တာချီလိတ်တွင် နှစ်လောင်းပြိုင် လူသတ်မှု ဖြစ်ပွား | ![]() | ![]() |
ကိုဝိုင်း |
တနင်္လာနေ့၊ ဂျူလိုင်လ 20 ရက် 2009 ခုနှစ် 18 နာရီ 37 မိနစ် |
ချင်းမိုင် (မဇ္ဈိမ)။ ။ ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် သားအဖ နှစ်ဦးအား ပစ်ခတ်သတ်ဖြတ်သည့် နှစ်လောင်းပြိုင် လူသတ်မှုတခု ယမန်နေ့က ဖြစ်ပွားခဲ့သည်။ တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်၊ ပုန်းထွန်လမ်းမကြီးပေါ်၌ နေထိုင်သော ဦးလီရှောက်ဝေ (ခ) ဦးစိုင်းလုံ (၅၂ နှစ်) နှင့် သားဖြစ်သူ စိုင်းထွန်းလှ (၂၉ နှစ်) တို့အား နေအိမ်၌ လူသတ်သမားက ၉ မမ ပစ္စတိုဖြင့် မွန်းလွဲပိုင်းတွင် ပစ်ခတ်သတ်ဖြတ်သွားခြင်း ဖြစ်သည်။ “စန်းရေ ရေသန့်ကုမ္ပဏီပိုင်ရှင်ပေါ့။ ဦးအိုက်လုံပေါ့။ ဦးစိုင်းလုံလည်း ခေါ်တယ်။ နေ့လည် တနာရီ လောက်က သူ့အိမ်မှာ ဝင်ပြီးတော့ ပစ်သွားတာပေါ့နော်။ သူက ပုန်းထွန်မှာပဲ နေတာ။ သူ့ကို ပစ်ပြီး အထွက်မှာ သူ့သားက လည်း အိမ်ထဲက ထွက်လာတော့ သူ့သားကိုလည်း ထပ်ပစ်သွားတာပေါ့။ နှစ်လောင်းပြိုင်ပေါ့” ဟု တာချီလိတ်မြို့ခံတဦးက မဇ္ဈိမကို ပြောသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ တာချီလိတ်ရဲစခန်းသို့ မေးမြန်းရာ တာဝန်ကျ ရဲတဦးက “အဲဒါက ကျနော်တို့က ဖြေလို့ မရပါဘူး ခင်ဗျာ။ သတင်းဌာနအနေနဲ့ဆိုရင် ပိုင်ရှင်တို့၊ ရပ်ကွက်တို့ကိုပဲ စုံစမ်းကြည့်လိုက်ပါ” ဟု ပြန်ဖြေ၍ ဖုန်းချသွားသည်။ ပုန်းထွန် ရယက (ရပ်ကွက်ကောင်စီ) ရုံးနှင့် တာချီလိတ်ဆေးရုံသို့ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်မည့်သူ မရှိပေ။ ပစ်သတ်ခြင်းခံရသူ သားအဖ နှစ်ဦး၏ အိမ်သည် ပုန်းထွန်လမ်းမကြီး၏ဘေး၊ လမ်းစွယ် နံပါတ် (၄) လမ်းထိပ်အနီး၌ တည်ရှိပြီး လူသတ်သမားသည် ကားနှင့် လာခြင်းဖြစ်ပြီး အမျိုးသမီးတဦးလည်း ပါလာသည်ဟု အနီးအနားမှ မျက်မြင်များက ပြောကြောင်း အခြားမြို့ခံတဦးက ပြောသည်။ လူသတ်မှုနှင့်ပတ်သက်၍ သက်ဆိုင်ရာက သတင်းထိန်ချန်ထားသော်လည်း မြို့ခံများအကြား၌ မူးယစ်ဆေးဝါး လုပ်ငန်းများနှင့် ပတ်သက်နေသည်ဟု သတင်းများ ဖြစ်ပေါ်နေကြောင်း သိရသည်။ “သတင်းထွက်နေတာက အကြွေးလာတောင်းတယ်ဆိုတဲ့ သဘောပေါ့။ သူတို့က ယာမားတွေဘာတွေ လုပ်ခဲ့တဲ့ လူတွေကိုး။ အပေးအယူတွေ ရှိမှာပေါ့။ ဝ’ ခေတ်ထလာတဲ့ အခါကျတော့ သူတို့ကိုယ်သူတို့ ရှမ်းတရုတ်လိုလို၊ ဝ’ လိုလို ဖြစ်လာကြတာပေါ့။ ဟိုတုန်းကတော့ ဝ’ တံဆိပ်ပါတဲ့ကား စီးတာပေါ့။ အခုတော့ သူတို့က ဒါတွေ နံပါတ်ပြောင်းထားတယ်လေ။ ဝ’ နဲ့ အဆက်အသွယ်ရှိတာတော့ definitely ပဲ” ဟု မြို့ခံက ပြောသည်။ ပြီးခဲ့သည့် ၄ နှစ်ကျော်ခန့်ကလည်း ပုန်းထွန်ရပ်ကွက် အတွင်းရေးမှူး ဦးကံမြင့်ဆိုသူကို ယခုကဲ့သို့ နေ့ခင်းကြောင်တောင် ပစ်သတ်ခဲ့မှုဖြစ်ဖူးကြောင်းနှင့် တရားခံစီးလာသည့် ကားအမျိုးအစားနှင့် နံပါတ်ကို အတိအကျ သိရသော်လည်း ဖမ်းမိခဲ့ခြင်း မရှိကြောင်း မြို့ခံများက ပြောသည်။ ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့သည် နယ်စပ်မှောင်ခိုလုပ်ငန်း၊ လူရောင်းဝယ်ရေးနှင့် မူးယစ်ဆေးဝါးရောင်းဝယ်ရေး လုပ်ငန်းများဖြင့် နာမည်ကြီးသည့် မြို့ဖြစ်သည်။ ယခုလ ၁၀ ရက်နေ့ကလည်း တာချီလိတ်မြို့ လွယ်တော်ခမ်း ပူးပေါင်းစစ်ဆင်ရေးစခန်း၌ မိုင်းဆတ်မှ တာချီလိတ်သို့ ဝင်ရောက်လာသော နစ်ဆန်း ၆ ဘီးကားပေါ်မှ ဘိန်းဖြူ ဘလောက်တုံး ၂၁၀၀ ကျော် (ကီလိုဂရမ် ၇၀၀ ကျော်) အပါအဝင် WY စာတမ်းပါ စိတ်ကြွမူးယစ်ဆေးပြား ၃ သိန်း ၄ သောင်းတို့ကို ဖမ်းမိကြောင်း ယခုလ ၁၆ ရက်ထုတ် မြန်မာ့အလင်းသတင်းစာက ဖော်ပြခဲ့သေးသည်။ |
No comments:
Post a Comment