
Michelle Robinson Obama ၏ ဘဝမှတ်တမ်း
Tuesday, September 22, 2009 12:48 PM
Michelle Robinson Obama ကို ၁၉၆၄ခု၊ ဇန်န၀ါရီလ ၁၇ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။
ချီကာဂိုတောင်ဘက်ပိုင်းရဲ့  တိုက်ခန်းကျဉ်းလေးထဲမှာ
သူမရဲ့ အကို ကရိုက်ဂ်နှင့်အတူ ကြီးပြင်းခဲ့ရပါတယ်။
သူမရဲ့ အကိုနှင့် ၁၆လဘဲ ကွာတဲ့အတွက် သူတို့ကို အမြွာပူးလို့ ပတ်ဝန်းကျင်က ယူဆနေကြလေရဲ့ ။
မိဘနှစ်ပါးကတော့ ဖရေဇာနှင့်မာရီယန် (Fraser Robinson and Marian Shields)ပါ။ သူမရဲ့ အဖေက မြို့တော်ရေပေးစက်ရုံမှာ အလုပ်လုပ်နေတဲ့ သာမန်အလုပ်သမားဝန်ထမ်းတစ်ယောက်ဖြစ်ပြီး မာရီယန်ကတော့ အတွင်းရေးမှူးတစ်ယောက်ဖြစ်ပါတယ်။
သူမရဲ့ အဖေဘက်က တော်တဲ့ အဘီ(အဘိုးရဲ့ အဘိုး) ဂျင်ရောဘင်ဆင်ဟာ မြောက်ရိုကာလိုင်းနားက ကျေးကျွန်တစ်ယောက်ဖြစ်ပါတယ်။။ ဒါပေမဲ့ သူမရဲ့  အဘိုးလက်ထက်(၁၉၀၀ ပြည့်နှစ်များ)ရောက်တော့ ပြင်းထန်တဲ့ အရောင်အသွေးခွဲခြားမှုကနေ ရှောင်ရှားနိုင်ဖို့ ချီကာဂိုကို
ပြောင်းရွှေ့ နေထိုင်ခဲ့ပါတယ်။
သူမရဲ့ ဘ၀တစ်လျောက်လုံး လူဖြူမိသားစုတွေ လူနေမှုရှုပ်ထွေးတဲ့မြို့တွင်းကနေပြီး အေးဆေးတည်ငြိမ်တဲ့ မြို့ပြင်ဘက် ပြောင်းရွှေ့ သွားလာနေကြတာကို ကြည့်ရှုနေမိခဲ့ပါတယ်။ အဲဒီကာလဟာ The white flight of the 1960s and 1970s လို့ အမည်တွင်ပါတယ်။
အခက်အခဲကြားထဲကဘဲ သူမရဲ့ မိဘနှစ်ပါး (ဖရေဇာ+မာရီယန်)ဟာ မီရှယ်တို့မောင်နှမကို ပညာတတ်မြောက်အောင် သင်ကြားစေခဲ့ပါတယ်။ သူမဟာ ငယ်ရွယ်စဉ်ကထဲက ထက်မြက်တဲ့ မိန်းခလေးတစ်ယောက်ဖြစ်ခဲ့ပါတယ်။ အသက် ၄ နှစ်သမီးအရွယ်မှာတင် စာတွေကို ဖတ်တတ်နေပါပြီ။ ပြီးတော့ ဒုတိယတန်းကို ကျော်တက်ခွင့်ရပါတယ်။ ခြောက်တန်းရောက်တဲ့အခါကျတော့ ထူးချွန်ထက်မြက်တဲ့ ကျောင်းသားများအတွက် ဖွင့်ထားတဲ့အတန်းတွေကို သူမ စာရင်းပေးသွင်းပြီး အဲဒီအတန်းမှာဘဲ ပြင်သစ်စာပေကို သူမ သင်ယူတတ်မြောက်ခဲ့တာပါ။
