Popular Posts

Tuesday, May 25, 2010

သာသနာရေးဝန်ကြီးဌာန အရာထမ်းများ (၅၃) ချက်ပါ ကိုယ်ရေးမှတ်တမ်းဖြည့်ရ

သာသနာရေးဝန်ကြီးဌာန အရာထမ်းများ (၅၃) ချက်ပါ ကိုယ်ရေးမှတ်တမ်းဖြည့်ရ ၂၅ မေ ၂၀၁၀

ရန်ကုန်မြို့ ကမ္ဘာအေး ဘုရားလမ်းရှိ သာသနာရေးဝန်ကြီးဌာန အရာထမ်းများ၏ ကိုယ်ရေးမှတ်တမ်းများကို အချက် (၅၃) ချက်ပါ ပုံစံတွင်ဖြည့်၍ နေပြည်တော် သာသနာရေးဝန်ကြီးရုံးသို့ ပြီးခဲ့သည့် မေလ တတိယပတ်က ပေးပို့ခဲ့ရသည်ဟု ယင်းဌာနမှ အရာထမ်းတဦးက ပြောသည်။

စာရွက် (၂) ရွက်ပါ ယင်းပုံစံတွင် ထူးခြားသည်မှာ ပြည်ပရေဒီယိုအသံလွှင့်ဌာနများကို နားထောင်သလားဆိုသည့် မေးခွန်းအချက်ပါရှိပြီး ဦးစီးအရာရှိနှင့် ၎င်း၏ အထက်ညွှန်ကြားရေးမှူးအဆင့်အထိ ရေးသားဖြည့်စွက်ရသည်ဟု အဆိုပါ အရာထမ်းက ပြောသည်။

၎င်းက “၁၉၉၀ ရွေးကောက်ပွဲအပြီး ၀န်ထမ်းတွေကို ဖြည့်စွက်ခိုင်းတဲ့ အချက် (၃၃) ချက်ပါ ပုံစံမျိုး မဟုတ်ပါဘူး။ ဘယ်ပါတီကို လက်ခံပါသလား။ နိုင်ငံခြားသားတယောက်ကို ယူထားတဲ့ အမျိုးသမီးတယောက်ကို ဘယ်လို နိုင်ငံခေါင်းဆောင်အဖြစ် တင်သင့်ပါသလား စတဲ့ သူများ ကိုယ်ရေးကိုယ်တာတွေကို ဖြည့်စွက်ခိုင်းတာမျိုးလည်း မဟုတ်ပါဘူး။ ဒါပေမယ့် အခု (၅၃) ချက်ထဲမှာ ဗွီအိုအေ၊ ဘီဘီစီ၊ အာအက်ဖ်အေ နားထောင်ပါသလား။ နိုင်ငံခြားမှာ ဆွေမျိုးသားချင်း ရှိပါသလား။ အဲဒီအချက်တွေတော့ ပါတယ်။ ဘယ်လို သဘောလဲတော့ မသုံးသပ်တတ်ဘူး” ဟု ပြောသည်။

နာမည်၊ အသက်၊ မျိုးရိုးစဉ်ဆက်အပါအ၀င် ကိုယ်ရေးမှတ်တမ်းဖြစ်သော်လည်း ယင်းသို့အချက်များပါ ထည့်သွင်းမေးထားသဖြင့် မည်သည့်အတွက် တောင်းခံသည်ကို မသိရကြောင်း၊ နေပြည်တော် သာသနာရေးဝန်ကြီးရုံးမှ ကာကွယ်ရေးဝန်ကြီးဌာနသို့ ပို့ပေးရသည်ဟု ကြားကြောင်း ယင်းအရာထမ်းက ပြောသည်။

ယခုကဲ့သို့ သာသနာရေးဝန်ကြီးဌာန အရာထမ်းအားလုံးအား ကိုယ်ရေးမှတ်တမ်း ကောက်ခံခြင်းသည် ၂၀၁၀ ခုနှစ်အတွင်း ပထမဦးဆုံးအကြိမ် ဖြစ်နေသည့်အတွက် ၀န်ထမ်းများအကြား သို့လော သို့လော မေးခွန်းထုတ်ဖွယ် ဖြစ်နေကြသည်။

“၁၉၉၀ ရွေးကောက်ပွဲအပြီး (၃၃) ချက်က ၀န်ထမ်းအားလုံးကို ကိုယ်စားပြုတယ်။ အခု (၅၃) ချက်က အရာထမ်း သီးသန့် ဖြည့်စွက်ခိုင်းတာဆိုတော့ ၀န်ထမ်းထုတရပ်လုံးနဲ့ မဆိုင်လောက်ပါဘူး” ဟု အချို့ကလည်း သုံးသပ်နေကြသည်။

အမှတ် (၁) စက်မှု အရာထမ်းတဦးကမူ “ကျမတို့ဌာနတွေကိုတော့ အဲလိုဖြည့်ခိုင်းဖို့ ရောက်မလာသေးဘူး။ ဌာနတခုရဲ့ အကြောင်းကိစ္စတခုကြောင့် ကာကွယ်ရေးဝန်ကြီးဌာနက တောင်းခံတာ ဖြစ်နိုင်ပါတယ်” ဟု ဆိုသည်။

ပြည်ထဲရေးဝန်ကြီးဌာန အရာထမ်းတဦးကလည်း “ကျနော်တို့ဆီလည်း ဘာညွှန်ကြားချက်မှ ရောက်မလာပါဘူး။ သီးသန့်လိုအပ်ချက်ကြောင့် ဌာနတခုတည်းကို ညွှန်ကြားပြီး ကိုယ်ရေးမှတ်တမ်းတောင်းတာနဲ့တူပါတယ်” ဟု
ပြောသည်။

အချက် (၅၃) ပါ အဆိုပါ ကိုယ်ရေးပုံစံအား ဖြည့်စွက်ရခြင်း ရှိ မရှိ ရန်ကုန်မြို့ရှိ ဌာနများသို့ မေးမြန်းကြည့်ရာ မည်သည့်ဌာနကိုမှ ညွှန်ကြားချက် ရောက်ရှိမလာသေးကြောင်း သိရသည်။

No comments:

Post a Comment