Popular Posts

Tuesday, March 17, 2009

လွတ်လပ်ရေး သရုပ်မှန်
Written by ရော်ဆမ်း, March 17, 2009
မြန်မာနိုင်ငံ လွတ်လပ်ရေး ရအောင် အသက်စွန့်ခဲ့တဲ့ ဗိုလ်ချုပ် အောင်ဆန်းရဲ့ သမီးက လွတ်လပ်ရေးတွေ ဆုံးရှုံးခံပြီး အကျယ်ချုပ် ကျနေတဲ့ အချိန်မှာ သမိုင်းမှာ ဘယ်ကောင်းကွက်ကနေမှ မပါခဲ့ဘူးတဲ့ ဗိုလ်ချုပ်တွေက လွတ်လပ်ရေး ညစာစားပွဲတွေလုပ်၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံရိပ်တွေ သမိုင်းကနေ ပျောက်သွားအောင်ဖျက်၊ ဒါတွေပဲ လုပ်နေကြတယ်။ ဒီလိုလုပ်လေ ဗိုလ်ချုပ်ကို လူတွေက ချစ်လေ ဒေါ်အောင်ဆန်းစုကြည်ကို လူတွေက လေးစားလေပါပဲ။ အနိုင်ကျင့်ခံရတဲ့ လူတွေဘက်ကနေ ရပ်တည်ကြတာဟာ လူ့သဘာဝပါပဲ။ 

နိုင်ငံတကာမှာလည်း လူများတွေက နှိမ်လို့ မဟုတ်ဘူး၊ ဒီစစ် အစိုးရရဲ့ အရှက်မရှိ လုပ်ရပ်တွေကြောင့် ဗမာဆိုရင် အလိုလို နေရင်း သိမ်ငယ်နေရတယ်။ နိုင်ငံတကာ အဆင့် ဆွေးနွေးပွဲတွေ တက်ခဲ့ရတဲ့ အစိုးရ ကိုယ်စားလှယ်တွေ အပြောအရ ဆိုရင် ဆွေးနွေးပွဲတွေမှာ သူတို့ကို လူတွေက မျက်နှာကို တံတွေးနဲ့ မထွေးရုံတမယ် ဆက်ဆံခံရတယ်၊ အားလပ်ချိန်တွေမှာ ဘယ်သူကမှ အဖက်မလုပ်လို့ ကိုယ့်အဖွဲ့လေးနဲ့ကိုယ် ချောင်တစ်ချောင်မှာ စုပြီး မုန့်စားရတယ်၊ ဆွေးနွေးတုန်း ဆိုရင်လည်း လက်ညှိုး ငေါက်ငေါက်ထိုး စားပွဲလက်သီးနဲ့ထိုး ခုံတွေ ဆောင့်ကန်ပြီး တုန့်ပြန်ကြတယ်လို့ ညည်းကြပါတယ်။ 

ဒါတွေကို သိက္ခာရှိရှိနဲ့ ဖြေရှင်းချင်တယ် ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်ကို အရင် လွှတ်ပြလိုက်ပါ။ နိုင်ငံတကာရဲ့ တုန့်ပြန်ချက်က ချက်ခြင်း ပြောင်းသွားပါလိမ့်မယ်။ စီးပွားရေးကို ဆက်ပြီး ပိတ်ဆို့ထားပါဦးလို့ ခြေသလုံးဖက် တောင်းပန်ရင်တောင် ပိတ်ဆို့ထားတာကို ရုပ်ပေးသွားမှာပါ။ ပိတ်ဆို့ရေး ဆန့်ကျင်ရေး ဆရာကြီးတွေ ဒီအချက်ကို စစ်အစိုးရ သဘောပေါက်သွားအောင် အရင်ရေးပြလိုက်ပါ၊ ပြီးမှ ပိတ်ဆို့ရေးကို ဆန့်ကျင်ပါ။ ဒါမှ သဘာဝ ကျမယ်။ ကိုယ်ကလည်း မဟုတ်တာ လုပ်သေးတယ်၊ သူများကြောင့်ပါလို့ အော်နေတာ မှားတယ်ဆိုတာ လူတိုင်းနားလည်နိုင်ပါတယ်၊ ပညာတတ်စရာတောင် မလိုပါဘူး။ 

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခြင်းဟာ ရှိသမျှ ပြသနာ အရပ်ရပ်ရဲ့ အရှုပ်ထုတ်ကို ဖြေဖို့အတွက် ကြိုးစ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ၊ စစ်အစိုးရ ကျဆုံးပါစေ။

No comments:

Post a Comment