ဆက်လက်ပြီး ထူးချွန်ထက်မြတ်တဲ့ ကျောင်းသားများအတွက် သီးသန့်ဖွင့်လှစ်ထားတဲ့ အထက်တန်းကျောင်း(Whitney Young High School)မှာ သူမတက်ရောက်ခဲ့ပြန်ပါတယ်။ တက်ရောက်နေစဉ်အတွင်း လူတော်တစ်ယောက်ဖြစ်ခဲ့ပြီး National Honor Society ရဲ့ အဖွဲ့ဝင်တစ်ယောက်လဲ ဖြစ်ခဲ့ပါတယ်။ ၁၉၈၁ အထက်တန်းကျောင်းကို Salutatorian အနေနဲ့ အောင်မြင်စွာ ပြီးစီးခဲ့ပြီး ၁၉၈၅ ခုနှစ်မှာ (Sociology and cum laude honors )ဘွဲ့ ကို Princeton University မှာ ရရှိခဲ့ပါတယ်။
သူမတင်သွင်းခဲ့တဲ့ ကျမ်းအမည်ကတော့ Princeton-Educated Blacks and the Black Community ဘဲ ဖြစ်ပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ မီရှယ်လေးဟာ Harvard Law School ဆက်လက်တက်ရောက်ပြီး ၁၉၈၈ ခုနှစ်မှာ JD ဘွဲ့ ကို ရရှိခဲ့ပါတယ်။ သူမဟာ အဲဒီကျောင်းကို ဘာရက်ခ် အိုဗားမားထက် တစ်နှစ်စောပြီးတက်ရောက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ဘွဲ့ ရပြီး တစ်နှစ်အထိ သူတို့နှစ်ယောက် အချင်းချင်း မတွေ့ရှိခဲ့ကြပါဘူး။
ဟားဗတ်တက္ကသိုလ်က ဘွဲ့ ရပြီးနောက် သူမဟာ ချီကာဂိုရဲ့  အဆင့်အမြင့်ဆုံး Law firm ဖြစ်တဲ့ Sidley Austin မှာ ရာထူးတစ်ခုကို လက်ခံလိုက်ပါတယ်။ ၁၉၈၉ ခုနှစ် နွေရာသီကာလမှာ ဘွဲ့ရအလုပ်သင်ဖြစ်တဲ့ ဥပဒေကျောင်းသားတစ်ယောက်ကို သူမကြီးကြပ်ပေးရပါတယ်။ အဲဒီကျောင်းသားနာမည်က ဘာရက်ခ် အိုဗားမား။ (ဆက်ဖတ်ရန်)
တွေ့ဆုံကြုံကြိုက်တာ များပြားလာတဲ့အတွက် ကြိုးချင်းထား ကြိုးချင်းညှိ၊ အိုးချင်းထား အိုးချင်းထိ စကားပုံအတိုင်း အိုဗားမားတစ်ယောက် သူမကို အစွဲလန်းကြီး စွဲလန်းနေမိပြီ။ သူလဲ နှလုံးသားရှိတဲ့ လောကီလူသားပေကိုး။
တစ်နေ့မှာ
အိုဗားမားက သူမကို အပြင်ထွက်လည်ဖို့ ပူဆာလာပါတယ်။ အစ ပထမမှာတော့ သူမက
သူ့ရဲ့ တောင်းဆိုချက်ကို ငြင်းပယ်လိုက်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူမကိုယ်တိုင်ဟာ သူ့ရဲ့  စူပါဗိုက်ဆာ တစ်ယောက်ဖြစ်နေတဲ့ အတွက်ကြောင့်ပါဘဲ။ ဒါပေမဲ့ အိုဗားမားဟာ ဇွဲလျော့သူတစ်ယောက်မဟုတ်ပါဘူး။ ထပ်ခါတစ်လဲလဲ ကြိုးစားချဉ်းကပ်ခဲ့ပါတယ်။ နောက်ဆုံးတော့လဲ (နောက်ဆုံးတော့ မင်းနဲ့မှ ချစ်တတ်ပြီပေါ့ ဆိုသလို) သူမကိုယ်တိုင်က သူ့ကို စွဲလန်းနေမိပါတော့တယ်။ အိုဗားမားရဲ့ မလျော့သော ဇွဲနှင့် အချစ်ပင်လယ်ကို ကူးခပ်ခြင်းကြောင့် မီရှယ်လေးရဲ့  အသည်းနှလုံးလဲ မမာကြောနိုင်တော့ပြီ။ ဒါကြောင့်မို့ တွန့်ဆုတ်တွန့်ဆုတ်ဟန်နဲ့ဘဲ သူမဟာ သူ့ကို လက်မြှောက်အရှုံးပေးလိုက်ရပါတော့တယ်။
