Popular Posts

Tuesday, June 30, 2009

Shan gam Taunggyi khua pi ah Russia te Leisung sumpiang te to uh !!!

E-mail Print
ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့အနီးတွင် မြန်မာ စစ်အစိုးရနှင့် ရှရှားနိုင်ငံပိုင် (Tyazhpromexport) ကုမ္ပဏီ တခုက ပူးပေါင်း၍ သတ္တုတွင်း တူးဖော်ရန် ပြင်ဆင်နေသည်ဟု ပအို့ဝ်(ပအိုဝ်း) လူငယ်အစည်းအရုံး (PYO)က ယနေ့ ပြောဆိုလိုက်သည်။

အဆိုပါ PYO အဖွဲ့အစည်း က ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ် International Center - IC ခန်းမ၌ ယနေ့ ကျင်းပ သည့် “အနာဂတ်ကို လုယူဖျက်ဆီးခြင်း”ဟူသော ခေါင်းစဉ်ဖြင့် ထုတ် ပြန်သော အစီအရင်ခံစာ သတင်းစာ ရှင်း လင်းပွဲတွင် ဤသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် သတင်းထုတ်ပြန်မှု မရှိသောကြောင့် ယခုကဲ့သို့ သတ္တုတွင်း တူးဖော်ရေးနှင့် ပတ်သက်ပြီး လူ့ အခွင့်အရေး ချိုးဖောက်မှု ၊ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုများကို အဓိကထားပြီး ထုတ်ပြန်ထားခြင်း ဖြစ်သည် ဟု PYO မှ ပြောရေးဆိုခွင့်ရှိသူ ခွန်ချန်ကီက ဧရာဝတီသို့ ပြောသည်။

ယင်း အစီရင်ခံစာတွင် စက်ရုံသွားရာလမ်းဖောက်လုပ်ရန် ဒေသအာဏာပိုင်များက ရွာ ၃ ရွာမှ လူ ၅၅ ဦးကို ၎င်းတို့၏ အိုးအိမ်များမှ အတင်းအကျပ် ဖယ်ရှားပြောင်းရွှေ့စေခဲ့ပြီး စိုက်ပျိုးမြေ ဧက ၁၁၀၀၀ ခန့်ကို သိမ်းပိုက် ခဲ့ကြောင်း ဖော်ပြထားသည်။

ထို့အပြင် ခရီးသွားလာခွင့် အတင်းအကျပ် ကန့်သတ်နေခြင်း၊ ၎င်း စီမံချက်နှင့် ပတ်သက်၍ သတင်းထုတ်ပြန်မှု မရှိခြင်းကြောင့် ဒေသခံများက အနုမြူ စီမံကိန်းနှင့် ဆက်စပ်နေမည်ဟု သံသယရှိနေကြကြောင်းလည်း ရေးသား ထားသည်။

“ကျနော်တို့ အဓိက သဘာဝ ပတ်ဝန်းကျင်နဲ့ ကွင်းဆင်းလေ့လာတော့ ဒေသခံလူထုကို တွေ့တဲ့အခါမှာ သူတို့က အဲဒီနေရာ သတ္တုတူးဖော်ဖို့အတွက် မကဘူး၊ အနုမြူဓာတ်ပေါင်းဖို ကိစ္စလည်းပါတယ်လို့ပြောတယ်။ နောက် အဲဒီ ကိစ္စကိုလည်း စိုးရိမ်နေကြတယ်”ဟု ခွန်ချန်ကီက ပြောသည်။

ရှရှားနိုင်ငံ အနုမြူစွမ်းအင် အေဂျင်စီက၂၀၀၇ ခုနှစ်တွင် မြန်မာနိုင်ငံ၌ အနုမြူဓာတ်ပေါင်းဖိုတခု တည်ဆောက် မည်ဟုကြေညာထားသောကြောင့် ဒေသခံပြည်သူများက ပို၍သံသယကြီးထွားနေကြခြင်းဖြစ်ကြောင်းသိရသည်။

တည်ဆောက်နေဆဲ သံရည်ကြိုစက်ရုံသည် မြန်မာ စစ်တပ် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နှင့် ၁၀ ကီလိုမီတာ ခန့် အကွာအဝေးတွင် တည်ရှိပြီး ယခုနှစ်ကုန်တွင် ဆောက်လုပ်ရေးလုပ်ငန်းများ ပြီးမည်ဟုယူဆရသည်။ ၎င်း စက်ရုံ တွင်လည်း မြေအောက် ဥမင်များတည်ရှိပြီး ၁၀ ပေကျော် အုတ်နံရံ ၂ ထပ်နှင့် သံဆူးကြိုး တစ်ထပ်ဖြင့် ကာရံ ထားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

“သူတို့က နံရံတွေ၊ အတားအဆီးတွေနောက်မှာ သူတို့ဘာလုပ်နေတယ်ဆိုတာ လျှို့ဝှက်ထားကြတယ်။ ဒါပေမယ့် အခုစီမံကိန်းကြောင့် နစ်နာရမယ်ဆိုရင်တော့ ကျနော်တို့က ရှေ့ဆုံးက နစ်နာကြရလိမ့်မယ်။ မြန်မာပြည်မှာတရား ဥပဒေ မရှိတာကို နိုင်ငံခြား ကုမ္ပဏီတွေက အခွင့်ကောင်းယူပြီး ကျနော်တို့ သယံဇာတတွေကို လာအမြတ်ထုတ် ယူနေကြတယ်။ ကျနော်တို့ အနာဂတ်ကို လာပြီးလုယက်ဖျက်ဆီးနေကြတယ်”ဟု ထုတ်ပြန်ချက်တွင် ပြောဆို ထားသည်။

သတ္တုတွင်း တူးဖော်မှုကြောင့် မြေတိုက်စားမှုများ၊ အနယ်အနှစ်များကို စွန့်ပစ်မှုကြောင့်ဤလွင်ပြင်ရှိ ပင်မရေ အရင်း အမြစ်ဖြစ်သည့် သဘက်ချောင်းသည်လည်း ညစ်ထေးရဖွယ်ရှိသည့်အပြင် ယင်းဒေသတလျှောက် ရှိ လူဦးရေ ၃၅၀၀၀ ခန့်သည် ထိခိုက်နစ်နာရဖွယ်ရှိကြောင်း ၎င်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာစစ်အစိုးရ၏ နျူကလီးယား ထုတ်လုပ်မည့် အစီအစဉ်နှင့် ပတ်သက်နိုင်ဖွယ်ရှိသော မြေအောက် ဥမင်များ တည်ဆောက်နေမှု ဓာတ်ပုံနှင့် ဗီဒီယို မှတ်တမ်းများကိုလည်း ပြီးခဲ့သည့် ရက်များအတွင်းက သတင်းဌာနများတွင် ထုတ်လွှင့်ပြသခဲ့ကြသည်။

ယင်းထုတ်လွှင့်ချက်များအပြီး အဆိုပါမှတ်တမ်းများသည် စစ်အစိုးရ၏ နိုင်ငံနှင့် တ၀န်းတွင် တည်ဆောက်နေ သော ရေအားလျှပ်စစ် စီမံကိန်းများမှ မှတ်တမ်းများ ဖြစ်နိုင်မည်လား ဟူသည့် ပြည်တွင်း၊ပြည်ပရှိ အင်ဂျင်နီယာ အများစုက မေးခွန်များ ထုတ်နေကြသည်ဟုလည်း သိရသည်။

No comments:

Post a Comment