Popular Posts

Wednesday, August 12, 2009

Suu Kyi tunga anunung pen thukhenna!!!

နောက်ဆုံးစီရင်ချက် တရားခွင်မြင်ကွင်း

E-mail Print
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှု အပြီးသတ်အမိန့်ချမှတ်တဲ့ အင်းစိန်ထောင်တွင်း အထူးတရားရုံး တရားခွင်ကို တက်ရောက်ခွင့်ရသူတဦးက ပြန်ပြောပြတဲ့အတိုင်း ဖော်ပြလိုက်ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အမှု အပြီးသတ်အမိန့် ချတဲ့ တရားခွင်ကို ပြည်တွင်း၊ ပြည်ပသတင်းထောက်တွေ သံတမန်တွေကို တရားဝင် တက်ခွင့်ပြုမယ်လို့ ဒီနေ့ မနက် ၁၀ နာရီ လောက်ကတည်းက ကြားတာပါ။

တရားခွင်ကို မနက် ၁၀ နာရီ ၄၅ မိနစ်မှာ တရားဝင် စတင်ခဲ့ပါတယ်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ အထူး ကြပ်မတ် ကုသဆောင်မှာ ဆေးကုသမှုခံယူခဲ့ရတဲ့ မစ္စတာ ဂျွန် ၀ီလျံ ယက်ထောက အင်္ကျီဖြူပြာရောင် လက်ရှည်နဲ့ နို့်နှစ်ရောင် ဘောင်းဘီကို ၀တ်ထားပါတယ်။

နာမည်ဆိုးနဲ့ ကြော်ကြားတဲ့ အင်းစိန်ထောင် အထူးတရားရုံးက အ၀ါရောင်နောက်ခံ လိုက်ကာစကြီးတွေနဲ့ တော်တော်လေး သပ်သပ်ရပ်ရပ်ရှိလှပါတယ်။ သံတမန်တွေ၊ သတင်း ထောက်တွေက ပလတ်စတစ် ထိုင်ခုံ အနီတွေနဲ့ ထိုင်နေကြတယ်။

ကင်မရာတွေ၊ လက်ကိုင်ဖုန်းတွေကို သတင်းထောက်တွေ၊ သံတမန်တွေက တရားရုံး အ၀င်အ၀မှာ အပ်ထားခဲ့ရပေမယ့် လုံခြုံရေးတာဝန်ကျတွေကတော့ တက်ရောက်လာကြတဲ့ သံတမန်တွေ၊ သတင်းထောက်တွေကို သူတို့ရဲ့ ကင်မရာတွေ၊ လက်ကိုင်ဖုန်းတွေနဲ့ မှတ်တမ်းတင်နေပါတယ်။

ဒေါ်အောင်ဆန်းစုကြည် က မနက် ၁၀ နာရီ၊ မိနစ် ၅၀ မှာ တရားခွင်ကို ရောက်ရှိလာပါတယ်။

ပန်းရောင် ရင်ဖုံးအင်္ကျီ၊ အညိုရောင်နဲ့ ငွေမင်ရောင်စပ် ထဘီကို ၀တ်ဆင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မျက်နှာကတော့ နည်းနည်း ချောင်ကျနေပြီး ဖြူဖပ်ဖြူရော် ဖြစ်နေပါတယ်။ တရားခွင်ကို ရောက်တယ်ဆိုရင်ပဲ သူက သံတမန်တွေဘက်ကို လှည့်ပြီး တရားခွင်ကို တက်ရောက်လာတဲ့အတွက် ကျေးဇူးတင်တဲ့အကြောင်း၊ နောက်ကျတဲ့အတွက် တောင်းပန်တဲ့ အကြောင်း ပြောလိုက်ပါတယ်။ သူနဲ့အတူ ဒေါ်ခင်ခင်ဝင်းနဲ့ မ၀င်းမမ တို့လည်း လိုက်ပါလာတယ်။

အဲဒီနောက် မနက် ၁၁ နာရီခန့်မှာ မစ္စတာယက်ထောရဲ့ အမှုအတွက် တရားသူကြီး တဦးက အမှုဖြစ်စဉ်နဲ့ ချမှတ်တဲ့ အမိန့်ကို စဖတ်ပါတယ်။

ပြည်ဝင်ခွင့်ဗီဇာပါ တားမြစ်ချက်တွေကို ချိုးဖောက်တဲ့အတွက် အလုပ်နဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်တယ်။ စည်ပင်ဥပဒေအရ ရေကူးခွင့်မရှိတဲ့ အင်းလျားကန်မှာ ရေကူးတဲ့အတွက် အလုပ်နဲ့ ထောင်ဒဏ် ၁ နှစ် ချမှတ် တယ်လို့ တရားသူကြီးက ဖတ်ကြားတယ်။

အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်ကို အမိန့်ချဖို့ တရားသူကြီးက ပြင်ပါတယ်။ အဲဒီအချိန်မှာတော့ သံတမန်တွေ၊ သတင်းထောက်တွေက လှုပ်လှုပ်ရှားရှား ဖြစ်နေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အမှု စီရင်ချက် ချမယ်ဆိုတော့ ဒေါ်အောင်ဆန်းစုကြည် ရှေ့နေတွေက မတ်တပ်ရပ်ပြီး တရားသူကြီးကို အရိုအသေပေးတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း ခဏလေး မတ်ရပ်ပြီး ပြန်ထိုင်တယ်။ သူ့ပုံစံက အတော်ကို တည်ငြိမ်ပါတယ်။ အဲဒီအချိန်မှာ မစ္စတာ ယက်ထောကတော့ မတ်တပ်ရပ်နေတဲ့ သူ့ရှေ့နေဘေးနားမှာ ခေါင်းငုံ့ပြီး ထိုင်နေတယ်။

တရားသူကြီးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုဖြစ်စဉ်ကို တော်တော်ကြာကြာ ပြန်လည်ဖတ်ကြားပါတယ်။ အဲဒီလို ဖတ်ကြားပြီးတဲ့ နောက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေ တင်ပြခဲ့တဲ့ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပယ်ဖျက်ပြီးတယ်ဆိုတာ မဟုတ်မှန်ဘဲ ဆက်လက်ကျင့်သုံးနေဆဲ ဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်း စုကြည်၊ ဒေါ်ခင်ခင်ဝင်း၊ မ၀င်းမမတို့ကို ၁၉၇၅ ခုနှစ် နိုင်ငံတော် နှောင့်ယှက်ဖျက်ဆီးလိုသူများ ကာကွယ်ရေး ဥပဒေ ပုဒ်မ ၂၂ အရ အလုပ်နဲ့ ထောင်ဒဏ် ၃ နှစ်ဆီ ချမှတ်တယ်လို့ အမိန့်ချလိုက်ပါတယ်။

ဒါ့အပြင် မစ္စတာယက်ထောကိုလည်း အဲဒီပုဒ်မ ၂၂ အရ အလုပ်နဲ့ ထောင်ဒဏ် ၃ နှစ် အမိန့်ထပ်မံချမှတ် လိုက်ပါတယ်။

အဲဒီအချိန်မှာ သံတမန်တွေ၊ သတင်းထောက်တွေ လှုပ်လှုပ်ရှားရှားဖြစ်သွားကြပြီး တရားသူကြီးကတော့ တရားခွင်ကနေ ချက်ချင်းပြန်ထွက် သွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က သူ့ရှေ့နေနဲ့ စကားပြောရင်း တရားရုံးကနေ ပြန်လည် ထွက်ခွာဖို့ ပြင်နေချိန်မှာပဲ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးတရားရုံးထဲဝင်လာပြီး ပြောစရာရှိသေးလို့ ခဏလောက် စောင့်ဆိုင်းပေးဖို့ သံတမန်တွေနဲ့ သတင်းထောက်တွေကို ပြောပါတယ်။

အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည် ကို တရားရုံးက ပြစ်ဒဏ်ချမှတ်ရင် ပြစ်ဒဏ်တ၀က် လျော့ပေါ့ပေးဖို့နဲ့ လျော့ပေးတဲ့ပြစ်ဒဏ်ကိုလည်း ဆိုင်းငံ့ထားပြီး နေအိမ်မှာ ခံဝန်စည်းကမ်းချက်တွေနဲ့ နေရင် ဆိုင်းငံ့ပြစ်ဒဏ် ကာလ တ၀က် မကျော်လွန်သေးတဲ့ အချိန်မှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်ဆိုတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အမိန့်ကို ဖတ်ပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ခင်ခင်ဝင်းနဲ့ မ၀င်းမမတို့ လိုက်နာရမယ့် စည်းကမ်းတွေကတော့ တက္ကသိုလ် ရိပ်သာလမ်း မှာရှိတဲ့ နေအိမ်မှာပဲ နေရမယ်၊ ခြံဝင်းအတွင်းမှာ လွတ်လွတ်လပ်လပ် သွားလာခွင့်ရှိမယ်၊ ကျန်းမာရေးအတွက် ဆရာဝန်၊ သူနာပြုများနဲ့ ပြသခွင့်ရမယ်၊ သက်ဆိုင်ရာ ခွင့်ပြုချက်နဲ့ ဧည့်သည် တွေ့ခွင့် ရှိမယ်၊ မြ၀တီ၊ မြန်မာ့ရုပ်မြင်သံကြား ကြည့်ရှုခွင့်ရှိမယ်၊ မြန်မာနိုင်ငံထုတ် နေ့စဉ်သတင်းစာတွေနဲ့ ဂျာနယ်၊ မဂ္ဂဇင်းတွေ ဖတ်ခွင့်ရမယ်၊ မိမိရဲ့ လိုအပ်ချက်တွေကို စာနဲ့ ရေးသား တောင်းဆိုခွင့်ရမယ်၊ ဒီစည်းကမ်းချက်တွေ အပြင် တခြားကိစ္စတွေ ဆောင်ရွက်လိုရင်လည်း သက်ဆိုင်ရာကို ခွင့်ပြုချက် တောင်းခံပြီး ဆောင်ရွက်ခွင့်ရှိမယ် လို့ ဆိုပါတယ်။ အဲဒီအချက် ၈ ချက်နဲ့ နေအိမ်တွင် ၁၈ လကြာ နေထိုင်ရမယ်လို့ ဗိုလ်ချုပ်မောင်ဦးက ဆိုပါတယ်။

သံတမန်တွေဘက်ကို လှည့်ပြီး စကားပြောနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မျက်နှာက နည်းနည်း ညှိုးနွမ်း နေတာကလွဲလို့ တည်ကြည်နေပြီး သူ့မျက်ဝန်းတွေက လင်းလက်တောက်ပ နေပါတယ်။

တရားရုံးက ပြန်ထွက်လာတဲ့အချိန်မှာတော့ နေ့လယ် ၁၂ နာရီ ခွဲခါနီးနေပါပြီ။

အင်းစိန်ထောင်နား ပတ်ဝန်းကျင်နဲ့ အင်းစိန်မြို့မဈေးရှေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင်တွေ အပါအဝင် ပြည်သူလူထု တထောင်ကျော်လောက် စုဝေးနေပြီး စွမ်းအားရှင်တွေ၊ လုံထိန်းတွေလည်း ဖွေးဖွေးလှုပ်အောင် တွေ့နေရပါတယ်။

No comments:

Post a Comment