Popular Posts

Tuesday, June 30, 2009

Galkap Kumpi ten Zogam a, khamtung lo te abeinading geelna nei

ရွှေ့ပြောင်းတောင်ယာ ပပျောက်ရေး စီမံချက်ကြောင့် ဒေသခံများအခက်တွေ့

Tuesday 30 june 2009, 18:36

ချင်းပြည်နယ်တွင် ရွှေ့ပြောင်း တောင်ယာစနစ် ပပျောက်စေရန် အစိုးရက စီမံချက် ဆောင်ရွက် နေခြင်းကြောင့် မိရိုးဖလာ တောင်ယာ စိုက်ပျိုးရေး လုပ်ကိုင်သူများ စားဝတ်နေရေး အခက်တွေ့ နေရကြောင်း ဒေသခံများက ပြောသည်။

မြန်မာနိုင်ငံ အနောက်ခြမ်းတွင် တည်ရှိသော တောင်ပေါ်ဒေသ တစ်ခုဖြစ်သည့် ချင်းပြည်နယ်တွင် ရွှေ့ပြောင်း တောင်ယာ ပပျောက်စေရန် အစိုးရက ကော်ဖီ၊ လက်ဖက် ကဲ့သို့သော နှစ်ရှည်ပင်များကို စိုက်ပျိုးစေသောကြောင့် နည်းပညာကျွမ်းကျင်မှု မရှိသည့် ပြဿနာနှင့် ရင်ဆိုင်နေရသည်ဟု တောင်ယာစိုက်ပျိုးခြင်းဖြင့် နှစ် ၃၀ နီးပါး အသက်မွေးခဲ့သည့် တီးတိန်မြို့မှ ဦးထန်းလိန်းက ဆိုသည်။

“လက်ဖက်တို့၊ ကော်ဖီတို့က စိုက်ပြီးပြီးခြင်း ငွေမပေါ်ဘူး။ နောက် ၄၊ ၅ နှစ်လောက်မှ အကျိုးအမြတ်ကို ခံစားရမှာ။ ကျွန်တော်တို့က အရင်ကတည်းက စပါးပဲစိုက်လာတာ။ အခုအပင်တွေ စိုက်ရတာ လုံးဝ အဆင်မပြေ ဘူး” ဟု ၎င်းက ဆက်ပြောသည်။

ချင်းပြည်နယ်အတွင်း ဒေသခံများကို ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးခြင်း၊ သစ်ခုတ်ခြင်းများ တားမြစ်ထား သော်လည်း အစိုးရနှင့် နီးစပ်သော စီးပွားရေးလုပ်ငန်းရှင် တချို့မှာမူ သစ်ထုတ်လုပ်ခွင့်များ ရရှိထားသည်ဟု သိရသည်။

ယခုကဲ့သို့ ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးခွင့် ပိတ်ပင်သည့်အပြင်၂၀၀၈ ခုနှစ် နှစ်ဆန်းပိုင်းက ချင်းပြည်နယ် အတွင်း သာမန်အရွယ်အစားထက် ပိုမိုကြီးမားသော မြေကြွက်ကြီးများ ပေါများလာပြီး စိုက်ခင်းများကို လိုက်လံ ဖျက်ဆီးခဲ့ခြင်းကြောင့် ဒေသခံများ အနေနှင့် ပျက်စီးသွားသော ယာခင်း၊ စိုက်ခင်းများကို ပြန်လည် စိုက်ပျိုးထူထောင်ရန် အခက်အခဲ များစွာကြုံနေရသည်ဟုလည်း ပလက်ဝမြို့နယ်ရှိ တောင်သူတဦးက ပြောသည်။

“တောင်ယာ စိုက်ပျိုးတာကိုလည်း တားမြစ်တယ်၊ စားဝတ်နေရေးအတွက် တပိုင်တနိုင် သစ်ခုတ်တာကိုလည်း တားမြစ်ထားတဲ့အထဲ စပါးခင်းတွေ ကောက်ပဲသီးနှံ အပင်တွေကို ကြွက်တွေ ၀င်ကိုက်ဖျက်လို့ ဒုက္ခရောက် နေရတယ်” ဟု ၎င်းက ဆက်ပြောသည်။

ချင်းပြည်နယ်ရှိ တောင်ယာစိုက်ပျိုးသူများသည် စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်ခြင်းထက် ဒေသ၀မ်းစာ ဖူလုံရေး ကိုသာ ဦးစားပေးစိုက်ပျိုးနေရသောကြောင့် ကျောင်းနေအရွယ် ကလေးများကို ကျောင်းထားနိုင်ရန် အခက်အခဲ ကြုံတွေ့နေရကြောင်း ပလက်ဝမြို့နယ်မှ အထက်တန်းပြ ဆရာတဦးက ပြောသည်။

“လမ်းပန်းဆက်သွယ်ရေးက အရမ်း ခက်ခဲတဲ့အတွက် တောင်ပေါ်က စိုက်ထားပျိုးထားတာတွေကို တခြား မြို့ကြီးတွေကို သွားရောင်းဖို့က မဖြစ်နိုင်ဘူး။ ဒီနှစ်မှာ သားလေး ကျောင်းမတက်နိုင်ဘူး။ စိုက်ခင်းလည်း ပိုးထိတယ် ကြွက်လည်း ကိုက်ခံရတယ်” ဟု ကလေးဝမြို့နယ်တွင် နေထိုင်သူ တဦးကဆိုသည်။

သစ်တောဦးစီးဌာနသည် ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ် စသော သဘာဝတောတောင်ရှိသည့် ဒေသများအား သဘာဝဘေးမဲ့တောများအဖြစ် သတ်မှတ်ခြင်း၊ ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးခြင်းကို တားမြစ်ခြင်းများ ပြုလုပ်နေသော်လည်း အဆိုပါ ဒေသများ၏ အခြေခံလို အပ်ချက်ဖြစ်သည့် စားဝတ်နေရေး ပြေလည်ရန် ဆောင်ရွက်ခြင်းမရှိသောကြောင့် ဒေသဖွံဖြိုးမှု ထိခိုက်နိုင်ကြောင်း သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်၍ ဆောင်ရွက် နေသည့် NGO တခုမှ တာဝန်ရှိသူတဦးက သုံးသပ်သည်။

No comments:

Post a Comment