သူတို့ရဲ့ ပထမဆုံး (Date) အပြင်မှာ ချိန်းတွေ့စဉ်တုန်းက the Spike Lee ရုပ်ရှင်ရုံမှာ Do the Right Thing အမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားကို အတူတူကြည့်ခဲ့ကြပါတယ်။ ရုပ်ရှင်ပွဲအပြီးမှာတော့ အိုးဗားဟာ သူမကို (Community organizing meeting) အစည်းအဝေးတစ်ခုသို့ ဆောင်ခေါ်သွားခဲ့ပါတော့တယ်။ တိုတိုချုံးရရင်တော့ သူတို့နှစ်ဦးဟာ ၁၉၉၂ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့မှာ လက်ထပ်မင်္ဂလာပြုခဲ့ကြပါတယ်။
လက်ထပ်ပြီး မကြာမြင့်မီမှာဘဲ မီရှယ်လေးဟာ Law Firm ကထွက်ခွါခဲ့ပါတယ်။ ထို့နောက် ချီကာဂိုမှာရှိတဲ့ non-profit leadership program ဖြစ်တဲ့ Public Allies မှာ အမှုဆောင် ဒါရိုက်တာ အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အိုဗားမားကိုယ်တိုင်ကလဲ အကျိုးအမြတ်မယူသော အဖွဲ့အစည်းတစ်ခုမှာ စေတနာ့ဝန်ထမ်းအဖြစ် အလုပ်ဝင်ခဲ့ပါတယ်။ တစ်ဘက်တစ်လမ်းကလဲ သူ့ရဲ့ နိုင်ငံရေး ရည်မှန်းချက်အတွက် စွမ်းဆောင်ရင်းပေါ့။
အိုဗားမားဟာ အီလီနွိုက်ပြည်နယ်ရဲ့ အထက်လွတ်တော်အမတ်အဖြစ် ၁၉၉၆ ခုနှစ်မှာ အရွေးချယ်ခံခဲ့ရပါတယ်။ အဲဒီနှစ်မှာဘဲ မီရှယ်လေးဟာလဲ ချီကာဂိုတက္ကသိုလ်မှာ ကျောင်းသားရေးရာအဖွဲ့အစည်းရဲ့  တွဲဖက် မဟာဌာနမှူးဖြစ်ခဲ့ပြီး တက္ကသိုလ်ရဲ့ ပထမဦးဆုံး အဖွဲ့အစည်းလုပ်ငန်းကို မြှင့်တင်ပေးနိုင်ခဲ့ပါတယ်။ သူမဟာ ချီကာဂိုမြို့တော်ဝန် ရစ်ချတ်ဒလေရဲ့  လက်ထောက်တာဝန်နှင့် မြို့တော်တိုးတက်ရေးအဖွဲ့မှာလဲ လက်ထောက် ကော်မစ်ရှင်နာ တာဝန်ကိုယူကာ မြို့တော်အစိုးရအတွက် နှစ်အနည်းငယ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
အိုဗားမားနှင့်မီရှယ်လေးတို့ဟာ ကလေးရဖို့အတွက် ၇ နှစ်နီးပါး စောင့်မျှော်ခဲ့ရပါတယ်။ ပထမသမီးဖြစ်တဲ့ မလိယအန်း (Malia Ann)ကို ၁၉၉၉ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ အဲဒီနောက် ဒုတိယသမီးဖြစ်တဲ့ နတရှ (Natasha [ often called "Sasha"])ကို နှစ်နှစ်အကြာ ၂၀၀၁ နှစ်မှာ မွေးဖွားခဲ့ပါတယ်.
