Popular Posts

Tuesday, May 25, 2010

ပုဂ္ဂလိက ကျောင်းဖွင့်ခွင့်များ ပြန်လည်ပိတ်ပင်


ပုဂ္ဂလိက ကျောင်းဖွင့်ခွင့်များ ပြန်လည်ပိတ်ပင် ၂၅ မေ ၂၀၁၀

ယခုနှစ်ဆန်းပိုင်းက ဖွင့်လှစ်ခွင့်ပြုထားသည့် ပုဂ္ဂလိကကျောင်းများကို ခွင့်ပြုချက် ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း ကျောင်းဖွင့်ခွင့်ရထားသည့် ကျောင်းအုပ်ဆရာကြီးတဦးက ပြောသည်။

၎င်းက “ကျနော်တို့ကို အခြေခံ (၃) က ခေါ်ပြောတယ်။ ချထားပေးတဲ့ ပုဂ္ဂလိက ကျောင်းဖွင့်ခွင့်ကို ပြန်ရုပ်သိမ်းလိုက်တယ်။ အရင်အတိုင်း ဘော်ဒါဆောင်တော့ ဆက်ဖွင့်နိုင်တယ်။ ကျနော်တို့ ဒီလောက်ပဲ ပြောနိုင်ပါတယ်။ မီဒီယာတွေကို အစည်းအဝေးကိစ္စ လုံးလုံး ဖြေကြားခြင်းမပြုဖို့ တင်းတင်းကျပ်ကျပ် တားမြစ်ထားပါတယ်” ဟု ပြောသည်။

ရန်ကုန်တိုင်းအတွင်းမှာ ဘော်ဒါဆောင်လုပ်ငန်း လုပ်ကိုင်နေသည့် သင်တန်းကျောင်းများကို သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့် ကိုက်ညီပါက ပုဂ္ဂလိကကျောင်းအဖြစ် ဖွင့်ခွင့်ပေးမည်ဟု ယခုနှစ်ဆန်းပိုင်းတွင် ပညာရေးဝန်ကြီးဌာန အမှတ် (၃) အခြေခံပညာဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ထိုအချိန်က ပုဂ္ဂလိက ကျောင်းအဖြစ် ဖွင့်လှစ်လိုသူ (၃ဝ) ဝန်းကျင်ခန့် လျှောက်ထားခဲ့ပြီး ပြင်ဆင်ထားသမျှကို ရန်ကုန်တိုင်း တိုင်းမှူးကိုယ်တိုင် ကွင်းဆင်းစစ်ဆေးခဲ့ပြီးနောက် ရန်ကုန်တိုင်းအတွင်းရှိ ဘော်ဒါဆောင် (၁ဝ) ခုကို ပုဂ္ဂလိက စာသင်ကျောင်းများအဖြစ် နှုတ်မိန့်ဖြင့် ဖွင့်လှစ်ခွင့်ပြုခဲ့သည်။

အဆိုပါကျောင်းများအနေဖြင့် ကျောင်းသားများကို ယာယီ ကျောင်းလက်ခံမှုလုပ်ထားနိုင်ပြီး ယခု မေလအတွင်း အစိုးရက ပုဂ္ဂလိက ပညာရေးဆိုင်ရာ အက်ဥပဒေ ထုတ်ပြန်ပြီးမှသာ တရားဝင်ဖြစ်မည်ဟု ညွှန်ကြားထားသည်။

တိုင်းမှူးနှင့် ပညာရေးဝန်ကြီးဌာန အမှတ် (၃) အခြေခံပညာဦးစီးဌာန၏ တရားဝင်ခွင့်ပြုချက် ရပြီးနောက် မဟာမြကျွန်းသာ၊ Success ၊ ပညာနန်းတော် အပါအဝင် ဘော်ဒါသင်တန်းကျောင်းတို့က ပုဂ္ဂလိက စာသင်ကျောင်းများအဖြစ် ဘေလ်ဘုတ်များ စိုက်ထူခြင်း၊ ဂျာနယ် မဂ္ဂဇင်းတို့တွင် တရားဝင်ကြော်ငြာခြင်းတို့ လုပ်ဆောင်ခဲ့ကြသည်။

