Popular Posts

Thursday, July 23, 2009

Mrs. Clinton in Kawl gam kumpi te sepding agenna hanga, galkap kumpi ten adawnkikna dan!

မစ္စ ကလင်တန် ပြောဆိုမှုအပေါ် အပြုသဘောဆောင်သင့်ဟု သုံးသပ်သူများ ပြော Print E-mail
နန်းဒေဝီ
ကြာသပတေးနေ့၊ ဂျူလိုင်လ 23 ရက် 2009 ခုနှစ် 22 နာရီ 13 မိနစ်


နယူးဒေလီ (မဇ္စျိမ) ။ ။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး၏ လတ်တလော ဖိအားပေး တောင်းဆိုနေမှုအပေါ် မြန်မာစစ်အစိုးရ အနေဖြင့် အပြုသဘောဆောင်သည့် လုပ်ဆောင်ချက်များဖြင့် ပြသသင့်ပြီဟု မြန်မာ့အရေး လေ့လာသုံးသပ်သူများက ပြောသည်။

ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း ဝန်ကြီး မစ္စကလင်တန်က ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရေး၊ ဒေသတွင်း လုံခြုံရေး ထိပါးလာမှုနှင့် အာဆီယံအဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းရန် တောင်းဆိုခြင်းတို့အပေါ် မြန်မာစစ်အစိုးရဘက်က အပြုသဘော လုပ်ဆောင်ချက်များ လုပ်ပြသင့်ကြောင်း ပြောဆိုကြခြင်း ဖြစ်သည်။

“ဒီလို ပြင်းပြင်းထန်ထန် ပြောဆိုလိုက်တဲ့ အခြေအနေမှာ စစ်အစိုးရအနေနဲ့ အပြုသဘောမဆောင်ဘူး၊ တစုံတရာ လက္ခဏာမပြဘူးဆိုရင်ကတော့ ပိုပြီးတော့ အတင်းအကျပ်၊ ထိရောက်စွာ အရေးယူလာမယ့် အနေအထားကို ဦးတည်လာနေတယ်လို့ ယူဆတယ်” ဟု ထိုင်းအခြေစိုက် မြန်မာ့စစ်ရေးနှင့် နိုင်ငံရေး လေ့လာသူ ဦးဌေးအောင်က မဇ္ဈိမကို ပြောသည်။

သူက “နအဖ အနေနဲ့ တိုင်းပြည်အေးချမ်းသာယာမှု၊ တိုးတက်မှုကို အစစ်အမှန်သာ လိုလားတယ်ဆိုရင် သူ့အနေနဲ့ အားလုံးနဲ့ အဆင်ပြေအောင် လိုက်လျောဆက်ဆံသွားဖို့ တာဝန်ရှိတာပေါ့” ဟု ပြောသည်။

လက်ရှိအချိန်သည် အမေရိကန်သမ္မတသစ် မစ္စတာအိုဘားမား တာဝန်ယူသည့် အချိန်မှစပြီး မြန်မာနိုင်ငံအပေါ် ထားရှိသည့် အမေရိကန် နိုင်ငံခြားရေး မူဝါဒကို ပြန်လည်သုံးသပ်ရေးအတွက် စောင့်ကြည့်နေချိန် ဖြစ်နေကာ၊ မြန်မာနှင့် မြောက်ကိုးရီးယားအကြား စစ်ရေးဆက်နွယ်မှု ကြီးမားလာနေခြင်းဖြင့် ဒေသတွင်း လုံခြုံရေးကို ထိပါးလာနေသည့်အပြင် နိုင်ငံတကာ လုံခြုံရေးကိစ္စအတွက်ပါ စိုးရိမ်နေရသည့် အခြေအနေ ဖြစ်နေကြောင်း လေ့လာသူအများက သုံးသပ်ပြောဆိုကြသည်။

