Popular Posts

Thursday, May 6, 2010

ပြိုကျသတ္တု မိုင်းတွင်းကို စစ်ဆေးရန် မြောက်ပိုင်းတိုင်း ညွှန်ကြား



ပြိုကျသတ္တု မိုင်းတွင်းကို စစ်ဆေးရန် မြောက်ပိုင်းတိုင်း ညွှန်ကြား
 
၆ မေ ၂ဝ၁ဝ
line

 
တရုတ်နယ်စပ် မြန်မာနိုင်ငံ ကချင်ပြည်နယ် အန်ဒီအေ (ကေ) ထိန်းချုပ်နယ်မြေ ဖီမော် အရှေ့ပိုင်းတွင် ဖြစ်ပွားခဲ့သည့် မိုင်းတွင်းပြိုကျမှုကို သွားရောက်စစ်ဆေးရန် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ညွှန်ကြားကြောင်း သိရသည်။
အန်ဒီအေ (ကေ) ဒေသခံ ခေါင်းဆောင်တဦးက အဆိုပါမိုင်းတွင်း စပြီးပြိုကျစဉ်က ၎င်းတို့ ကမ်ပိုင်တီနှင့် ပန်ဝါတွင် နေထိုင်သူများပင် မသိကြကြောင်း၊ တရုတ်ပြည်ဘက်မှ သတင်းကို ကိုးကားပြီး ပြည်ပရေဒီယိုတို့ကလွှင့်မှသာ နည်းနည်းပါးပါး သိရကြောင်း ပြောသည်။
၎င်းက “ခေါင်းဆောင်တွေဆီ ဖုန်းဆက်ကြည့်တယ်၊ ဘာများဖြစ်သလဲ ဆိုပြီး။ ထူးခြားတာ အားလုံး ဖုန်းပိတ်ထားကြတယ်။ လုပီမှာ တပ်စွဲထားတဲ့ နယ်ခြားစောင့်တပ်ကလည်း အဲဒီဘက်ကို စုံစမ်းဖို့ သွားကြည့်တယ်။ အဲ နယ်စပ်မှတ်တိုင်နားရောက်တော့ ဥက္ကဋ္ဌအမိန့်နဲ့ အဲဒီဘက် ဘယ်သူမှမသွားရဘူးဆိုပြီး ပိတ်ထားတော့ တပ်ကလည်း ပြန်လှည့်လာရတယ်။ ခုတော့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က စိတ်ဆိုးပြီး ချီဖွေဘက် ရောက်နေတဲ့ ဒုတိယဗိုလ်မှူးကြီး အဆင့်ရှိတဲ့ နယ်ခြားစောင့်တပ်ဆိုင်ရာ ဂျီဝမ်းကို လုပီတပ်ရင်းဆီ လွှတ်လိုက်တယ်။ ဒါနဲ့ ဂျီဝမ်းကနေ နယ်ခြားစောင့်တပ်က တပ်ရင်းမှူးနဲ့ အစိုးရတပ်က အရာရှိတွေပါ သွားဖို့ ညွှန်ကြားလို့ နယ်ခြားမှတ်တိုင်ဘက် ညကတည်းက ထွက်သွားကြပြီ။ ဒီနေ့ သွားစစ်ဆေးဖြစ်မယ်” ဟု ပြောသည်။
အဆိုပါ မိုင်းတွင်းပြိုကျသည့်နေရာသည် တရုတ်နယ်စပ်နှင့်နီးပြီး အန်ဒီအေ ဥက္ကဋ္ဌ ဆခုံတိန့်ယိန်း မိသားစုပိုင် မိုင်းတွင်းများအနက်မှ တခုဖြစ်ကာ အဆိုပါ မိုင်းတွင်းများသည် အန်ဒီအေ ခေါင်းဆောင်ပိုင်းပင် မသိဘဲ ဦးဆခုံတိန့်ယိန်းက တရုတ်ကုမ္ပဏီများကို တူးဖော်ခွင့်ပေးထားခြင်းဖြစ်သည်ဟု သိရသည်။
