကွက်နှင့် ၃ ရပ်ကွက်တို့မှဖြစ်ပြီး ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေကြောင်း ကယ်ဆယ်ရေး လုပ်ငန်း ကြီးကြပ်နေသော ပြည်နယ်အဆင့် အရာရှိကြီးတဦးကပြောသည်။

အဆိုပါပြည်နယ်အဆင့် တာဝန်ရှိသူက“လောလောဆယ် စာရင်းအရ ကျား ၁၀ ၊ မ ၁၂ စုစုပေါင်း အလောင်း ၂၂ လောင်းရထားတယ်၊ ကယ်ဆယ်ရေး လုပ်ငန်းတွေစလုပ်နေပါပြီ၊ ကားလမ်းက ကားလေးတွေ သွားလို့ ရပြီ”ဟု ပြောဆိုသည်။

ဥရုချောင်း တလျှောက်ရှိ လုံးခင်းကျေးရွာတွင်မူ ရေကြီးမှုရှိခဲ့သော်လည်း လူအသေ အပျောက်မရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

ယမန်နေ့က ရေကျသွားပြီ ဖြစ်သော်လည်း လမ်းပန်းဆက်သွယ်ရေးနှင့် တယ်လီဖုန်းလိုင်းများ ပြတ်တောက် နေဆဲဖြစ်ပြီး နေအိမ်များအတွင်း ရွှံ့နွံများ တင်ကျန်မှုကို ကိုယ်ထူကိုယ်ထ ပြုလုပ်နေရကြောင်းနှင့် စားရေ ရိက္ခာတချို့ကို ကျောက်လုပ်ငန်းရှင်များက ထောက်ပံ့ကြောင်း ဖားကန့်မြို့ခံ တဦးက ပြောသည်။

ဥရုချောင်း တလျောက်၌ ကျောက်တွင်းတူးဖော်ာထးသည့် မြေစာများက ရေလမ်းပိတ်ဆို့မှုဖြစ်ပြီး တောင်ကျ ရေနှင့် မြစ်ချောင်း စီးဆင်းရန် မလုံလောက်သည့်အတွက် ဥရုချောင်းတွင် ရေထွက်ပေါက်မရှိ ဖြစ်ပြီး တဖြည်း ဖြည်း ကျယ်ပြန့်လာကာ ဖားကန့် မှော် (ကျောက်တွင်း)များအတွင်း ရေလျှံရခြင်းဖြစ်ကြောင်း ဖားကန့်နှင့် တဆက်တည်းရှိ ဆိုင်းတောင်မြို့ ဒေသခံတဦးက ဆိုသည်။

“ဝါဆို လပြည့်နေ့ ညနေ ကတည်းကနေ ဖုန်း လိုင်းတွေ အကုန်ပျက်သွားတာ၊ ဆိုင်းတောင် ကျောက်ဝိုင်းရှေ့ ရေချောင်း ဖြစ်သွားတယ်၊ ဖားကန့်မှာ လည်း လူတွေ အများကြီးသေတယ်၊ ရေကြီးတာမှ ကြောက်ခမန်း လိလိ ကြီးတယ်၊ ရေလမ်းသွားစရာ နေရာမရှိတော့ မြို့ပေါ် မြေနှိမ့်ပိုင်း အိမ်တွေ ရေမြုပ်တယ်၊ မိုးကတော့ ပုံမှန်ရွာတာပဲ၊ ဒီတခါလိုတော့ တခါးမှ မကြုံဖူးဘူး”ဟု သူက ပြောသည်။

ဆက်လက်ပြီး ၎င်းက“အဲဒီလိုဖြစ်ရခြင်းအကြောင်းအရင်းက ဖက်စပ်ကုမ္ပဏီတွေ ကျောက်တင်ကားတွေ အကုန်လုံးက ရေမြောင်းကို ပိတ်ပြီး ရေလမ်းမလွှဲဘဲနဲ့ ရေသွားစရာ လမ်းမရှိတဲ့ အတွက်ကြောင့် ဖြစ်ရတယ် လို့ပြောတယ်”ဟု ပြောဆိုသည်။

ယခင်၂၀၀၈ ခုနှစ် ဇူလိုင်လအတွင်းကလည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြို၍ လူ၂၀ ကျော် သေဆုံးခဲ့ သေးသည်။

ကချင်ပြည်နယ် ဖားကန့်ဒေသအတွင်း နှစ်စဉ်မိုးရာသီအချိန်တိုင်း ယခုကဲ့သို့ မြစ်ရေလျှံမှုကြောင့် ရေကြီး မြေပြိုမှုများရှိသော်လည်း ယခုနှစ်ကဲ့သို့ အသေအပျောက်မများပေ။
မြေပြိုမှုဖြစ်ပွားရာ ဖားကန့်ဒေသသည် မြန်မာနိုင်ငံတွင် အဖိုးတန် ကျောက်စိမ်းထွက်ရှိမှု အမြင့်ဆုံးဒေသ တစ်ခု ဖြစ်ပြီး မြန်မာနိုင်ငံ အနှံ့အပြားမှ သိန်းနှင့်ချီသည့် လူများ လစဉ် ဝင်ထွက်သွားလာသော နေရာဒေသ တခုဖြစ်သည်။

ဖားကန့် ကျောက်စိမ်းတွင်းမှ တူးဖော်ရရှိသော ကျောက်မျက်ရတနာ အများစုကို အစိုးရတရားဝင် ခွင့်ပြုချက် ဖြင့် ရန်ကုန်မြို့ရှိ မြန်မာ ကွန်ဗင်းရှင်းစင်တာတွင် ကျောက်မျက်အရောင်းပြပွဲများ နှစ်စဉ်ကျင်းပလေ့ရှိရာ တနှစ်လျှင် အမေရိကန်ဒေါ်လာ သန်းနှင့်ချီရရှိသည်ဟု သိရသည်။

ထိုဒေသတွင် တီဘီရောဂါ၊ ဌက်ဖျားရောဂါ၊ ခုခံအားကျဆင်းမှုရောဂါနှင့် မူးယစ်ဆေးဝါး အလွန် အကျွံ သုံးစွဲမှုများကြောင့် လူသေဆုံးမှု အလွန်မြင့်မားသော ဒေသဖြစ်ပြီး ကျန်မာရေးဆိုင်ရာ INGO ကို ဆေးကုသ မှုလုပ်ငန်းများ မလုပ်ဆောင်ရန် တင်းကျပ်စွာ တားမြစ်ထားသော ဒေသလည်းဖြစ်သည်ဟု ရန်ကုန် နယ်စည်း မခြားဆရာဝန်များအဖွဲ့(ဟော်လန်) မှ မြန်မာနိုင်ငံသားကျန်းမာရေးဝန်ထမ်းတစ်ဦးက ရှင်းပြသည်။

အဆိုပါသတင်းများနှင့် ပတ်သက်ပြီး အစိုးရသတင်းစာများတွင် ဖော်ပြထားခြင်းမရှိပေ။

ဤ သတင်းကို ဧရာဝတီ သတင်းထောက် အောင်သက်ဝိုင်း ပူးပေါင်း ရေးသားသည်။

No comments:

Post a Comment