မြန်မာစစ်အစိုးရ ဦးဆောင်ပြုလုပ်မည့် ၂ဝ၁ဝ ရွေးကောက်ပွဲကို နိုင်ငံတကာ အသိုင်းအဝိုင်းက ယုံကြည်မှု ရှိရေးအတွက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် ကုလသမဂ္ဂ၊ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် လူ့အခွင့်အရေး စောင့်ကြည့်သူများက ဆက်တိုက်ဆိုသလို ဖိအားပေး တောင်းဆိုနေခဲ့သော်လည်း မြန်မာစစ်အစိုးရကမူ ဆက်လက်ငြင်းဆန်နေဆဲ ဖြစ်သည်။

“အခုအနေထားမှာလည်းပဲ ဘယ်နိုင်ငံက တောင်းဆိုတောင်းဆို၊ သူတို့အနေနဲ့ တရုတ်၊ အိန္ဒိယနဲ့ အဆင်ပြေနေမယ်၊ သူတို့အတွက် ရပ်တည်နိုင်စွမ်း ရှိနေအုံးမယ်လို့ ယူဆနေသရွှေ့ကတော့ မစ္စကလင်တန် မပြောနဲ့ လုံခြုံရေးကောင်စီက အရေးယူပိတ်ဆို့မှုတွေ လုပ်လာရင်တောင် သူတို့ ဂရုစိုက်မယ် မထင်ဘူး” ဟု ဦးဌေးအောင်က ပြောသည်။

ထို့အပြင် ယနေ့ထုတ် စစ်အစိုးရသတင်းစာတွင် အမေရိကန်အခြေစိုက် အင်တာနက်အွန်လိုင်း နိုင်ငံခြားသတင်းဌာန The Huffington Post တွင် စာရေးသူ Virginia M.Moncrieff ၏ “The future of Burma Cannot Be Tied to Aung San Suu Kyi ဆောင်းပါးကို ဘာသာပြန်ထားသည့် “မြန်မာနိုင်ငံ၏ အနာဂတ် ဒေါ်အောင်ဆန်းစုကြည်နှင့် မပတ်သက်နိုင်” ခေါင်းစီးဖြင့် ပြန်လည်ဖော်ပြထားသည်ကို တွေ့ရသည်။

ဆောင်းပါးတွင် ဒေါ်အောင်ဆန်းစုကြည်သည် ဥပဒေကို ချိုးဖောက်ခဲ့သူဖြစ်ကြောင်းနှင့် မြန်မာအစိုးရကို အထီးကျန်ဖြစ်အောင် ထားရမည်၊ မြန်မာနိုင်ငံကိုလည်း တင်းကျပ်သည့် ပိတ်ဆို့အရေးယူမှုများ လုပ်ရမည် ဟူသော နည်းဗျူဟာကို တရားသေ ဆုပ်ကိုင်ထားသူဖြစ်ကြောင်း ရေးသားထားသည်။

ထို့အပြင် တပ်မတော်အစိုးရ၏ ကမ်းလှမ်းမှုမှန်သမျှကို ငြင်းဆိုနေခြင်းမှာ အများ ပြက်ရယ်ပြုစရာ ဖြစ်လာခဲ့ပြီး သူမအနေဖြင့် တပ်မတော်အစိုးရ၏ အရပ်သားလွှတ်တော် ခေါ်ယူရေးကိစ္စကို လုံးဝငြင်းဆိုသည့်အပြင် ယင်းသို့ ငြင်းဆိုနေမည်ဆိုလျှင် မြန်မာ့အရေးသည် မည်သို့မျှ မတိုးတက်နိုင်ကြောင်း ဆောင်းပါးက ဆိုသည်။

အဆုံးသတ်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရသည့်အမှု ပြီးဆုံးချိန်တွင် သူမ၌ အပြစ်မရှိကြောင်း တရားရုံးက ဆုံးဖြတ်လိမ့်မည်ဟု မျှော်လင့်ထားသူ ဦးရေမှာ နည်းလှသည်ဟု ရေးသားထားသည်။

