Popular Posts

Monday, September 28, 2009

တရားမဝင် ဝင်ရောက်နေသည့် တရုတ်နိုင်ငံသားများ အမြန်ပြန်လာရန် တရုတ်က နှိုးဆော်ထား

တရားမဝင် ဝင်ရောက်နေသည့် တရုတ်နိုင်ငံသားများ
အမြန်ပြန်လာရန် တရုတ်က နှိုးဆော်ထား

ခိုင်လင်း / ၂၈ စက်တင်ဘာ ၂၀၀၉

line

မကြာသေးခင်က တိုက်ပွဲများဖြစ်ပွားခဲ့သည့် ကိုးကန့်ဒေသအပါအဝင် ရှမ်းပြည်နယ်ရှိ အပစ်ခတ်ရပ်ဒေသအတွင်း တရားမဝင် ဝင်ရောက်နေထိုင်ကြသည့် တရုတ်နိုင်ငံသားများ အမြန်ပြန်လာရန် သက်ဆိုင်ရာ နယ်စပ်ဒေသ တရုတ်အာဏာပိုင်များက နှိုးဆော်ထားသည်။

အပစ်ခတ်ရပ်အဖွဲ့များ ထိန်းချုပ်ရာဒေသအတွင်း တရားမဝင်နည်းလမ်းဖြင့် နယ်စပ်ဖြတ်ကျော်ပြီး စီးပွားရေး လုပ်ကိုင်နေကြ သူများနှင့် လောင်းကစားလုပ်ကြသူများအားလုံး ပြန်လာကြရန် အပစ်ခတ်ရပ်အဖွဲ့များမှတဆင့် တရုတ်အာဏာပိုင်များက ယခုလ (၂၅) ရက်တွင် နှိုးဆော်ထားသည်ဟု ကိုးကန့်ဒေသရှိ ချင်းရွှေဟော်မြို့မှ ကုန်သည်တဦးက ပြောသည်။

၎င်းက “ဘာလက်မှတ်မှမရှိဘဲ နေနေကြတဲ့ တရုတ်တွေကို ပြန်ခိုင်းနေတာ။ လက်မှတ်တွေ ဂိတ်မှာလုပ်ခဲ့ပြီး ပြန်ဝင်လို့တော့ ရတယ်။ ဒီဘက်ထဲမှာရှိနေတဲ့ သူတို့တရုတ်တွေကို ပြန်ပြီးစာရင်းကောက်ချင်တဲ့ သဘောနဲ့တူတယ်။ (၁၅) ရက်စာ နေထိုင်ခွင့်ပဲ ပေးတယ်။ ဈေးဆိုင်လာဖွင့်တဲ့သူတို့၊ ဒီမှာလာပြီး အလုပ်လုပ်နေတဲ့သူတို့ အားလုံး (၁၅) ရက်တခါ တရုတ်ဂိတ်တွေမှာ နယ်စပ် ဖြတ်ကျော် လက်မှတ်လုပ်ရမယ်။ ပြီးရင် ဒီဘက်ကို ပြန်ဝင်ပေါ့” ဟု ပြောသည်။

တရုတ်နိုင်ငံသားများ မြန်မာပြည်ဘက်သို့ ဝင်ထွက်သွားလာမှုအပေါ် နယ်စပ်ဒေသ တရုတ်အာဏာပိုင်များက ဝင်ထွက်ခွင့် လက်မှတ်ကို အစောပိုင်းကာလများကဲ့သို့ အလွယ်တကူ ထုတ်မပေးတော့ဘဲ တင်းကျပ်မှုများရှိနေသည်ဟု အဆိုပါဒေသခံက ပြောသည်။

ရှမ်းပြည်အရှေ့ပိုင်း၊ အထူးဒေသ (၄) မိုင်းလားဒေသအတွင်း ရှိနေကြသည့် တရုတ်နိုင်ငံသားများနှင့် ရှမ်းပြည်နယ်၊ အထူးဒေသ (၂)၊ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်ဌာနချုပ်ရှိရာ ပန်ဆန်းနှင့် မိုင်းမောမြို့အပါအဝင် ဒေသအတွင်းရှိ တရုတ်နိုင်ငံသားများအနေဖြင့်လည်း အလားတူ နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ် ရယူပြီးမှသာ နေထိုင်ခွင့်ရှိသည်ဟု အဆိုပါဒေသအတွင်းရှိ ဒေသခံများက ပြောသည်။

ပြီးခဲ့သည့်လကုန်ပိုင်းက ရှမ်းပြည်အရှေ့မြောက်ပိုင်း၊ ကိုးကန့်ဒေသအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် မြန်မာပြည်ဘက်တွင် တရုတ်နိုင်ငံသား (၁) ဦးသေဆုံးပြီး (၁၃) ဦး ဒဏ်ရာရရှိခဲ့သည်ဟု တရုတ်အာဏာပိုင်များက တရားဝင်ထုတ်ဖော်ပြောဆိုထားသည်။

၂ဝဝဝ ပြည့်နှစ်၊ နိုဝင်ဘာလအတွင်း ရှမ်းပြည်နယ်၊ အရှေ့မြောက်ပိုင်း၊ မုံးကိုးဒေသတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း လီနင်မင် ဦးဆောင်သည့် မုံးကိုးကာကွယ်ရေး တပ်ဖွဲ့တွင် ကြေးစားစစ်သားအဖြစ် ဝင်ရောက်လုပ်ခဲ့ကြသူများ အပါအဝင် တရုတ်နိုင်ငံသား အနည်းဆုံး (၅ဝ) ထက်မနည်း သေဆုံးခဲ့သည်ဟု မုံးကိုးတပ်ဖွဲ့ အာဏာသိမ်းအရေးအခင်းကို စောင့်ကြည့်လေ့လာသူများက ခန့်မှန်းထားကြသည်။

တရုတ်အာဏာပိုင်များက တိုက်ပွဲများ တစုံတရာဖြစ်လျှင် တရုတ်နိုင်ငံသားများ တိုက်ပွဲဖြစ်ရာဒေသအတွင်း မည်ရွေ့မည်မျှ ရှိနေသည်သို သိရှိနိုင်ရန် ယခုကဲ့သို့ ကြိုတင်စာရင်းပြုစုချင်သကဲ့သို့ အပစ်ခတ်ရပ်အဖွဲ့နယ်မြေထဲ သွားရောက်ခွင့်ကိုလည်း ကန့်သတ်ထားချင်ပုံရကြောင်း တရုတ်-မြန်မာနယ်စပ် အကဲခတ်များက ယူဆနေကြသည်။

No comments:

Post a Comment