ထို့အပြင် ပုဂ္ဂလိက စာသင်ကျောင်းတို့၏ အင်္ဂါရပ်များနှင့် ကိုက်ညီရန် ကျပ်ငွေ သိန်း ရာပေါင်းများစွာ အကုန်ခံပြီး တည်ဆောက်ရေးလုပ်ငန်း လုပ်ကိုင်ခဲ့ကြကြောင်း သိရသည်။

ခွင့်ပြုမိန့် ရုပ်သိမ်းမှုနှင့် ပတ်သက်၍ ပုဂ္ဂလိက ကျောင်းတည်ထောင်ခွင့်ရ လုပ်ငန်းရှင်တဦးက “တိုင်းမှူးကိုပေးရတာရော၊ ကျောင်းအတွက် ကုန်ကျရတာတွေပါတွက်ရင် သိန်း (၂ဝဝဝ) တော့ ကျော်သွားပြီ။ ကျောင်းသားတွေကိုလည်း ကြိုတင် လက်ခံထားတာတွေ ရှိတယ်။ အဲဒါတွေက ဘော်ဒါဆောင်မှာ မအပ်ရင် အားလုံးငွေ ပြန်အမ်းရမယ်။ ပေါ်လစီကို အခုတမျိုး တော်ကြာတမျိုးလုပ်တာ မြန်မာပြည်မှာ မဆန်းပေမယ့် ပုဂ္ဂလိက ကျောင်းထောင်ဖို့ ပြင်ဆင်နေတဲ့သူတွေ အတော်လေးကို ထိခိုက်နစ်နာတယ်” ဟု ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အငြိမ်းစား ကျောင်းအုပ်ဆရာကြီးတဦးက ပညာရေးစနစ် နောက်ကြောင်းပြန်လှည့်သွားသကဲ့သို့ ခံစားရသည်ဟု ပြောဆိုသည်။

ရန်ကုန်မြို့ရှိ မဟာမြကျွန်းသာ အကယ်ဒမစ်စင်တာကမူ ပုဂ္ဂလိက ကျောင်းများပိတ်မည့်ကိစ္စကို ၎င်းတို့အနေဖြင့် မည်သည့်အကြောင်းကြားမှုမှ မရရှိသေးကြောင်း ပြောဆိုသည်။

“ကျမတို့က ပုဂ္ဂလိကကျောင်း စပြီလို့တော့ တရားဝင်မပြောဘူး။ ဒါပေမယ့် နှုတ်မိန့်တော့ ရထားပြီး စာမိန့်တရားဝင်တော့ မထွက်သေးပါဘူး” ဟု ကျောင်းမှ တာဝန်ရှိသူတဦးက ပြောသည်။

လောလောဆယ် ရန်ကုန်တွင် ချပေးထားသည့်ကျောင်းမှာ (၆) ကျောင်းရှိပြီး အပြောင်းအလဲမရှိကြောင်း၊ နောက်ထပ် ထပ်တင်သည့်ကျောင်းများကိုသာ ဆက်ချရန်တာဝန်ရှိသူများက စဉ်းစားနေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ရန်ကုန်တိုင်း တယကမှ တာဝန်ရှိသူတဦးက အစိုးရသည် ဘော်ဒါဆောင်များကို ပုဂ္ဂလိက ကျောင်းထောင်ခွင့်ပေးမည့်အပြင် နာမည်ကြီးကျောင်းအချို့ကို ဦးတေဇတို့ကဲ့သို့ လုပ်ငန်းရှင်ကြီးများထံ ပုဂ္ဂလိကပိုင်အဖြစ် လွှဲပြောင်းပေးရန် စီစဉ်ခဲ့သေးကြောင်း၊ သို့သော် သတင်းပေါက်ကြားသွားခြင်း၊ ရွေးကောက်ပွဲ နီးလာချိန် ပြည်သူတို့၏ ဝေဖန်ကန့်ကွက်မှု များပြားနိုင်ခြင်း စသည်တို့ကြောင့် ပုဂ္ဂလိက ကျောင်း တည်ထောင်ခွင့် ကိစ္စအပါအဝင် ပညာရေးတွင် ပုဂ္ဂလိက ကဏ္ဍ ပါဝင်ခွင့်ကို နဂိုအတိုင်း လုံးဝ ပြန်လည် ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း ပြောသည်။ သို့သော် ၎င်း၏ ပြောကြားချက်ကို သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

No comments:

Post a Comment