ယခုလို ရေးသားဖော်ပြထားခြင်းသည် မြန်မာစစ်အစိုးရအနေဖြင့် ပြည်သူ့ဆန္ဒ၊ အမြင်သဘောထားများနှင့် ထပ်တူမျှ ဖြစ်နေသည့်အပေါ် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားအမြင်၊ ဆန္ဒတို့ကို ပယ်ဖျက်လိုသည့် သဘောသာဖြစ်ကြောင်း အတိုက်အခံ အဖွဲ့အစည်းကြီးတခုဖြစ်သည့် ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစုမှ အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်က ပြောသည်။

သူက “ဒေါ်အောင်ဆန်းစုကြည်ဟာ လူပုဂ္ဂိုလ်တယောက် မဟုတ်တော့ဘူး။ ဒေါ်အောင်ဆန်းစုကြည် ပြောနေတဲ့စကားတွေ၊ ဆန္ဒတွေ၊ လုပ်ချင်တဲ့ ကိစ္စတွေအားလုံးက ပြည်သူတွေရဲ့ ဆန္ဒဖြစ်နေလို့ ပြည်သူ့ခေါင်းဆောင် ဖြစ်နေတာ” ဟု ပြောသည်။

သူမကို မြန်မာစစ်အစိုးရက မတရား အမှုဆင် ထိန်းသိမ်းထားခြင်းဖြင့် ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲကို ဝင်ခွင့်ပိတ်ပင်ခြင်းသာ ဖြစ်ကြောင်း ဦးဌေးအောင်က ယခုလို မှတ်ချက်ပေးသည်။

“ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အခု အနေအထားတွေအရ လွှတ်ပေးစရာလည်း အကြောင်းမရှိဘူး။ ထောင်ချဖို့ ပြင်ဆင်နေတာလည်း ထင်ထင်ရှားရှား ဖြစ်လာတယ်။ တကယ်လို့ လွှတ်ပေးခဲ့အုံးတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်နည်းနဲ့မှ ရွေးကောက်ပွဲဝင်ဘို့ ခွင့်ပြုမှာ မဟုတ်ဘူးလေ” ဟု သူက ပြောသည်။

ဦးဌေးအောင်က ဆက်ပြီး “အဲဒီတော့ စစ်အစိုးရအတွင်းမှာ အပြောင်းအလဲတွေ မရှိသရွေ့ကတော့ စစ်အစိုးရ သူတို့ပြောနေတဲ့ လမ်းအတိုင်းပဲ မျက်လုံးစုံမှိတ်ပြီးတော့ ဆက်လျှောက်အုံးမယ် ထင်ပါတယ်” ဟု ပြောသည်။

မြန်မာ့နိုင်ငံရေး တိုးတက်ပြောင်းလဲရန် ကုလသမဂ္ဂ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများက မြန်မာစစ်အစိုးရကို ယခင်ကထက် ပိုမိုတွန်းအားပေးသည့် အနေအထားသို့ ရောက်ရှိနေသော်လည်း မြန်မာ့နိုင်ငံရေး ပြောင်းလဲနိုင်မည့် အဆင့်ထိ ရောက်ရှိရန်အတွက် လုပ်ဆောင်ရာတွင် အခြေအနေ ဝေးကွာနေသေးကြောင်း ဦးဌေးအောင်က ပြောသည်။

ထို့ကြောင့် စစ်အစိုးရအတွင်း အပြောင်းအလဲ မရှိသရွေ့ ၎င်းတို့ရေးဆွဲထားသည့် လမ်းပြမြေပုံအတိုင်းသာ မျက်စိစုံမှိတ်ကာ ဆက်လျှောက်မည့် အနေအထားရှိကြောင်း သူက ဆိုသည်။

No comments:

Post a Comment