ကလေးတွေ မရခင်ကတည်းက အိုဗားမားနှင့်မီရှယ်လေးတို့ဟာ သဘောတူညီမှုတစ်ခု ပြုလုပ်ခဲ့ကြတယ်။ နေ့စဉ် ညနေစာကို မိသားစု စုံစုံလင်လင် ပျော်ရွှင်စွာ အတူတကွစားသောက်ကြဖို့ပေါ့။ ဒါပေမဲ့ အိုဗားမားဟာ နိုင်ငံရေး စတင်လုပ်တဲ့ အချိန်ကစပြီး ညပေါင်းများစွာ မိသားစုနဲ့ ဝေးရာမှာ နေထိုင်ခဲ့ရပါတယ်။ သူ့ရဲ့  စံပြမိသားစုဘ၀ပုံစံလေးက လမ်းတစ်ဝက်မှာတင် ပြိုလဲခဲ့ရပါတယ်။
အဲဒီလို အခြေအနေမှာ မီရှယ်လေးတစ်ယောက်ဟာ သူအမျိုးသားက ကတိအတိုင်း ဘ၀ကို မဖြတ်သန်းဘူး (ကတိမတည်ဘူး) ဆိုပြီး စိတ်မချမ်းမမြည့်ဖြစ်နေလေရဲ့ ။ အဲဒီလို အိုဗားမား အိမ်မကပ်တာ၊ မီရှယ်လေး စိတ်ဆင်းရဲနေတာတွေဟာ သူတို့ရဲ့  မိသားစုအတွင်း အချင်းချင်း မပြေလည်မှုတွေကို နှစ်အတော်များများ ဖြစ်ပွါးစေခဲ့ပါတယ်။
မီရှယ်လေးက သူမဖာသာ စဉ်းစားနေမိတယ်။ ငါ ဘယ်လို ဘ၀မျိုးကို ရရှိနေပါလိမ့်ပေါ့။ ဒါပေမဲ့ သူမဟာ သူမအမေနှင့်သူမရဲ့  မိန်းခလေးသူငယ်ချင်းတွေရဲ့  ကူညီမှုကို ရရှိခဲ့ပါတယ်။ ကလေးတွေကို ပြုစုစောင့်ရှောက်ဖို့ပေါ့။ အဲဒီ အခါကျမှဘဲ အိုဗားမားနှင့်မီရှယ်လေးတို့ရဲ့ အပေါ် ကျရောက်နေတဲ့ စိတ်ဖိစီးမှုတွေ သိသိသာသာ သက်သာသွားစေပါတယ်။ သူတို့ရဲ့  အိမ်ထောင်ရေးဘ၀ဟာလဲ တစ်ဖန်ပြန်လည် သာယာစိုပြေခဲ့ပါတယ်။
မီရှယ်လေးရဲ့  ဘ၀ကမ္ဘာလေးဟာ သူမအမျိုးအတွက်နှင့်ကလေးတွေအတွက် စီမံမှုတွေနဲ့ဘဲ အချိန်ကုန်ခဲ့တာ များပါတယ်။ နေ့စဉ် သူမရဲ့ ကလေးတွေဖြစ်တဲ့ မာလိယ နှင့် နတရှတို့အတွက် ကစားဖို့အချိန် စားဖို့အချိန်စတာတွေကို သေချာစာရင်းပြုစုပြီး အချိန်စာရင်းဆွဲရပါတယ်။ မီရှယ်လေးဟာ ညအခါမှာ ကိုးနာရီခွဲအိပ်ရာဝင်လေ့ရှိပြီး မနက် လေးနာရီခွဲမှာ အိပ်ရာက ထလေ့ရှိပါတယ်။ မိသားစုအရေး ကြိုတင်စီမံမှုတွေအတွက် အနည်းဆုံး တစ်နာရီ အချိန်ပေးရပါတယ်။