“အဲဒီဒေသမှာ မိုင်းတွင်း ဘယ်နှတွင်းရှိတယ်၊ မိုင်းတွင်းတွေကနေ ဘယ်လို သတ္တုတွေထွက်ပြီး တရုတ်တွေက တန်ချိန်ပေါင်း ဘယ်လောက် ထုတ်ယူသွားပြီးပြီလဲဆိုတာ ဘယ်သူမှ မသိကြဘူး” ဟု အန်ဒီအေ (ကေ) ဒေသခံခေါင်းဆောင်က ပြောသည်။
ယခုကိစ္စ တရုတ်သတင်းဌာနတို့တွင် သတင်းထွက်လာသည့်အခါ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကလည်း တိတိကျကျ မသိသည့်အတွက် နေပြည်တော်က ဂျီဝမ်းတယောက်ကို အမြန်စေလွှတ်ခိုင်းခြင်းဖြစ်ကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် နီးစပ်သူတဦးက ပြောသည်။
၎င်းက “ဦးတိန့်ယိန်းက ရောင်းစားထားလို့ တရုတ်တွေက သူ့ဘာသာသူ လမ်းဖောက်ပြီး မိုင်းတွေ လာရောက်တူးဖော်နေတာ။ မိုင်းတွင်းပြိုကျပြီး လူ (၁၅) ယောက်လောက် သေတော့လည်း ဘယ်သူ့ကိုမှ ပေးမ၀င်ဘဲ သူ့အစီအစဉ်နဲ့သူ ကယ်ဆယ်ရေး လုပ်ငန်းတွေ ဝင်ရောက် လုပ်ကိုင်နေတာကို မြန်မာနိုင်ငံဘက်က အချုပ်အခြာအာဏာ ထိပါးခံရမှုအဖြစ် ပြောဆိုမှုတွေ ရှိနေတယ်” ဟု ရှင်းပြသည်။
မြစ်ကြီးနားမြို့မှ ကချင်ခေါင်းဆောင်တဦးကမူ စစ်အစိုးရကိုယ်တိုင်ပင် တရုတ်ကို ရေအားလျှပ်စစ်မှအစ ရောင်း၍ရသမျှကို အကုန်ရောင်းနေကြောင်း၊ အချို့ အပစ်ရပ်အဖွဲ့များကလည်း ကိုယ်ကျိုးအတွက် သစ်အပါအဝင် မြေပေါ်မြေအောက် သယံဇာတများကို လက်ညှိုးထိုး ရောင်းစားနေသည်မှာ ကြာပြီဖြစ်ကြောင်း၊ ယခုကိစ္စ ဖြစ်ပေါ်ပြီး မကြာခင် အခြားသတ္တုမိုင်း တူးဖော်ရေး လုပ်ငန်းကိစ္စတို့၌လည်း အန်ဒီအေ ဥက္ကဋ္ဌ ဆခုံတိန့်ယိန်းနှင့် စစ်အစိုးရ ပြဿနာတက်လာနိုင်ကြောင်း ပြောသည်။
ဆခုံတိန့်ယိန်းသည် ယခု ပြဿနာပေါ်သည့် မိုင်းတွင်းများနှင့် အခြား မိုင်းတွင်းပေါင်းများစွာ တရုတ်ကိုရောင်းပြီး ကိုယ်ကျိုးရှာနေကြောင်း၊ အာဏာသိမ်းပွဲ ဖြစ်ပွားပြီးနောက် အရေးနိမ့်ကာ လက်ရှိ မြစ်ကြီးနားမြို့တွင် နေထိုင်သည့် လယောက်ဇယ်လွန်းက မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ထံ စာရင်းဇယားများနှင့်တကွ တင်ပြခဲ့ဖူးကြောင်း သိရသည်။

No comments:

Post a Comment