Popular Posts

Thursday, September 24, 2009

Telephone bill hangin mipi te haksatna tuak!

တယ်လီဖုန်းဘီလ်ကိစ္စ ပြည်သူများ အခက်အခဲကြုံ
အောင်ကျော်မိုး/ ၂၄ စက်တင်ဘာ ၂၀၀၉

line

နအဖစစ်အစိုးရက ၀န်ဆောင်မှုများ အပြည့်အ၀မပေးနိုင်ဘဲ ၎င်းတို့တောင်းခံထားသည့် တယ်လီဖုန်းကြိုတင်ငွေများ အချိန်မီမပေးသွင်းနိုင်သူများကို ဖုန်းလိုင်းများဖြတ်တောက်နေသဖြင့် ပြည်သူများ အခက်ကြုံနေကြသည်။

စစ်အစိုးရ စာတိုက်နှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက မိုဘိုင်းဖုန်းများနှင့် ကြိုးဖုန်းသုံးစွဲသူ အားလုံးကို (၃) လစာ ကြိုတင်ငွေ ပေးသွင်းရန်နှင့် ပျက်ကွက်ပါက တယ်လီဖုန်းလိုင်း ဖြတ်တောက်မည်ဟု ကြေညာခဲ့ပြီးနောက် ယခုကဲ့သို့ လုပ်ဆောင်နေခြင်း ဖြစ်သည်။

မဟာဗန္ဓုလလမ်းထောင့် ရန်ကုန်တိုင်း ဆက်သွယ်ရေးရုံး ငွေစာရင်းဌာနတွင် ငွေသွားသွင်းသူတဦးက “ကျမက တလကို ပုံမှန် ကျပ် (၆) သောင်းလောက်တော့ ဘီလ်ဆောင်ရတယ်။ ခု (၃) လစာ တယ်လီဖုန်းကြိုတင်ခွန် (၂) သိန်းခွဲ ဆောင်ပါဆိုပြီး ပြောတယ်။ ငွေပမာဏကများတော့ စုနေတာနဲ့ ချက်ချင်းမဆောင်ဖြစ်ဘူး။ ခုတော့ တယ်လီဖုန်းလိုင်း အဖြတ်ခံလိုက်ရပြီ။ ခု ဒီရုံးမှာ ငွေလာဆောင်တော့လည်း လူတွေက အရမ်းတိုးကြပ်နေတယ်” ဟု ပြောသည်။

နအဖစစ်အစိုးရ ဆက်သွယ်ရေးဝန်ကြီးဌာနသည် ပြီးခဲ့သည့်မတ်လမှစ၍ အသစ်ထုတ်ပေးသည့် မိုဘိုင်းဖုန်းများနှင့် ကြိုးဖုန်းအားလုံးအတွက် ကြိုတင်ဖုန်းဆက်သွယ်ခ ငွေကျပ် (၅) သောင်းစီ ကောက်ခံခဲ့ကာ နောက်ပိုင်းအသုံးပြုနေသည့် မိုဘိုင်းဖုန်းအားလုံးကို နောက်ဆုံးသုံးခဲ့သည့် (၃) လစာနှင့် ညီမျှသည့် ကြိုတင်ငွေ ပေးသွင်းရန်၊ မပေးသွင်းပါက လိုင်းဆက်သွယ်မှု ဖြတ်တောက်ခြင်းတို့ လုပ်ခဲ့ကြောင်း သိရသည်။

ယခုထပ်မံ၍ နှစ်ပေါင်းများစွာ အသုံးပြုလာသည့် တနိုင်ငံလုံးရှိ ကြိုးဖုန်းများကိုလည်း ကြိုတင်ငွေ (၃) လစာပေးသွင်းရန်၊ မပေးသွင်းပါက လိုင်းဖြတ်တောက်မည်ဟု ကြေညာပြီး အမှန်တကယ် လိုင်းဖြတ်တောက်ခြင်းတို့ ပြုလုပ်ခဲ့သည်။

ဂျီအက်စ်အမ်ဖုန်း ငွေသွင်းမည့်သူ တဦးကလည်း “ကျနော်တို့က ဖုန်းဝယ်ထားပြီးကတည်းက ငွေ (၅) သောင်း ကြိုတင်သွင်းရတယ်။ ခု ဖုန်းအဖြတ်ခံလိုက်ရတော့ ဘာလုပ်ရမှန်းမသိဘူး။ ဒီရုံးကို လာစုံစမ်းတော့ ဖုံးနံပါတ် (၃) ခု ပေးတယ်။ လွန်ခဲ့တဲ့ (၃) ရက်က အဲဒီနံပါတ်ကို တနေ့လုံးဆက်တယ်။ အမြဲတမ်း ဖုန်းလိုင်းမအားဘူးကြီးပဲ ဖြေနေတယ်။ ဒါနဲ့ မနေ့က ကြိုတင်ငွေ (၅) သောင်း ထပ်လာသွင်းလိုက်တယ်။ ဒါလည်း ဖုန်းလိုင်း ပြန်ပွင့်မလာသေးဘူး။ အဲဒါ ငွေစာရင်းဌာနကို အချိန်ကုန်ခံပြီး သွားစုံစမ်းတော့ နိုင်ငံခြားကို ဆက်ထားတာ အက်ဖ်အီးစီ (၃) ဒေါ်လာဖိုး ပေးစရာရှိလို့ ပိတ်လိုက်တာလို့ ပြောတယ်။ ခု အက်ဖ်အီးစီကို မှောင်ခိုဈေးမှာ သွားဝယ်ပြီး ငွေပြန်လာဆောင်ရဦးမယ်” ဟု ပြောသည်။

ယခုကဲ့သို့ တပြိုင်တည်း လိုင်းဖြတ်တောက်မှုကြောင့် ဗိုလ်ဆွန်ပက်လမ်း ငွေစာရင်းဌာနရုံးတွင် ငွေသွင်းသူများ နေ့စဉ် ကြပ်ပိတ်နေပြီး အချို့ နံနက်မှ ညနေအထိ တန်းစီစောင့်ဆိုင်းကြရကာ အချို့မှာမူ ဝန်ထမ်းများနှင့် လာဘ်ပေးလာဘ်ယူ လုပ်ထားသည့် ပွဲစားများကို တယ်လီဖုန်းစာအုပ် တအုပ် ငွေကျပ် (၁) ထောင်ပေးပြီး အမြန်ငွေသွင်းကြကြောင်း သိရသည်။

မြန်မာနိုင်ငံသည် တယ်လီဖုန်းအသုံးပြုခွင့်နှင့် ပတ်သက်၍ ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံး နိုင်ငံများထဲမှ တနိုင်ငံဖြစ်ပြီး ဝန်ဆောင်မှု အညံ့ဖျင်းဆုံး နိုင်ငံလည်းဖြစ်သည်။

No comments:

Post a Comment