သူတို့ကို ရှောင်တခင်လေ့လာသူတွေအနေနဲ့ကတော့ သူတို့ရဲ့ အိမ်ထောင်ရေးဟာ ဒဏ္ဍာရီဆန်ဆန် ဆန်းပြားနေသလို ထင်ရပါတယ်။ သူတို့နှင့်အရင်းနှီးဆုံး သူငယ်ချင်းတွေတောင်မှ သူတို့ရဲ့  အိမ်ထောင်ရေးဘ၀ကို မျက်စိခပ်လည်လည်ဖြစ်နေကြလေရဲ့ ။ တစ်ချို့ သူတွေက သူတို့ရဲ့ မိသားစုကို မီရှယ်လေးကဘဲ ကြိုးကိုင်နေတယ်လို့ ထင်မြင်ချက်ပေးကြတယ်။ဒါပေမဲ့ အခြားသူတွေပြောဆိုကြတာကတော့ သူတို့နှစ်ယောက်ဟာ သာတူညီမျှပေါင်းဖော်ကြတဲ့ စုံတွဲပါ၊ တကယ်လို့ သမ္မတရာထူးဟာ မီးရှယ်လေးအတွက် မဟုတ်ခဲ့ဘူးဆိုရင် အိုဗားမားတစ်ယောက် အမေရိကန်သမ္မတဖြစ်လာစရာ အကြောင်းမရှိပါဘူးတဲ့။
၂၀၀၄ ခုနှစ်မှာ အိုးဗားဟာ အရှိန်အဟုန်နဲ့ နာမည်ကြီးလာခဲ့ပါတယ်။ အထက်လွတ်တော်အမတ်ရာထူးအတွက် ကြိုးစားရင်း အမျိုးသားဒီမိုကရက်တစ်ညီလာခံမှာ ပြောခဲ့တဲ့ အထူးမိန့်ခွန်းကြောင့်ဘဲဖြစ်ပါတယ်။
သူ့ရဲ့ မိန့်ခွန်းက ပြည်သူလူထုတွေရဲ့ စိတ်ကို ထိထိရောက်ရောက် ဖမ်းစားနိုင်တယ်ဆိုပေမဲ့ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ အဓိကကူညီပေးခဲ့တာက မီရှယ်လေးပါ။ မီရှယ်လေးမှာ လုပ်ငန်းရာထူးနဲ့ပတ်သက်ပြီး မိတ်ဆွေသူငယ်ချင်းတွေ များစွာရှိခဲ့ပါတယ်။ လုပ်ငန်းရှင်တွေ အပါအ၀င်ပေါ့။ ဒါကြောင့်မို့ အဲဒီလုပ်ငန်းရှင်တွေ လူမည်းစီးပွါးရေး ခေါင်းဆောင်တွေက အိုဗားမားကို အပြတ်အသတ်ထောက်ခံခဲ့ကြပါတယ်။ အိုဗားမားကိုယ်တိုင်မှာ မိတ်ဆွေတွေ ပေါများတယ်ဆိုပေမဲ့ အများစုထောက်ခံမဲ ပေးကြသူတွေအနေနဲ့ မီရှယ်လေးရဲ့  မိတ်ဆွေတွေက ပိုများပါတယ်
နောက်ဆုံးမှာတော့ အိုဗားမားဟာ အမေရိကန် အထက်လွတ်တော်အမတ်အဖြစ် ရွေးကောက်တင်မြောက်ခံခဲ့ရပါတယ်။ အိုဗားမား လွတ်တော်ရွေးကောက်ပွဲမှာ အနိုင်ရပေမဲ့လဲ မီရှယ်လေးဟာ သူမရဲ့ လုပ်ငန်းကို မစွန့်လွတ်ခဲ့ပါဘူး။ သူတို့ဇနီးမောင်နှံ အကောင်းဆုံး ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ကြတယ်။ ဒီအတောအတွင်း အိုဗားမားက ၀ါရှင်တန်မှာ နေထိုင်ပြီး မီရှယ်ကတော့ လက်ရှိလုပ်ငန်းလုပ်ကိုင်ရာ ချီကာဂိုမှာ ကလေးတွေနှင့်အတူနေရစ်ဖို့ပါ။
