Popular Posts

Thursday, September 24, 2009

Gamvai hanga thongkia khempeuh khahkhiat nading NLD in ngen!

နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်ပေးရန် NLD တောင်းဆို


ဒေါ်အောင်ဆန်း စုကြည်နှင့် ဦးတင်ဦး အပါအ၀င် နိုင်ငံရေး အကျဉ်းသားများကို အမြန်ဆုံး ပြန်လွှတ်ပေးရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က စစ်အစိုးရကို ယနေ့ တောင်းဆို လိုက်သည်။

NLD ပြန်ကြားရေးတာဝန်ခံ ဦးခင်မောင်ဆွေ က “နိုင်ငံရေးကြောင့် အကျဉ်းကျခံနေရတဲ့သူ တွေလွှတ်ပေးတာကို ကြိုဆိုပါတယ်၊နောက်ထပ်လည်း နိုင်ငံရေးအကျဉ်းသား တွေ လွှတ်ပေးဖို့ တောင်းဆိုတယ်၊ဒါကြောင့် ကြေညာ ချက် ထုတ်တာပါ”ဟု ဧရာဝတီသို့ ပြောသည်။

ယင်းကြေညာချက်တွင် တွေ့ဆုံဆွေးနွေးရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အစဉ်တစိုက် ကြိုးပမ်းနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးနှင့် အထွေထွေအတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အဖွဲ့ ၀င်များ၊ တိုင်ရင်းသားလူမျိုးများ၊ ၈၈မျိုးဆက်ကျောင်းသားများ အပါအ၀င် နိုင်ငံရေးအကျဉ်း သားများအားလုံးကို ခြွင်းချက် မရှိပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း ဖော်ပြထားသည်။

သို့သော်၂၀၀၉ခုနှစ် စက်တင်ဘာလ ၁၈ရက်နေ့က နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်အပါအ၀င် အကျဉ်းသား ၇၁၁၄ ဦးတို့ အကျဉ်းထောင်အသီးသီးမှ ပြန်လည်လွတ်မြောက်လာသည့်အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်မှ ကြိုဆို သည်ဟုလည်း ကြေညာချက်က ဆိုသည်။

ပြန်လည်လွတ်မြောက်လာသော အဖွဲ့ချုပ်အဖွဲ့ဝင်များသည် မိမိတို့ကျန်းမာရေး အခြေအနေပေါ်မူတည်၍ လိုအပ်သည်များ ကို ဆောင်ရွက်ပြီးစီးပါက မိမိတို့၏ မူလယုံကြည်ချက် ဖြစ်သော ဒီမိုကရေအရေးနှင့် လူအခွင့်ရေး ရရှိရန် ကြိုးပမ်းမှုတွင် ပြန်လည်ထမ်းဆောင်ကြရန် တိုက်တွန်ကြောင်း ယခုကြေညာချက်တွင် ပါရှိသည်။

လက်ရှိအချိန်အထိ ၎င်းတို့အဖွဲ့ဝင် ၃၇ ဦးပြန်လည်လွတ်မြောက်လာသည်ဟု NLD ကပြောသည်။

စစ်အစိုးရ အနေဖြင့် ယခုအခါ နိုင်ငံရေးအကျဉ်းသားများကို ပြန်လည်လွှတ်ပေးနေသည်ဟု ဆိုသော်လည်း မကြာသေးမီ ရက်ပိုင်းက နိုင်ငံရေးလှုပ်ရှားတက်ကြွသူများကို ပြန်လည်ဖမ်းဆီးမှုများ ရှိခဲ့ကြောင်းသိရသည်။

“အကျဉ်းသားတွေ လွှတ်ပေးတယ်၊ အခုပြန်ဖမ်းနေတယ်ဆိုတာကိုက စစ်အစိုးရဘက်က အသွင်ကူးပြောင်းရေးကာလ တခု ကို ရိုးရိုးသားသား မသွားချင်ဘူးဆိုတာ ကိုပြတာပဲ”ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ဆိုသည်။

ယနေ့ထုတ်စစ်အစိုးရ သတင်းစာများတွင် အမေရိကန်နိုင်ငံသားခံယူထားသည့် မြန်မာလူမျိုး ကိုညီညီအောင် ( ခ ) ကိုကျော်ဇောလွင် နှင့် ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်အစည်းအရုံး(All Arakan Students and Youth Congress - AASYC) မှ လူငယ်၁၆ဦးခန့်ကို ဖောက်ခွဲရေးပြုလုပ်ရန် ကြံစည်မှုဖြင့် ဖမ်းဆီးခဲ့ကြောင်း ဖော်ပြထားသည်။

“ဗုံးခွဲမှုနဲ့ စွပ်စွဲတာက အမှန်တရားနဲ့ဆန့်ကျင်ပြီး ပြောနေတာပဲ၊ နိုင်ငံတကာက ၀င်ရောက်စွက်လို့မရေအောင် ရည်ရွယ် ချက်ရှိရှိ စွပ်စွဲတာဖြစ်တယ်”ဟု ဦးဘိုကြည်က ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း မြင်းခြံမြို့တွင် နိုင်ငံရေးလှုပ်ရှားတက်ကြွသူ သံဃာတော် ၇ပါးနှင့် လူ ၅ဦးကိုလည်း ဖမ်းဆီးခဲ့သည်ဟုသိရသည်။

စစ်အစိုးရ၏ အကျဉ်းသားများပြန်လွှတ်ခြင်းကို နိုင်ငံတကာက အပြုသဘောဆောင်သည့် လုပ်ဆောင်မှု အဖြစ် ကြိုဆို ကြောင်း၊ မြန်မာပြည်သူအများစုကမူ နိုင်ငံတကာက အာရုံပြောင်းစေရန် လုပ်ဆောင်သော လှည့်ကွက် တခုဖြစ် ကြောင်း လည်း သုံးသပ်ပြောဆိုနေကြသည်။

မြန်မာနိုင်ငံတဝန်း အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသား ပေါင်း ၂၂၃၇ ဦးရှိကြောင်း AAPP ၏ စာရင်း အရ သိရသည်။

စစ်အစိုးရက ပုဒ်မ ၅( ည ) ၊ ပုဒ်မ ၁၇ ( ၁ ) ၊ ပုဒ်မ ၁၃ ( ၁ ) တို့ ဖြင့် ကျခံနေရသော အကျဉ်းသားများအပါအဝင် အကျဉ်းသား ၇၁၁၄ ဦးကို လွတ်ငြိမ်းသက်သာခွင့် ပြုရာတွင် ယနေ့ အထိ နိုင်ငံရေးအကျဉ်းသားပေါင်း ၁၂၈ ဦး လွတ်မြောက်လာခဲ့သည်ဟု AAPP မှ ဆိုသည်။

No comments:

Post a Comment