သူမဟာ အလုပ်ထဲမှာဘဲ စိတ်ကို နစ်ထားနေလေရဲ့ ။
သူမရဲ့ ကြိုးစားအားထုတ်မှုကြောင့် ၂၀၀၅ ခုနှစ်မှာ သူမဟာ ချီကာဂိုဆေးတက္ကသိုလ် University of Chicago Medical Center) မှာရှိတဲ့ Community Relations and External Affairs ဌာနမှာ ဒုတိယအကြီးအကဲရာထူးကို လက်ခံရရှိခဲ့ပါတယ်။
အစပထမမှာတော့ မီရှယ်လေးဟာ သူမရဲ့ အမျိုးသား သမ္မတရာထူးအတွက် လှုပ်ရှားနေတာကို မကြိုက်နှစ်ခဲ့ပါဘူး။ အမေရိကန်ရဲ့  အကြီးမားဆုံးရာထူးဟာ အန္တရာယ်နှင့်မကင်းဘူးဆိုတာ သူမကောင်းကောင်းနားလည်ပါတယ်။ ဒါကြောင့်မို့ မိသားစု စိတ်အနှောင့်အယှက်ဖြစ်စေမဲ့ ကိစ္စမျိုးကို မလုပ်စေချင်ပါဘူး။
ပြီးတော့ လူမျိုးရေးခွဲခြားတဲ့လူတစ်ချို့ ကြောင့် သူမတို့ မိသားစုကို ကျည်ဆံတစ်ထောင့်ထဲနဲ့ ဖြိုခွင်းပျက်စီးစေနိုင်တာကိုလဲ သူမ အရမ်းစိုးရိမ်နေပါတယ်။ စိုးရိမ်မယ်ဆိုရင်လဲ စိုးရိမ်သင့်ပါတယ်။ သူတို့က လူမည်းမိသားစုမဟုတ်လား။ အမေရိကန်နိုင်ငံမှာ လူမည်းတွေ သမ္မတဖြစ်ဖို့ နေနေသာသာ လူဖြူတွေနည်းတူ လူတန်းစေ့နေထိုင်ခွင့်ရရှိအောင်တောင်မှ အသက်သွေးချွေးများစွာ ပေးဆပ်ခဲ့ရတယ်မဟုတ်ပါလား။
ဒါပေမဲ့.. နောက်ဆုံးမှာတော့ သူမဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာချလိုက်ပါတယ်။ သူ့အမျိုးသားကို အပြည့်အ၀ ထောက်ခံအားပေးဖို့ပေါ့။ ဆုံးဖြတ်ချက်ချပြီးနောက် သူမဟာ စိတ်ပါလက်ပါ(တက်ကြွစွာ)နဲ့ စိတ်နစ်ပြီး သူမရဲ့ အမျိုးသားတစ်ယောက် အမေရိကန်တစ်ပြည်ထောင်စုလုံးရဲ့  အဆင့်မြင့်ဆုံးရုံးမှာ အဆင့်မြင့်ဆုံးရာထူးရရှိဖို့ ရာနှုန်းပြည့် ထောက်ခံအားပေးခဲ့ပါတယ်။
သူမ အားပေးရကျိုး (ပင်ပန်းရကျိုး)နပ်ခဲ့ပါတယ်။ ၂၀၀၈ နိုဝင်ဘာလ ၄ ရက်နေ့မှာ ပြုလုပ်ကျင်းပခဲ့တဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အိုဗားမားဟာ ပြိုင်ဘက် ဂျွန်မက်ကိန်းကို မဲပြတ်နဲ့ အနိုင်ရရှိပြီး အမေရိကန်ရဲ့  ၄၄ ဆက်မြောက်သမ္မတ (ပထမဦးဆုံး လူမည်းသမ္မတ) အဖြစ် အရွေးချယ်ခံခဲ့ရပါတယ်။ ကမ္ဘာအရပ်ရပ်ရှိ လူမည်းမျိုးနွယ်စုတွေအတွက်ကတော့ ဧရာမအောင်ပွဲကြီးတစ်ခုအဖြစ် ဂုဏ်ယူချင်စရာအတိဖြစ်နေလေရဲ့ ။ မီရှယ်လေးလဲ ပျော်တပြုံးပြုံးနဲ့ပေါ့။ ။
အခုဆိုရင် မီရှယ်လေးဟာ အမေရိကန်နိုင်ငံရဲ့  (First Lady) သမ္မတကတော်တစ်ယောက် ဖြစ်နေပါပြီ။ ဒါပေမဲ့ သူမဟာ ဇနီးတစ်ယောက်၊ မိခင်တစ်ယောက်၊ ရှေ့ နေတစ်ယောက်၊ လှုပ်ရှားယှဉ်ပြိုင်နေသူတစ်ယောက်ဆိုတာ ဘယ်တော့မှ မမေ့ပါဘူး။ ပထမဦးဆုံး စတိတ်ခုံပေါ်တက်ခွင့်ရတဲ့ အချိန်ကစပြီး သူမရဲ့  ဆွဲဆောင်မှုရှိတဲ့ သွင်ပြင်၊ ခြေဆုံးခေါင်းဆုံးကြည့်ကောင်းတဲ့ ဥပဓိရုပ်ရည်၊ ထူးခြားတဲ့ ဟာသဥာဏ်ရှိမှုတွေက ကမ္ဘာတစ်ဝှမ်းလုံးကို အာရုံပြုဖမ်းစားစေခဲ့ပါတယ်။
သမ္မတကတော်ရဲ့ သမိုင်းဝင်စေမဲ့ အထောက်အထားတွေဟာ ရံခါ ငြင်းခုံမှု၊ ရံဖန် ဆွဲဆောင်မှု၊ တစ်ခါတစ်ရံ ရယ်ရွှင်ကြည်နူးဖွယ်ဖြစ်မှုတွေနဲ့ ရောပြွမ်းနေပါတယ်။ အဲဒါတွေကဘဲ သူမဘ၀ရဲ့  အလင်းတန်းလေးကို ဖော်ဆောင်လို့နေပါတော့တယ်။
သူမဟာ မိန်းမသားပေမဲ့ တစ်ကြိမ်ထဲနဲ့ တာဝန်များစွာကို ကျေပွန်စွာ ထမ်းဆောင်နေပါတယ်။ အိမ်ဖြူတော်မှာရှိတဲ့ သူမရဲ့  အခန်းကဏ္ဍ၊ သူမရဲ့  ကိုယ်ပိုင် အလုပ်အကိုင်၊ မိခင်အဖြစ်၊ ရှေ့ နေ၊ သူမကိုယ်တိုင်ရဲ့  အထွေထွေပြဿနာ.... စတဲ့ စတဲ့ လုပ်ငန်းပေါင်းများစွာ၊ စိတ်လှုပ်ရှားမှုများစွာ၊ တက်ကြွမှုများစွာတို့ဟာ
သူမရဲ့ အလှ၊ သူမရဲ့ ဘ၀၊ သူမရဲ့  စိတ်ဓါတ်တို့ကို ထုတ်ဖော်ပြသနေပါတော့တယ်။
ဒါကြောင့် လူအများက သူမကို အဆင့်မြင့်မိန်းမသား (Extraordinary Woman) လို့ ကင်မွန်းတပ်ထားကြကြောင်းပါခင်များ။ ။
....
သူမပြောခဲ့တဲ့ စကားတစ်ချို့ ပါ
"The world is as it is just won't do......
we have an obligation to fight for the world as it should be.."
ငါတို့မကြိုးစားရင် ကမ္ဘာကြီးက ဘာမှ လုပ်ပေးမှာ မဟုတ်ဘူး...
ကမ္ဘာကြီးအတွက် ဖြစ်သင့်တာတွေဖြစ်လာအောင် ငါတို့ကိုယ်စီမှာ ကြိုးစားလှုပ်ရှားကြဖို့ တာဝန်အသီးသီးရှိကြတယ်...
....
"The difference between me and every other woman that I know is that my challenges are publicized, and I'm doing this juggling in front of cameras"
ကျမသိတဲ့ ကျမနှင့်အခြားအမျိုးသမီး ခြားနားမှုကတော့ ကျမက လူသိရှင်ကြားစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရတယ်၊ ပြီးတော့ အရေးကြီးတဲ့ လုပ်ငန်းတွေကို ကင်မရာများစွာ ရှေ့ မှာ လုပ်ကိုင်နေရတယ်...
Give yourself the space to think about who you are, who you want to be....
သင်ဘယ်သူလဲ၊ သင်ဘာဖြစ်ချင်သလဲ ဆိုတာကို စဉ်းစားတွေးခေါ်ဖို့ သင့်ကိုသင် အချိန်အတိုင်းအတာတစ်ခု ပေးလိုက်ပါ...
....
သတင်းစာအသီးသီးကလဲ သူမကို အခုလို ဖော်ကျူးထားကြလေရဲ့ 
"The dresses, the brains, the Vogue cover shoot-everything so far about Michelle Obama has left us wide-mouthed in admiration" (The Times)
မီရှယ်ရဲ့ ဝတ်စားဆင်ယင်မှု၊ ဥာဏ်ပညာရှိမှု၊ သတင်းမီဒီယာတွေရဲ့  စိတ်ဝင်စားခံရမှုတို့ဟာ ကျနော်တို့ကို ပါးစပ်အဟောင်းသားဖြစ်ရလောက်အောင် လေးစားမြတ်နိုးမှု ဖြစ်စေပါတယ်။
...
"She is the prime witness to Obama the human being rather than Obama the political phenomenon" (Guardian)
သူမဟာ နိုင်ငံရေးသမား အိုဗားမားထက် လူသားတစ်ဦးဖြစ်တဲ့ အိုဗားမားရဲ့  အဓိကသက်သေတစ်ယောက်ပါ..
...
"A key player in Barack Obama's historic White House triumph" (Daily Mail)
သူမဟာ အိုဗားမားရဲ့  သမိုင်းဝင် အိမ်ဖြူတော်အောင်ပွဲအတွက် အဓိက အခန်းကဏ္ဍမှာ ပါဝင်ခဲ့တယ်။
....
ဝန်ခံချက်။
ဖော်ပြပါ အားလုံးဟာ Michelle Obama in her own words စာအုပ်ထဲမှ သူမရဲ့  အတ္ထုပ္ပတ္တိအကျဉ်းနှင့်စကားစုအချို့ ကို အနီးစပ်ဆုံးဘာသာပြန်ထားခြင်း ဖြစ်ပါတယ်။ တစ်စုံတစ်ခု မှားယွင်းခဲ့ရင် ဘာသာပြန်သူ ကျနော့်ရဲ့  ဥာဏ်နည်းမှုကြောင့်သာ ဖြစ်ပါတယ်။
အားလုံး ကြည်လင်ရွှင်ပြုံးနိုင်ကြပါစေ။ ။
Ko Ko Maung (UK)
http://kokomaunguk.blogspot.com/
တရုတ်နဲ့ အမေရိကန် နိုင်ငံရေးကစားကွက်ထဲက စစ်အစိုးရ
Tuesday, September 22, 2009 12:37 PM
No comments:
Post a Comment